ဆာလံကျမ်း - ၁၀၈

အောင်မြင်ခြင်းအတွက်ချီးမွမ်းခြင်း
1အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်းထောမနာပြုပါမည်။ 2တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။ 3အို ထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်း ဆိုပါမည်။ 4အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ 5အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးကို ဘုန်းတော် လွှမ်းမိုးပါစေသတည်း။ 6ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ယာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
7သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကိုတိုင်းထွာမည်။ 8ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း၏အစွမ်းဖြစ်ရ၏။ ယုဒပြည်ကား ငါ၏လွှတ်တော်ဖြစ်ရ၏။ 9မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ၏။ ဧဒုံပြည်ကား ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။ 10အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြမည်နည်း။ 11အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ 12ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှာ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှာ မတတ်နိုင်ကြပါ။ 13ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာပြုကြမည်။ ငါတို့၏ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်။

ဆာလံကျမ်း - ၁၀၈ (အနက်ဖွင့်)

 မြန်မြန်ကယ်ပါ

ဤဆာလံတေးသံသည် အထူးအဆန်းမဟုတ်။ ရင်းနှီးပြီးသားဖြစ်သည်။ ပထမကျမ်းပိုဒ်ငယ် (၅)ခု သည် ဆာ ၅၇:၇-၁၁ နှင့် အတူတူဖြစ်သည်။ နောက်ဆုံးကျမ်းပိုဒ် (၈)ခုသည်လည်း ဆာ၆၀:၅-၁၂ကို အတည်ပြုသည်။ ချီးမွမ်းခြင်း၊ ကတိပြုခြင်း၊ တဖန်ပြဿနာကြုံတွေ့ခြင်းမှ ဆုတောင်းခြင်းဖြင့် နောက်ဆုံး တွင် အောင်ပွဲဆင်သည့်အကြောင်းများ ရေးထားသည်။

ချီးမွမ်းခြင်း (၁၀၈:)

၁၀၈: ဆာလံဆရာက ဘုရားသခင်၏မေတ္တာတော်နှင့်သစ္စာတော်ကို အစဉ်ချီးမွမ်းဖို့စိတ်ပိုင်း ဖြတ်ထားသည်။ အမြင့်ဆုံးသောအသံဖြင့် ချီးမွမ်းသီဆိုဖို့ အသင့်ပြင်ထားသည်။ မှောင်မိုက်နေသေး သောကြောင့် သူ့ဝိညာဉ်ကို နိုးထခိုင်းသည်။ အရုဏ်ကျင်းသည်နှင့် စောင်းနှင့်ပုလွေကောက်ကိုင်ပြီး နံနက်တေးသီဆိုမည်။ ကောင်းသောအကြံဉာဏ်ဖြစ်သည်။ အသင်စာရှုသူ ထိုသို့ပြုပါသလား။

၁၀၈: သူ့အိမ်မိသားစုနှင့် အိမ်နီးနားချင်းများသာ ကြားသိရုံဖြင့် မတင်းတိမ်နိုင်။ ဘုရားရှင် တော်အား လူအများဝတ်ပြုကိုးကွယ်သည့်နေရာသို့ သွားမည်။ အသံလွှင့်၍ သီဆိုမည်။ တတိုင်းပြည်လုံး ပဲ့တင်သံ ထပ်ရမည်။ ယနေ့ယုံကြည်သူများသည်လည်း ထိုသို့သော စိတ်ထားမျိုးရှိရသည်။

၁၀၈: ဒါဝိဒ်သည် အဘယ်ကြောင့် ထိုသို့ပြုပါသနည်း။ ဘုရားသခင်၏ကရုဏာတော် မျှော်စင်သည် ကောင်းကင်တမွတ်အထွဋ်အထိပ်တွင်တည်၍ သစ္စာတော်သည် မိုးထက်မြင့်သည်။ သို့ကြောင့် ကိုယ်တော်၏ကြီးမြတ်ခြင်းသည် ချီးမွမ်းထိုက်ပါပေသည်။ အိုဘုရားသခင် ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်စေသည်။ မြေကြီးတပြင်လုံးကိုဘုန်းတော်လွှမ်း မိုးပါစေသတည်း။

ဒါဝိဒ်၏ ချီးမွမ်းသီချင်းဖြစ်သည်။ ထိုဆာလံတေးကို ဤသို့ တမျိုးတဖုံခံစားနိုင်သည်-

ချီးမွမ်းခြင်းသည် ဆုတောင်းခြင်းထက်မြင့်မား

ပျော်ရွှင်ဖွယ်ကောင်းသောခရီးလမ်း

ချီးမွမ်းခြင်းသာအစဉ်ပြုပါသလား။

ဆုတောင်းခြင်း (၁၀၈:)

တဖန် ရှိခိုးခန်းရောက်ပြန်ပြီ။ ရန်သူများက လာရောက်တိုက်ခိုက်သောကြောင့် တိုင်းသူပြည်သား များသည် စားမဝင်အိပ်မပျော် ကျီးလန့်စာ စားနေကြသည်။ ထိုသို့ဘေးရန်ကြုံတွေ့တိုင်း အောင်ပွဲခံရစမြဲ။ အဘယ်သို့နည်း။ ဘုရားသခင်ထံသို့ ဆုတောင်းကြသည်။ ဘုရားရှင်က အချစ်ဆုံးသောသူကို စေလွှတ် ပေးလိုက်သဖြင့် တိုက်ပွဲတရာ အောင်ပွဲတရာကြုံကြသည်။

ကတိတော် (၁၀၈:)

