ဆာလံကျမ်း - ၁၀၉

ဒုက္ခရောက်သူတစ်ဦး၏ဆုတောင်း
1အကျွန်ုပ်ချီးမွမ်းသော ဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ 2မတရားသောသူနှင့် သစ္စာပျက်သော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။ 3မနာလိုသောစိတ်နှင့် စကားပြောလျက်၊ အကျွန်ုပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏။ 4အကျွန်ုပ်၏မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွန်ုပ်မူကား ပတ္ထနာပြုလျက်နေပါ၏။ 5အကျွန်ုပ်ပြုသောကျေးဇူးအတွက် မကောင်းသောအပြစ်ကိုလည်းကောင်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကိုလည်းကောင်း ဆပ်ပေးကြပါ၏။
6ထိုသို့သောသူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ယာနားမှာ ရန်သူနေပါစေ။ 7သူသည် တရားစီရင်ခြင်းကိုခံရာတွင် ရှုံးပါစေ။ သူပြုသောပတ္ထနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။ 8သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။ 9သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုဆိုးမဖြစ်ပါစေ။ 10သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်းစားဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှထွက်၍၊ အစာကိုရှာကြပါစေ။ 11သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ်၍ရသော ဥစ္စာကိုလည်း တစ်ပါးအမျိုးသားလုယူပါစေ။ 12သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုးတို့ကို ကယ်မသနားသောသူ တစ်ယောက်မျှ မရှိစေနှင့်။ 13သူ၏အနွယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက်၍ တစ်ဆက်တည်းတွင်၊ သူတို့၏နာမည်သည် ကျေပျောက်ပါစေ။ 14သူ့ဘိုးဘေးတို့၏ဒုစရိုက်ကို ထာဝရဘုရားသည် သတိရတော်မူပါစေ။ သူ့အမိ၏အပြစ်သည် မဖြေပါစေနှင့်။ 15ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ၊ ပယ်ရှင်းတော်မူပါစေ။ 16အကြောင်းမူကား၊ ထိုသူသည် ကယ်မသနားခြင်းငှာ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက်သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။ 17သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။ 18အဝတ်ကိုဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါစေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့လည်းကောင်း၊ ဆီကဲ့သို့ သူ၏အရိုးထဲသို့လည်းကောင်း ဝင်ပါစေ။ 19သူ၏ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့လည်းကောင်း၊ သူ၏ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။ 20ငါ၏ဝိညာဉ်တစ်ဖက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုးကို ထာဝရဘုရားထံ ခံရကြပါစေ။
21အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော်ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ 22အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ်အထဲ၌ နှလုံးနာလျက်ရှိပါ၏။ 23ရှည်လျားသောအရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွားပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။ 24အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့၍ အသားလည်းလျော့ပါ၏။ 25အကျွန်ုပ်သည်လည်း သူတစ်ပါးတို့ ကဲ့ရဲ့စရာအကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။ 26အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။ 27ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူသည်ဟု ထိုသူတို့သည် သိကြပါစေသော။ 28ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းချီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။ 29အကျွန်ုပ်၏ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်းနှင့် ကိုယ်ကိုခြုံကြပါစေသော။ 30အကျွန်ုပ်သည်နှုတ်မြွက်၍၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောသူတို့အလယ်မှာ ချီးမွမ်းပါမည်။ 31အကြောင်းမူကား၊ ဆင်းရဲသောသူ၏ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှာ၊ သူ၏လက်ယာဘက်မှာရပ်၍ နေတော်မူတတ်၏။

ဆာလံကျမ်း - ၁၀၉ (အနက်ဖွင့်)

ရန်သူများ၏ကံကြမ္မာ

ဆာလံကျမ်းများတွင် ကျိန်ဆဲခြင်း အများအပြားရှိသည့်အနက်တွင် ဆာလံကျမ်းသည် ပြိုင်စံရှား ဖြစ်သည်။ ရန်သူများအား ဖြိုခွင်းချေမှုန်းပေးရန် ဘုရားသခင်ထံသို့ အသေးစိတ်တိုင်တည်သည်။ ဆာလံ ဆရာက သူ့ရန်သူများအပေါ်သို့ အပြစ်ဒဏ်အမျိုးမျိုးကျစေလိုပုံကို စာဖတ်ပရိတ်သတ်များ မည်သို့နားလည် သနည်း။

