ဗျာဒိတ်ကျမ်း - ၈

သတ္တမတံဆိပ်
1သတ္တမတံဆိပ်ကို ဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ၏။- 2ဘုရားသခင့်ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကို ပေး၏။- 3ကောင်းကင်တမန်တစ်ပါးသည် လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူအပေါင်းတို့၏ ပတ္ထနာနှင့်အတူ ဆက်ကပ်ခြင်းငှာ၊ မီးရှို့သော နံ့သာပေါင်းအများကို ထိုသူ၌ပေး၏။-အာ၊ ၉:၁။ 4မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ပတ္ထနာများနှင့်အတူ ကောင်းကင်တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။- 5ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့်ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။ဝတ်၊ ၁၆:၁၂။ ယေဇ၊ ၁၀:၂။ ထွ၊ ၁၉:၁၆။ ဗျာ၊ ၁၁:၁၉၊ ၁၆:၁၈။
တံပိုးခုနစ်လုံး
6တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှာ မိမိတို့ကို ပြင်ဆင်ကြ၏။- 7ပထမသူသည် တံပိုးမှုတ်သောအခါ မိုးသီးဖြစ်၏။ အသွေးနှင့် ရောနှောသောမီးလည်း ဖြစ်၏။ မြေကြီးအပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစ်စု၊ သစ်ပင်သုံးစုတစ်စု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင်လေ၏။-ထွ၊ ၉:၂၃-၂၅။ ယေဇ၊ ၃၈:၂၂။ 8ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစ်စုသည် အသွေးဖြစ်၏။- 9ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစ်စုလည်း သေ၏။ သင်္ဘောသုံးစုတစ်စုလည်း ပျက်၏။- 10တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစ်စုသို့လည်းကောင်း၊ စမ်းရေတွင်းသို့လည်းကောင်း ရောက်၏။-ဟေရှာ၊ ၁၄:၁၂။ 11ထိုကြယ်သည် ဒေါနရွက်ဟူသောအမည် ရှိ၏။ ရေသုံးစုတစ်စုသည် ဒေါနရွက်ဖြစ်၍ ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။-ယေ၊ ၉:၁၅။ 12စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစ်စု၊ လသုံးစုတစ်စု၊ ကြယ်သုံးစုတစ်စုကြတ်၍ သုံးစုတစ်စု မိုက်လေ၏။ နေ့သုံးစုတစ်စု၊ ညသုံးစုတစ်စုသည် အလင်းမရှိ၊-ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊၃၁၊ ၃:၁၅။ 13ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတတစ်ကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန်သုံးပါး မှုတ်လုလတ္တံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင်အလယ်၌ ပျံဝဲ၍ ကြီးသောအသံနှင့် ဆိုသည်ကို ငါကြား၏။

ဗျာဒိတ်ကျမ်း - ၈ (အနက်ဖွင့်)

၉။ သတ္တမမြောက်တံဆိပ်နှင့် တံပိုးခုနှစ်လက် စတင်မှုတ်ခြင်း (အခန်း )

          : အခန်း ၇နှင့် ၈အကြားတွင် ကြားညှပ်၍ ဘေးဒဏ်ကြီးကာလမှ သန့်ရှင်းသောလူ(၂)စုကို တွေ့ရသည်။ ယခု သတ္တမမြောက်နှင့် နောက်ဆုံးတံဆိပ်ဖွင့်ရမည်။ ထိုတံဆိပ်ဖွင့်ခါနီးတွင် ကောင်းကင်နိုင်ငံ၌ မိနစ် (၃၀) ငြိမ်သက်တိတ်ဆိတ်နေကြောင်း သိရသည်။ လေးနက်လှသော အမှုအရာပေတည်း။

          : သတ္တမတံဆိပ် ဖွင့်ဖောက်ချက်နှင့် ပတ်သက်၍ သီးသန့်မရှိပါ။ တံပိုး(၇)လက် တွေ့သည့် အကြောင်းသာ ဖြစ်သည်။ ဤကျမ်းပိုဒ်မှစ၍ သတ္တမတံဆိပ်နှင့် တံပိုး()လက် ဆက်နွယ်ပါဝင်ပုံကို လေ့လာကြရမည်။

           ဤကျမ်းပိုဒ်မှ ကောင်းကင်နိုင်ငံသားသည် သခင်ယေရှုဖြစ်ကြောင်း နားလည်ရမည်။ ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါကောင်းကင်သားဟု ဆိုသည် (က ၁၆:၁၃၊ ၃၁:၁၁-၁၃၊ တရား ၆:၂၂၊ ဟောရှေ့ ၁၂:၃-၄)။ သန့်ရှင်းသူများသည် ထိုကောင်းကင်သားများမှတဆင့် အဖဘုရားထံတော်သို့ ဆုတောင်းကြရသည် (ဧ ၂:၁၈) မီးရှို့ နံ့သာပေါင်းကို ကိုင်ဆောင်၏။ မီးရှို့နံ့သာဆိုသည်မှာ သားတော်ပြုသော အမှုများဖြစ်သည်။ မီးရှို့နံ့သာသည် သန့်ရှင်းသူများ၏ ပဌာနများနှင့်အတူ ကောင်းကင် တမန်လက်ထဲမှ ဘုရားသခင်ရှေ့တော်သို့ ရောက်၏။

ဆုတောင်းသူများမှာ ဘေးဒဏ်ကြီးကာလမှ သန့်ရှင်းသူများဖြစ်သည်။ ရန်သူများကို ဘုရားသခင်က အပြစ်စီရင်ပေးသည်။ ဆုတောင်းသံများကိုလည်း ဘုရားသခင် နားညောင်းတော်မူသည်။

