ဗျာဒိတ်ကျမ်း - ၁၇

ပြည့်တန်ဆာကြီးနှင့်သားရဲ
1ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တစ်ပါးသည်လာပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည့်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။-ယေ၊ ၅၁:၁၃။ 2လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊-ဟေရှာ၊ ၂၃:၁၇။ ယေ၊ ၅၁:၇။ 3ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့်အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။-ဗျာ၊ ၁၃:၁။ 4ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်လည်းကောင်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။-ယေ၊ ၅၁:၇။ 5နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုပ်ရွံရှာဖွယ်သော အရာတို့၏အမိ ပေတည်း။- 6ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။
7ကောင်းကင်တမန်ကလည်း၊ အဘယ်ကြောင့် အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသော အရာကိုလည်းကောင်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကိုလည်းကောင်း၊ ငါပြောမည်။- 8ယခုမြင်သော သားရဲသည် ဖြစ်ဖူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဖူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတ္တံ့သောသားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။-ဒံ၊ ၇:၇။ ဗျာ၊ ၁၁:၇။ ဆာ၊ ၆၉:၂၈။ 9ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဉာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား၊ မိန်းမထိုင်သော တောင်ခုနစ်လုံး ဖြစ်၏။- 10ရှင်ဘုရင်ခုနစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီး၊ တစ်ပါးရှိသေး၏။ တစ်ပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တစ်ခဏသာတည်လိမ့်မည်။- 11ဖြစ်ဖူး၍ ဖြစ်ဆဲမရှိသော သားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်း ဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။- 12ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ တစ်ချက်တည်း ရကြလိမ့်မည်။-ဒံ၊ ၇:၂၄။ 13ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။- 14သူတို့သည် သိုးသငယ်ကို စစ်တိုက်၍ သိုးသငယ်သည် နိုင်တော်မူမည်။ အကြောင်းမူကား၊ သိုးသငယ်သည် သခင်တို့၏သခင်၊ ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့် အတူရှိသော သူတို့သည်လည်း ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြ၏။- 15ယခုမြင်၍ ပြည့်တန်ဆာထိုင်သော ရေကား၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးအစုစု ဖြစ်သတည်း။- 16ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည့်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကို ချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။- 17သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်းငှာလည်းကောင်း၊ နှုတ်ကပတ်တော် မပြည့်စုံမီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌ အပ်ပေးခြင်းငှာလည်းကောင်း၊ ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။- 18ယခုမြင်သော မိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို၏။

ဗျာဒိတ်ကျမ်း - ၁၇ (အနက်ဖွင့်)

(ဗာဗလုန်မြို့ကြီး ပြိုကျခြင်း (အခန်း ၁၇၁၈)

          ၁၇: ကောင်းကင်တမန် ခုနှစ်ပါးထဲမှ တပါးက ရှင်ယောဟန်အား မဟာပြည့်တန်ဆာ အပြစ်စီရင်ပုံကို လာရောက်ကြည့်ရှုခိုင်းသည်။ ထိုမဟာ      ပြည့်တန်ဆာမမှာ ဘာသာရေးနှင့် စီးပွားရေးတွင် ဗြောင်းဆန်မှောက်မှားတတ်သော ရောမနေပြည်တော်ဖြစ်သည်။ အခန်း ၁၇တွင် ဘာသာရေး အချုပ်အချာ ဗာဗုလုန်ဟု ခံယူ၍ အခန်း ၁၈တွင် စီးပွားရေး သောင်းကျန်းသော အသွင်အပြင်ဖြင့် ပုံဖော်ထားသည်။ ဘာသာရေးဆရာကြီး ဗာဗုလုန်ဆိုသည်မှာ ခရစ်ယာန်အယူဝါဒ ပရိုတက်စတင့်နှင့် ကက်သလစ်အား ပြစ်မှားသူများဖြစ်သည်။ ရှေးရိုးဖလား အသင်းတော်များဖြစ်ကြောင်း  ထင်ရှားသည်။ ရေပေါ်တွင် ထိုင်နေသော ပြည့်တန်ဆာမဟု ကျမ်းစကားဆိုထားရာ တပါးအမျိုးသား အပေါင်းကို  အဘယ်မျှလောက် လွှမ်းမိုးအုပ်စိုးမည်နည်း။ လောကဘုရင်များသည် ထိုသူများနှင့် ညစ်ညမ်းစွာ ဆက်ဆံနေကြရသည်။ လောကနိုင်ငံရေး ခေါင်းဆောင်များကိုလည်း ပေါင်းသင်းဆက်ဆံ မှောက်မှားစေသည်။ မြေကြီးသားတို့သည် သူ၏ မတရားသော မေထုန်၊ စပျစ်ရည်နှင့် ယဇ်မူးနေကြသည်။ မရေတွက်နိုင်သော လူများသည် သူ့သြဇာအာဏာ လွှမ်းမိုးမှုအောက်တွင် ပျက်စီးနေသည်။