၁၀၉: ဆာလံဆရာက မလိုမုန်းတီးမှုဖြင့် အစချီသည်။ ဒါဝိဒ်က ဘုရားထံသို့ အကူအညီ တောင်းသည်။ ထိုဘုရားရှင်မှာ အခြားသူမဟုတ်။ ချီးမွမ်းနေကျဘုရားရှင်ဖြစ်သည်။ ရန်သူများက အချိန်နှင့် အမျှ စော်ကားမော်ကားပြုကြသည်။ မဟုတ်မမှန်စွပ်စွဲကြသည်။ ရစရာမရှိအောင် ပုတ်ခတ်ကြသည်။ အမုန်းစကား ဆိုကြသည်။ မတရားသဖြင့် မဟုတ်တန်းပြောဆိုကြပါသည်။

၁၀၉: ဒါဝိဒ်က သူ့ရန်သူများကို အမုန်းမဖက် မေတ္တာရှက်နွယ်ပါသည်။ သို့သော် အသွားသာရှိ၍ အပြန်မရှိ။ မဟုတ်မမှန် ပုတ်ခတ်စွပ်စွဲခြင်းသာ ခံရသည်။ သို့ပေမယ့် ရန်သူများအပေါ်သို့ မေတ္တာ ပို့နေပါသည်။ ကိုယ်ချင်းစာနာမှုကို စော်ကားခြင်း ချစ်ခြင်းမေတ္တာကိုမုန်းတီးခြင်းဖြင့် ပေးဆပ်ကြသည်။

၁၀၉: ဤနေရာတွင် ဆာလံဆရာသည် သူ့ကလောင်ဖျားကို မှင်တွင်မနှစ်ဘဲ၊ အက်စစ်ရေထဲသို့ နှစ်လိုက်ဟန်ရှိသည်။ ကျိန်ဆဲသံများသည် ပူပြင်းသည်။ သေလောက်သည်။ စိတ်ဝိညာဉ်ထိ ထိုးဖောက် ထိမှန်သည်။ အပိုဒ်ငယ် ၁-၅ ပါရန်သူများများကို ထုတ်ချင်းခတ် ပစ်ခတ်တော့သည်။

နောက်ဆုံးတွင်မူ ဖမ်းဆီးစစ်ဆေးကြသည်။ ထိုအဖြစ်အပျက်တွင် ဘုရားရှင်ပေါ်ထွန်းလာရာ ရန်သူ များက မဟုတ်မမှန်စွပ်စွဲကြကြောင်း တိုင်တည်ပြောဆိုသည်။ စာတ်၏လူများက တဖက်သတ် ပုတ်ခတ် ကြသည်။ တရားစီရင်ခြင်းအပြီးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်စေချင်သည်။ တရားရုံးတွင် အပြစ်ရှိကြောင်း ၀န်ခံခြင်းသည် မိမိအပြစ်သက်သာစေခြင်းမဟုတ်။ မိမိလည်ပင်းကို ကြိုးကွင်းစွပ်ခြင်းဖြစ်သည်။ စိတ်ကြိုက် အပြစ်ဒဏ်သတ်မှတ်ခွင့်ပြုခြင်းဖြစ်သည်။

၁၀၉:၁၀ သူ့ဘဝတိုတောင်း၍ မဆီမဆိုင်သူကအစားထိုးနေရာယူပါစေ။ ထိုအကြောင်းသည် ယုဒရှကာရုတ်ကို နိမိတ်ဖတ်ပေးဟန်ရှိသည်။ တ၂၀၌ “ဆာလံကျမ်း၌လာသည်ကား သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ်ဖြစ်ပါစေ။ နေသောသူမရှိပါစေနှင့်။ သူ၏အရာကိုလည်းအခြားသူရပါစေ”ဟု ထပ်ဆို ထားသည်။

ဤဆာလံကျမ်းသည် ဒါဝိဒ်က သူ့ရန်သူများအပေါ်သို့ ကျိန်ဆိုခြင်းဖြစ်သော်လည်း မေရှိယသခင်နှင့် သစ္စာဖောက်တွင်လည်း အကြုံးဝင်သည်။ ဣသရေလနှင့်အနာဂတ် အန္တိခရစ်တော်တို့နှင့်လည်း ပတ်သတ်လာ ဦးမည်။