          : ဆုတောင်းသံများကို ဘုရားသခင်က အဖြေပေးတော်မူသောကြောင့် ကောင်းကင်တမန်သည် လင်ဗန်းကို မြေကြီးပေါ်သို့ ချလိုက်သည်။ ထိုအသံသည် မိုးချုန်း၍ လျှပ်စစ်ပြက်သည့်ပမာ မြေကြီးတုန်လှုပ်သွားသည်။ ထိုအကြောင်းကို H-B-Swete က”ထိုသန့်ရှင်းသူများ၏ ဆုတောင်းသံများသည် ကမ္ဘာမြေကြီးပေါ်သို့ အမျက်ဒေါသအဖြစ် ပြန်ရောက်လာသည်” ဟုဆိုသည်၁၇။ ထိုတံပိုးမှုတ်သံသည် လောကကြီးအား ကြီးမားစွာ တုန်လှုပ်စေသည်။

: ဘေးဒဏ်ကြီးကာလ အလယ်ခေါင်ရောက်နေကြပြီ။ ထိုတံပိုး(၇)လက် မှုတ်သည့် အချိန်သည် ခရစ်တော်လောကကြီးသို့ ကြွလာခြင်းဖြစ်သည်။ ရန်သူများကို အနိုင်ယူ၍ နိုင်ငံတော်တည်တံမည့် အကြောင်းဖြစ်သည်။ ပထမ(၄)လက်သည် လူ့သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်ပြီး၊ ဒုတိယ(၃)လက်သည် ထိုလူသားများနှင့် သက်ဆိုင်သည်။ ကျမ်းစာဝေဖန် ရေးသမားများက ဤအဖြစ်သနစ်သည် ရှေးအဲဂုတ္တုပြည်တွင် ကျရောက်သော ပလိပ်ရောဂါနှင့်ဆင်တူသည်ဟု ခိုင်းနှိုင်းကြသည် (ထွ ၇-၁၂)။

: ပထမ ကောင်းကင်တံပိုးမှုတ်သောအခါ မြေကြီး၏ သုံးစုတစု ( NKJV Margin) ရှိ သစ်ပင်၊ မြက်ပင်များသည် မိုးသီးကြောင့် မီးထလောင်ကုန်သည်။ သွေးရောနှောသော မီးဖြစ်သွားသည်။ လူ့အသက်ရှင်ရာစားသောက်စရာနှင့် နေစရာမရှိအောင် ပတ်ဝန်းကျင် တခုလုံးပျက်စီးသည်။

          : ဒုတိယတံပိုးမှုတ်သောအခါ မီးလောင်နေသော ထိုတောင်ကြီးကို ပင်လယ်ထဲသို့ လှဲချလိုက် သကဲသို့ ပင်လယ်၏ သုံးစုတစုသည် သွေးများဖြင့် နီရဲ၏။ ရေသတ္တဝါ သုံးပုံတပုံ ပျက်စီးသေကြေကြ၍၊ လှေသင်္ဘောများ သုံးပုံတပုံလည်း ပျက်စီးကုန်သည်။ သင်္ဘောပျက်ခြင်းသည် တနေရာနှင့်တနေရာ ကူးသန်းရောင်းဝယ်ခြင်း မပြုနိုင်သဖြင့် အစာရေစာ ရှားပါးမည့် အကြောင်းဖြစ်သည်။

:၁၀၁၁ တတိယတံပိုးမှုတ်သောအခါ ထွန်းတောက်ကြယ်ကြီးသည် မြစ်သုံးစုတစ်စုထဲသို့ ကျလာသည်။ ရေအားလုံးခါးကုန်သည်။ ရေခါးသည် အဆိပ်အတောက်ဖြစ်သောကြောင့် လူများစွာ သေစေသည်။ ထိုတံပိုးမှုတ်သောအခါ လောကသားများသည် ရှင်းလင်းစွာကြားသိရမည်။ ဤပရောဖက်ပြုချက်အားဖြင့် ထိုတံပိုးမှုတ်သည့်တိုင်အောင် မထင်မရှားသော အရာများ ရှိသည်ဟုဆိုလိုသည်။

          :၁၂ စတုတ္ထကောင်းကင်တမန် မှုတ်သောအခါ နေ၊ လ၊ ကြယ်များသည်လည်း သုံးစုတစုစီ ပျက်စီးမှောင်ရိပ်ကျသွားမည်။ သုံးပုံနှစ်ပုံသာလျှင် ပုံမှန်အတိုင်းလင်းနေမည်။ အဲဂုတ္တုပြည်၌ မှောင်ရိပ်ကျခြင်းနှင့် ဆင်တူနေသည်။

:၁၃ ရွှေလင်းတတစ်ကောင် (NKJV Margin)၁၈ က နောက်တံပိုး(၃)လက် မမှုတ်ခင်တွင် လောကကြီးကဲ့သို့ ပျံဝဲ၍ အမင်္ဂလာ၊ အမင်္ဂလာရှိသည်ဟု ဆို၏။ ထိုအသံသည် လောကကြီးပေါ်မှာရှိနေသော မယုံကြည်သူများကို ဆိုလိုသည်။ ထိုတံပိုး(၃)လက်အတွက် သတိပေးချက်သည်လည်း ကြားနေသူတိုင်း နားလည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ကို ရည်ညွှန်းထားသောကြောင့်တည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။