          ၁၇: အယူမှားသော အသင်းတော်သည် ရှုတ်ချထားသော သားရံနီပေါ်တွင် ထိုင်နေသည်။ အခန်း၁၃မှ ရောမအင်ပါယာ (တခါတရံ အင်ပါယာ၏ ဦးခေါင်း) ကို ပြန်လည်သတိရပါ။ ထိုသားရဲသည် ခေါင်းခုနှစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိသည်။

          ၁၇: ထိုခဏချင်းတွင် ထိုမှားယွင်းသော အသင်းတော်သည် အင်ပါယာဝင်ဖြစ်သွား၏။ နီမောင်းသော အဝတ်၊ မေထုန်ညစ်ညူးခြင်းနှင့် ပြည့်စုံသော ရွှေဖလား အပြည့်ကို ကိုင်လျက်ထိုင်နေ၏။

          ၁၇: နဖူး၌ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏ အမိ၊ စက်ဆုတ်ရွံရှာဖွယ်ရာတို့၏ အမိဟု နာမည်စာတန်းထိုးထားသည်။ ရာစုနှစ်ချီ၍ ခရစ်ယာန်များ မာတုရအဖြစ် သွေးချောင်းစီးခဲ့သော်လည်း ယခုတိုင်အောင် အသင်းတော်သည် ထိုသို့ပြုမှားနေဆဲ။ ပြည့်တန်ဆာမကြီးသည် အသင်းတော်၏ ဂုပ်သွေးဖောက်စုပ်လျက်ရှိသည်။

          ၁၇: ယေရှု၏ အသွေး၊ သန့်ရှင်းသူများ၏ အသွေးတို့ကြောင့် ထိုမိန်းမကြီး ယစ်မူးနေကြောင်း တွေ့သောအခါ ယောဟန်လည်း အများနည်းတူ အံ့သြမိန်းမော သွားသည်။ ထိုသန့်ရှင်းသူများမှာ သမိုင်းစဉ် ဆက်အရပ်တကာတို့မှ သန့်ရှင်းသူများပါဝင်သော်လည်း အဓိကအားဖြင့် ဘေးဒဏ်ကြီးကာလမှ ခရစ်တော်၌ မာတုရခံသော သန့်ရှင်းသူများ၏ အသွေးဖြစ်သည်။

          ၁၇: ကောင်းကင်တမန်က ယောဟန်အား ထိုမိန်းမနှင့် သားရဲ၏ လျှို့ဝှက်ချက်များကို ရှင်းပြသည်။ သားရဲမှာ ယောဟန်တွေ့မြင်ဘူးခဲ့သော (အတိတ်က ရောမအင်ပါယာ)၊ ယခုတွင်ရှိ (ထိုအင်ပါယာသည် ယနေ့ကမ္ဘာလောကတွင် မရှိတော့ပါ) အဆုံးမရှိသော တွင်းနက်ကြီးထဲမှ တက်ရောက်၍ ဖျက်ဆီးလိမ့်မည်။ (နောက်ဆုံးအကြိမ် အပြီးပိုင် ဖျက်ဆီးခြင်း) ဟု ရှင်းပြသည်။ ထိုအင်ပါယာကြီး ပြန်လည်နိုးထပြီး မယုံကြည်သူများ၊ ခေါင်းဆောင်များအား လှည့်ဖျားခြင်းဖြင့် ကမ္ဘာကြီးကို လှည့်စားမည်။

၁၇: ကောင်းကင်တမန်က ဤအရာ၌ ဉာဏ်ရှိသည်ဟု ရှင်းပြသည်။ ခေါင်းခုနှစ်လုံးကား၊ မိန်းမထိုင်သော တောင်ခုနှစ်လုံးဖြစ်သည်။ ရိုးရိုးစင်းစင်း အနက်ဖွင့် ဆိုရလျှင် ထိုပြည့်တန်ဆာ၏ ဗဟိုဌာနချုပ်သည် တောင်ခုနှစ်လုံးရှိရာ ရောမဖြစ်သည်ဟု ဆိုရမည်။

၁၇:၁၀ အချို့ကျမ်းပညာရှင်များက ရှင်ဘုရင်ခုနှစ်ပါးဆိုသည်မှာ ပုံစံအမျိုးမျိုးဖြင့် အုပ်စိုးသောရောမအစိုးရကို ဆိုလိုသည်ဟု အနက်ဖွင့်ကြသည်။ အချို့က အင်ပါယာခုနှစ်ပါးဟု ဖွင့်ဆိုကြသည်။ အချို့က ရှင်ဘုရင်ဆိုသည်မှာ လောကတန်ခိုးအာဏာဖြစ်၍ အဲဂုတ္တု၊ ဆီးရီးယား၊ ဗာဗုလုန်၊ ပါးရှား၊ ဂရိ၊ ရောမနှင့် အနာဂတ်တွင် ပေါ်ထွန်းမည့် ရောမအင်ပါယာများ ဖြစ်သည်ဟု အနက်ဖွင့်ကြသည်။