ရန်သူများ၏သားသမီးများသည် မိဘမဲ့ဖြစ်ကြပါစေ။ မိန်းမများသည်လည်း မုဆိုးမဖြစ်ကြပါစေ။ ထိုသားသမီးများသည် လက်လုပ်လက်စား၊ သူတောင်းစား၊ သူတပါးခိုင်းဖတ်၊အိုးအဲ့ယာမဲ့များဖြစ်ကြပါစေဟု ဆိုသည်။

၁၀၉:၁၀၁၃ သူ့လုပ်ကိုင်စာလည်း မစားပါစေနှင့်။ အိုးအိမ်မြေယာများကို အကြွေးမဆပ်နိုင် သောကြောင့် သိမ်းကြပါစေ။ မဆီမဆိုင်သူစိမ်းသူရံများက သူ့ပစ္စည်းများကို ဝေခွဲယူကြပါစေ။

သနားလုပ်ကျွေးခဲ့သူများ၏ ကျေးဇူးကိုလည်း ပြန်လည်မခံစားပါစေနှင့်။ ကျေးဇူးကန်းသူများသာ ကြုံတွေ့ပါစေ။ သူသားသမီးများကိုလည်း လူများက မသနားကြပါစေနှင့်။ သူ့သားစဉ်မြေးဆက်သည် တဆက်သာတည်ပါစေ။ (အရှေ့တိုင်းအယူအဆတွင် ထိုမျိုးကန်းခြင်းသည် ရှက်ဘွယ်အကောင်းဆုံး ဖြစ်သည်)။

၁၀၉:၁၄၁၅ ဘိုးဘေးများကို မကျိန်ဆဲပါ။ သို့သော်ဘုရားသခင်က ထိုဘိုးဘေးများ၏အပြစ် ဒုစရိုက်ကို အစဉ်မှတ်မိပါစေ။ အမိ၏အပြစ်ကို မဖြေလျှော့ပစ်ပါနှင့်။ အပြစ်ဒုစရိုက်များကို အသေအချာ မဖော်ပြသော်လည်း ဘုရားသခင်က အသေးစိပ်မှတ်မိပါသည်။ ထိုသူများ၏အမည်နာမကို လူ့လောကမှာ မကျန်ရစ်လေအောင် ဖျောက်ပစ်ပေးတော်မူပါ။

၁၀၉:၁၆၂၀ အပိုဒ်ငယ် (၁၆)တွင် ထိုမတရားသူ၏ ရက်စက်ပုံရှင်းပြထားသည်။ သူတပါးကို သနားကြင်နာစိတ်မရှိ။ ကိုယ်ချင်းမစာတတ်။ မရှိဆင်းရဲသား ချိုတဲ့သူများကို ဖေးမကူညီခြင်း မပြုသည့် အပြင် မသေသေအောင် လည်ပင်းညှစ်သည်။ ရေနစ်သူ ဝါးကူထိုးသည်။ ယုဒရှကာယုတ်၏ အကျင့်မျိုး ဖြစ်သည်။ သူတပါးကိုမကူညီသည့်အပြင် ကားတိုင်ပေါ်သို့ တွန်းတင်သည်။

လူမှုနိယာမတရားတွင် ဝဋ်လည်သည်ဟု ဆိုကြသည်။ လူသည်မိမိကြဲသည့်အတိုင်းပြန်ရိတ်ရသည်။ တမျိုးတဘာသာ ရိတ်ရသည်မဟုတ်။ ဆာလံဆရာ၏စကားသည် တရားကျပါသည်။ ထိုသူသည် အတင်း အဖျင်းပြောခြင်း၊ ကျိန်ဆဲခြင်းဝါသနာပါသည်။ ထိုသို့ပင် အခြားသူများကလည်း သူ့ကိုကျိန်ဆဲကြမည်။ သူများကိုလက်ညိုးတချောင်းထိုးလျှင် လက်ညှိုးဆယ်ချောင်းက မိမိကိုယ်ကို ပြန်ထိုးလိမ့်မည်။ သူတပါး ကောင်းစားသည်ကို မမြင်လို။ ထိုသို့ပင် သူ့ဘဝတွင်လည်း အောင်မြင်ပျော်ရွှင်ခြင်း ဆိတ်သုဉ်းမည်။ သူတပါးကို ကျွဲနွားတို့ကျိန်ဆဲသကဲ့သို့ပင် သူ့ခန္ဓာတွင်လည်း ကျိန်စာသင့်မည်။ စားသောက်သမျှသည် အဆီအသားမဖြစ်။ ဘေးဥပါဒ်ဖြစ်မည်။ သူ့အသားအရေသည် အရိုးနှင့် သားရေဘဲကျန်မည်။ “သူတပါးကို ကျိန်ဆဲသဖြင့် သူသည်လည်း သူတပါးကျိန်ဆဲခြင်း မချွတ်မြဲမြံပါစေ” (Knox)။

ထို့နောက် သူတပါးကို မတော်မတရား စွပ်စွဲပုပ်ခတ်သူများ၏ ကာလဝိဘတ်ကိုကြည့်သည်။ ဘုရားသခင်၏အပြစ်စီရင်မည့် ပုံစံအသေးစိတ်ကို မှန်းဆကြည့်သည်။ ဆရာကြီးတပါးကမူ “သူတပါး မကောင်းကြံစည်နေမှဖြင့် ရန်သူများမှာပေါ့”ဟုဆိုသည်။

၁၀၉:၂၁၁၅ ဆာလံဆရာက ဆုတောင်းချက်(၂)ခုဖြင့် နိဂုံးချုပ်သည်။ ပထမဆုတောင်းချက်မှာ ဘေးဘယာ ကင်းဝေးရပါလို၏။ ဘုရားသခင်၏နာမတော်အား ချီးမွမ်းချင်သည်။ ဘုန်းတန်ခိုးပြည့်ဝ၍ တရားသဖြင့်စီရင်တတ်သော ဘုရားရှင်အား ထောမနာပြုလိုသည်။ ဘုရားသခင်၏ကရုဏာတော် ကြီးမြတ် ပုံကို နောက်တခေါက် ထင်ရှားပြသစေချင်သည်။

ဆာလံဆရာ၏လျှောက်လဲချက်က ရဲရင့်ပြတ်သားသည်။ ခန္ဓာကိုယ်ဆင်းရဲချို့တဲ့သည်သာမက စိတ်နှလုံးဒဏ်ရာဒဏ်ချက်ပြည့်နှက်နေ၏။ သူ့ဘ၀သည်အသက်မပါအရိပ်နှယ် ရွှေ့လျားနေသည်။ ကျိုင်းကောင်များသို့သာ ခြေဦးတည်ရာပျောက်သောလမ်းမှာ စမ်းတဝါးသွားနေရသည်။ ဒူးခေါင်းသာ ဖုထစ်ရွတ်တွသည်။ အကျိုးမထူးပါ။ ရန်သူများက မသနားသည့်အပြင် လှောင်ပြောင်ဟားတိုက်ကြသည်။ “ကောင်းပေ့”ဟုဆိုကာ ခေါင်းတညိတ်ညိတ်ပြုကြမည်။

၁၀၉:၂၉ ဒုတိယဆုတောင်းချက်မှာ ရန်သူများရှေ့တွင် ချီးမြှောက်ခြင်းခံယူလိုသည်။ ယေဟောဝါ ဘုရားရှင်ကြွရောက်လာ၍ ကယ်မချီးမြောက်လျှင် တဘက်ရန်သူများ တုန်လှုပ်သွားမည်။ ဘုရားသခင်၏ လက်ရာတော်ကို  အသိအမှတ်ပြုကြမည်။ ထိုလူများ၏ကျိန်ဆဲသံနှင့် ဘုရားပေးကောင်းကြီးမင်္ဂလာ ခြားနားပုံ သိရှိသွားကြမည်။ ထိုအခါ ရန်သူများအရှက်ကွဲ၍ ဆာလံဆရာမှာ ၀မ်းသာရွှင်လန်းမည်။ အရှက်အကြောက် ကမ္ဗလာဖုံးလွှမ်းကြမည်။ ရှက်လွန်းသဖြင့် မျက်နှာမပေါ်အောင် ခေါင်းမြီးခြုံပြေးကြ ပါစေ။