          ၁၇:၁၁ ရှစ်ပါးမြောက်သော ရှင်ဘုရင်သည် နိုးထလာသော ရောမအင်ပါယာ၏ ခေါင်းဆောင်ဖြစ်၍ ခန္တိခရစ်ယာန် ဖြစ်သည်။ ဤကျမ်းပိုဒ်၏ အနက်ဖွင့်ဆိုချက်သည် အမှန်တကယ် လက်တွေ့ကြုံတွေ့မှသာ ပြည့်စုံလာမည်။

          ၁၇:၁၂ ဦးချိုဆယ်ချောင်းမှာ အနာဂတ်တွင် ပေါ်ထွန်းမည့်ဘုရင်များဖြစ်၍ ရောမ၊ သားရဲနှင့်အတူ ပြိုင်တည်း အာဏာစက်ရရှိကြမည်။ တနာရီတည်းသာ စိုးစံကြရမည် (:၁၀ကို ကြည့်ပါ)။

          ၁၇:၁၃ ထိုဘုရင်ဆယ်ပါးသည် သူတို့၏ တန်ခိုးအာဏာစက်ကို ကြည်ဖြူစွာ ရောမသားရဲသို့ အပ်နှံကြမည်။ တနည်းပြောရလျှင် ဆယ်နိုင်ငံ(သို့မဟုတ် အစိုးရဆယ်ပါး)က လက်မြောက်အရှုံးပေးကြမည်။

၁၇:၁၄ ထိုဘုရင်ဆယ်ပါးသည် ဘေးဒဏ်ကြီးကာလအဆုံး သခင်ယေရှု ကြွလာချိန်တွင် ဆန့်ကျင်ငြင်းပယ် ကြဦးမည်။ သို့သော် ကြိုးပမ်းချက်ဟူသမျှသည် ရေတွင် မျောပါကုန်မည် ကိုယ်တော်သည် သိုးသူငယ်၊ သခင်တို့၏ သခင်၊ ဘုရင်တကာတို့၏ ဘုရင်ဖြစ်သည်။ အခြွေအရံများသည်လည်း သီးသန့် ရွေးကောက်ထားသောသစ္စာရှင်များဖြစ်သည်။

          ၁၇:၁၅ အငယ်(၁) ပါ ရေပြင်မှာ လူသားများ လူမျိုးများ၊ ဘာသာစကားအမျိုးမျိုးနှင့် လူထုကြီးများကိုရည်ညွှန်းသည်။ ထိုရေပြင် ပေါ်မှာ ပြည့်တန်ဆာမထိုင်နေခြင်းသည် လူပေါင်းများစွာ၊ တိုင်းနိုင်ငံများစွာကိုလွှမ်းမိုးသည်။

၁၇:၁၆ ရောမအင်ပါယာ တန်ခိုးကြီးထွားလာသောအခါ ထိုပြည့်တန်ဆာမသည် ချင့်ချင့်ချိန်ချိန် ရှိလာမည်။ သို့မဟုတ် ပြည့်တန်ဆာအသင်းတော်၏ သြဇာလွှမ်းမိုးမှု အခိုက်အတန့်ရှိလာမည်။ ဝန်ပိလေးလံစေ၍ ပျက်စီးသွားမည်။မုန်းတီးရွံ့ရှာဖွယ်ရာ ထိုပြည့်တန်ဆာမအား အဝတ်အစားချွတ်၍ မီးရှို့ပြီး အသားကို သားရဲကိုက်စားမည်။

၁၇:၁၇ ဤအမှုကိစ္စသည် ဘုရားသခင်နှင့် မဆိုင်ပါ။ ရောမသားရဲအောက်တွင် တိုင်းနိုင်ငံများ စုစည်းပြီးနောက် ပြည့်တန်ဆာမအား တဖန်ဆန့်ကျင်ခြင်းဖြစ်သည်။ ထိုအမှုအရာများသည် ကိုယ်တော်၏အကြံအစည်တော်အား ပြည့်စုံစေသည့်အကြောင်းဖြစ်သည်။

၁၇:၁၈ မဟာဗာဗုလုန်မြို့တော်သည် လောကရှင်ဘုရင်များစိုစံရာ နေရာဖြစ်သည်။ တွေ့မြင်သိရှိခဲ့ကြပြီးသည့်အတိုင်း ထိုရောမသည် ပြည့်တန်ဆာမကြီး၏ဗဟိုဌာနချုပ်ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။