၁၀၉:၃၀၃၁ ဘုရားသခင်က ဒါဝိဒ်၏ဆုတောင်းစကားများကို ကြားနာ၍ အဖြေပေးသောကြောင့် ဒါဝိဒ်သည် ဘုရားသခင်အား ဝမ်းမြောက်စွာချီးမွမ်းသည်။ သာမန်ချီးမွမ်းရိုး ချီးမွမ်းစဉ်မျိုး ချီးမွမ်းသည် မဟုတ်။ ၀မ်းသာအားရပီတိသော မနဿဖြင့် ချီးမွမ်းသည်။ တစ်ဦးတစ်ယောက်တည်း မမြင်ကွယ်ရာမှာ မဟုတ်။ ပရိတ်သတ်ဗိုလ်ပုံအလယ်မှ ချီးမွမ်းကခုန်သည်။ ယေဟောဝါဘုရားသခင်သည် မရှိဆင်းရဲသား ချို့တဲ့သူများအပေါ်သို့ လက်ယာတော်ဆန့်တန်းကြောင်း ထင်ရှားပြီ။ ဘုရားသခင်သည် ကွယ်ကာသော အရှင်သခင်ဖြစ်ကြောင်း ယုံကြည်စိတ်ချရသည်။ ထိုအကြောင်းကို F.B.Meyerက ဤသို့ဆိုသည်-

မြင့်မြတ်စုံလင်သောသူများရှိရာ ဗိမာန်တော်သို့ ဝင်ရောက်ကျိန်ဆဲခြင်းသည် အတင့်ရဲလွန်းသည်။ တရားသူကြီးများသဖြင့် မစီရင်ရက်လောက်အောင် အဘယ်မျှ စော်ကားမော်ကားပြုသနည်း။ အဘယ်မျှ အချည်းနှီးဝေဖန်သနည်း။၇၁

ကျိန်ဆဲခြင်းဆာလံတေးများ

ဆာလံဆရာက ဘာတွေပြောသွားသနည်း။ ထိုကျမ်းချက်သည် ကျိန်စာသင့်သောဆာလံကျမ်းဟု သာမန်ကာလျှံကာသဘောထားပြီး မဖက်ဘဲချန်လှပ်မထားစေချင်။ စဉ်းစားရမည့်ပြဿနာ ဖြေရှင်းနည်း များပါရှိသည်။ ချီးမြှောက်ခြင်းနှင့် အပြစ်တရားစီရင်ခြင်းကို မည်သို့ စေ့စပ်ကြည်အေးစေမည်လဲ။ အပြစ် ခွင့်လွှတ်ခြင်း စိတ်ထားရှိကြစေရန် ချစ်ခြင်းမေတ္တာကို မည်သို့ အရင်းတည်ပန္နက်ချကြမည်နည်း။ ဘုရားသခင်၏လူများသည် နေရာတိုင်းတွင် ထိုအဖြစ်သနစ်မျိုးကြုံတွေ့နိုင်သည်။ စင်စစ်တွင်ဆာ ၁၀၉သည် ကျိန်ဆဲခြင်း ဆာလံတေးဘုရင်မဖြစ်သည်။ နေရာတိုင်းတွင်တွေ့နိုင်သော ပြဿနာဖြစ်သည်။

ပထမဆုံးအချက်တွင် မစွဲလန်းသော်လည်း ရှေ့ဆက်ကြုံတွေ့စရာဖြစ်ကြောင်း ရှင်းပြလိုသည်။ စာရေးသူနားလည်သမျှ ရှင်းပြပါမည်။

ဤကျိန်ဆဲခြင်းဆာလံကျမ်းသည် ကလဲ့စားချေဖို့ တိုက်တွန်းသွန်သင်ခြင်းမဟုတ်။ မတော်မတရားသူ များအား အရေးယူအပြစ်ပေးဖို့လည်း မဟုတ်။ ဘုရားသခင်၏ရန်သူများ ကြုံတွေ့ရမည့်ကြမ္မာဆိုး ကြိုတင် ထုတ်ဖော်ခြင်းဖြစ်သည်။ ထိုအကြောင်းကို Unger ကဤသို့ဆိုသည်-

ကျိန်ဆဲခြင်းသည် ကိုယ်ရည်ကိုယ်သွေးအဆင့်အတန်းနှင့်ဆိုင်သည်။ စင်ကြယ်မြင့်မြတ်သောသူများ သည် ကလဲ့စားချေခြင်း၊ ဒုက္ခပေးခြင်း၊ သီးမခံနိုင်ခြင်းအကြောင်း ထုတ်ဖော်ပြောဆိုရိုးမရှိကြ။ သို့ကြောင့် ဘုရားသခင်၏ စီရင်ပစ်ပယ်ခြင်းမခံရကြ။

ဒုတိယအချက်မှာ ဒါဝိဒ်သည် ဘုရားသခင်၏ဘိသိက်ပေးထားသူဖြစ်သည်။ ဘုရားသခင်ကိုယ်စား ပြောရေးဆိုပိုင်ခွင့်ရှိသည်။ သို့ကြောင့်လည်း အပြစ်တရားစီရင်မည့်အချက်များကို ကွင်းကွင်းရှင်းရှင်း ထုတ်ဖော်ပြောကြားသည်။ (ဆာလံကျမ်းမှ ကျိန်ဆဲခြင်းဟူသမျှသည် ဒါဝိဒ်၏လက်ရာများမဟုတ်ပါ)။

နောက်တချက်မှာ ဤအချက်များသည် သမိုင်းအထောက်အထားမရှိပါ။ သက်သေသက်ကာယ ပြသရန် ခက်ခဲသည်။ ထိုအကြောင်းကို Barnes ကဤသို့ဆိုသည်-

ဤအဖြစ်အပျက်စကားများသည် ဆာလံဆရာ၏ဦးခေါင်းထဲမှပေါ်လာသည်။ လူသဘောသဘာ၀ ရုန်းရင်းကြမ်းတမ်းပုံကို သရုပ်ဖော်သည်။ သို့ကြောင့်လည်း သန့်ရှင်းဝိညာဉ်တော်၏ လှုပ်ရှားပါဝင်မှု မတွေ့ရ။ ဒါဝိဒ်၊ အဗြဟံ၊ ယာကုပ်၊ ပေတရုအစရှိသော ဘုရားသခင်၏လူများဟု မမြင်စေဘဲ ဆာလံဆရာသက်သက်ဖြင့် ရှုမြင်ရသည်။ လူအသိဖြင့် လှုပ်ရှားမှုဆိုကတည်းက အဘယ်မှာ အပြစ်ကင်းစင်တော့မည်နည်း။ သို့ကြောင့် အထွေအထူးစွဲမှတ်စရာမဟုတ်။၇၃

နောက်ရှင်းပြချက်တစ်ခုရှိသေးသည်။ ဆာလံဆရာဘက်မှ ရပ်တည်ကွယ်ကာရလျှင် ဣသရေလ လူမျိုး၏ ရန်သူဟူသမျှသည် ဘုရားသခင်၏ရန်သူဖြစ်သည်။ သို့ကြောင့် တစ်ဦးတစ်ယောက်ခြင်းဖြင့် ဘုရားရှင်၏လူများအပေါ် ကျူးလွန်လျှင်လည်း အပြစ်ဒဏ်သင့်သည်။ ဆာလံဆရာက ရန်သူအပေါ် လက်တုန့်ပြန် ကလဲ့စားချေဖို့မပြောပါ။

အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ဤကျမ်းချက်ကို လူတိုင်း အားရကျေနပ်အောင် ရှင်းပြနိုင်မည် မဟုတ်ဟု ဝန်ခံပါသည်။ ကျေးဇူးတော်အောက်မှာရှင်သန်နေသော ယခုခရစ်ယာန်များအပေါ်သို့ မသက် ရောက် ပညတ်တရားအောက်တွင် ရှိနေခဲ့ကြစဉ် ဣသရေလလူများသို့ အဓိကကျသည်ဟု ရှင်းပြချင်ပါသည်။ အဘယ်သို့ဆိုသော် ယခုအခါတွင် ဓမ္မသစ်အလင်း၊ ဗျာဒိတ်တော်ရကြပြီ။ အတွေးသစ်အမြင်သစ်ဖြင့် ရှုမြင် ချဉ်းကပ်နိုင်ကြသည်။ ဒါဝိဒ်နှင့်အခြားဆာလံဆရာများက ဓမ္မသစ်ကျမ်း မမြင်လိုက်ကြသည့်အကြောင်းနှင့် ပတ်သက်၍ Scroggie က ဤသို့ထောက်ပြသည်-

အထက်ပါစကားဆိုသည့်ခေတ်ကာလသည် မျက်မှောက်ခေတ်ကာလ အပိုင်းအခြားနှင့်မတူပါ။ ပညတ်တရားသည် ဧဝံဂေလိတရားကို ဖီလာဆန့်ကျင်ခြင်းမပြုသော်လည်း ထပ်တူညီမျှခြင်းမပြုပါ။ ခရစ်တော်ဘုရားသည် ပညတ်တရားများပြည့်စုံဖို့ ကြွလာသည်။ ကောင်းကြီးပေးခြင်းနှင့် လက်စားချေခြင်းကို အထူးသတိထား၍ စီရင်ဆုံးဖြတ်သည်။ ပေါလု၏သြဝါဒစာစောင်များကို စံချိန် စံညွှန်းထား၍ ဆုံးဖြတ်အပ်သည်။၇၄

လူတဦး၏အိမ်ထောင်မိသားစုအား တရားစီရင်ခြင်းသည် အစွန်းရောက်လွန်းပါသည်။ ဆာလံ ဆရာကမူ ဘုရားသခင်၏လူအား စော်ကားမော်ကားမပြုကြစေရန် သတိပေးဟန်ရှိသည်။ ဖခင်၏ ကုသိုလ်သည် သားစဉ်မြေးဆက် (၄)ဆက်ထိ အကျိုးသက်ရောက်ပါသည် (ထွ ၂၀:၅၊၃၄:၇၊ တော ၁၄:၁၈၊ တရား ၅:၉)။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ တရားတော်တွင် ဤအတိုင်းရှိနေကြသည်။ လူတစ်ဦး တစ်ယောက်တည်း တွန်းကလေးပေါ်မှာ နေရိုးမရှိပါ။ လူမှာအမျိုး ကြက်မှာအရိုးရှိပါသည်။

ယနေ့ခေတ်ကာလသည် ဘုရားသခင်အား လက်ခံသင့်သောခေတ်ကာလဖြစ်သည်။ ယနေ့ခေတ် လွန်လျှင် ဘုရားသခင်က ရန်သူများအပေါ်သို့ ကလဲ့စားချေသည့် ခေတ်ကာလရောက်လာမည်။ ဘေးဒဏ်ကြီးကာလ မာတုရများက “မြေပေါ်မှာနေသောသူတို့သည် ငါတို့အသွေးကိုသွန်းကြသော အပြစ် အလျောက် ဒဏ်မပေးဘဲ ဘယ်မျှကာလပတ်လုံးနေကြမည်နည်း” (ဗျာ ၆:၁၀)ဟု ကြွေးကြော်ကြမည်။

နောက်ဆုံးတချက်။ ဤကျိန်ခြင်းအမင်္ဂလာ ဆာလံတေးက လက်ဝါးကပ်တိုင်ပေါ်တွင် ကျိန်ဆဲခြင်း ခံခဲ့ရသော ခရစ်တော်ကို သတိရစေပါသည်။ ထိုသို့သောကျိန်ဆဲခြင်း နောက်ထပ်မခံရလောက်အောင် ယေရှုခရစ်တော်က အားလုံးခံယူသွားပါသည်။ ဆာလံကျမ်းမှအပြစ်ဒဏ်များသည် အားလုံးစုစည်းလျှင် လူတို့ ၏အပြစ်ပမာဏထက် သေးငယ်ပါသေးသည်။ အကင်းမျှသာရှိသည်။ ထိုမျှလောက်ကြီးမားသော လောက သားတို့၏အပြစ်ကို လူသားများ ကိုယ်တိုင်ကိုယ်ကျမခံရစေဘဲ၊ ယေရှုခရစ်တော်က ကြားဝင်ရောက် ခံစား ပေးပါ သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။