၁၀၈: ဘုရားသခင်၏ သန့်ရှင်းရာဌာနတော်မှ အံ့သြဘွယ်ရာက ဘုန်းတန်ခိုးတော်သည် ဣသရေလလူမျိုးနှင့် တပါးအမျိုးသားများအပေါ်သို့ လွှမ်းမိုးနေမြဲရှိသည်။ မေရှိယသခင်၏နိုင်ငံတော်သည် ယာကုပ်ရေတွင်းတည်ရာ ရှေခင်ပြည်၊ ယာကုပ်နွားစားကျက်တည်ရာ သုကုပ်ချိုင့်ဝှမ်း (က ၃၃:၁၇)၊ စားကျက်ခင်းနှင့်ပရဆေးပင်များဖြင့် နာမည်ကျော်ကြားသော ဂိလဒ်မြေနိမ့်ဒေသ၊ ယော်ဒန်မြစ်တဘက် တချက်စီရှိ မနာရှေတို့မြေတိုင်အောင် ကျယ်ပြန့်သည်။ ဧဖရိမ်လူမျိုးကို သံခမောက်အဖြစ်ထား၍ တိုင်းပြည်ကို လုံခြုံအောင်ကာကွယ်စေမည်။ ယုဒလူမျိုးကို တရားစီရင်သူအဖြစ် က၄၉:၁၀တွင် ကတိပြုထားသည့်အတိုင်း စီရင်ခွဲခန့်မည်။

၁၀၈: နိုင်ငံတော်ထဲတွင် ပါ၀င်သည့်တပါးအမျိုးသား (၃)နိုင်ငံရှိသည်။ မောဘ၊ ဧဒုံနှင့်ဖိလိတ္တိတို့ ဖြစ်သည်။ မောဘပြည်ကို ရေချိုးအိုး၊ ဧဒုံပြည်ကို ဘိနပ်ချွတ်အဖြစ်ထား၍ ဖိလိတ္တိပြည်ကို အောင်ပွဲခံရာ အောင်မြေအဖြစ် သတ်မှတ်မည်။ ဖိလိတ္တိပြည်မှာ အောင်သံကြွေးကြော်မည်။

ပြဿနာ(၁၀၈:၁၁၁၁)

ဧဒုံပြည်ပေါ်သို့ အောင်မြင်သည့်အကြောင်း ကတိတော်ကို ဒါဝိဒ်ကိုယ်တိုင်က တွေ့မြင်လိုသည်။ သိလ မြို့တော်ကို (ပေတရဟုလည်း လူသိများသည်)ကို ရပ်ဝေးမြေခြားကလည်း သိရှိကြသည်။ ထိုမြို့တော်ကို သိမ်းပိုက်၍ အောင်စည်အောင်မောင်းတီးခတ်ပြီး အောင်သားစားဖို့ ပါးစပ်ပြင်ကြသည်။ သို့သော် ထိုနေရာမှာ ပြဿနာကြုံတွေ့သည်။ ဘုရားရှင်လည်း မျက်နှာဖုံးအုပ်တော်မူသည်။ ဘုရားရှင်ကမကူညီ။ ဣသရေလစစ် သားများ ချီတက်တိုက်ခိုက်ကြသည်။ စစ်ရှုံးကြသည်။ အဘယ့်ကြောင့်ဆိုသော် ဣသရေလစစ်တပ်များတွင် ဘုရားသခင်မပါရှိ။

ဆုတောင်းခြင်း (၁၀၈:၁၂)

ဘုရားသခင်မပါရှိလျှင် မျှော်လင့်ချက်မရှိ။ မည်သူမှ အစွမ်းမထုတ်နိုင်။ ဒါဝိဒ်ကိုယ်တိုင်ကလည်း လူ့ခွန်အားကို အားကိုးမရကြောင်း သိရှိသည်။ သို့ကြောင့် ဘုရားသခင်ထံသို့ ဆုတောင်းသည်။ စစ်မြေပြင် တိုက်ပွဲတွင် ဘုရားသခင်သည် ဣသရေလတို့ဘက်မှ ရပ်တည်ပါရန်တောင်း လျှောက်သည်။

မျှော်လင့်ချက်တက်လမ်း (၁၀၈:၁၃)

ဆာလံဆရာကြီ:သည် ဆုတောင်းပြီးသောအခါ အောင်စေရတုကျူးရင့်သည်။ ဘုရားသခင်မှ ပါဝင်တော်မူသောကြောင့် ရဲရင့်စွာပြုမည်။ ငါတို့ရန်သူများကို ကိုယ်တော်ကိုယ်တိုင်နင်းချေမည်ဟု သတ္တိသွေးယူသည်။ ရန်သူ့အပေါ် အောင်ပွဲဆင်မည်ဟု သံဓိဌာန်စိတ်ဖြင့် ကြွေးကြော်သည်။ ထိုသတ္တိသွေးကို အဘယ်ကရပါသနည်း။ အဘယ်က မွေးဖွားလာပါသနည်း။ Paul Gerhardt က ဤသို့ ဆိုထားသည်။

ငါ့ဘက်မှရပ်တည်၊ မည်သို့ကြောက်ရအံ့နည်း။

ငါ့ကိုဆန့်ကျင်ပုန်ကန်လာကြတိုင်း

ခရစ်တော်ကိုခေါ်လိုက်လို့

ရန်သူများထွက်ပြေးကြ

ငါ့မိတ်ဆွေအစွမ်းတန်ခိုးကြီးမားပေ။

ငါ့ကိုချစ်သောဘုရားရှင်

ရန်သူလှိုင်းများခက်ထန်လျှင်လည်း

မှဲတပေါက်မစွန်းပေ။

လောက ကမ္ဘာပျက်စီးပျောက်ကွယ်လည်း

ကိုယ်တော့်သစ္စာမပျက်။

အမုန်းကမ္ဘာဝိုင်းအုံနေလည်း

ကိုယ်တော်၏မေတ္တာတော်မခွဲခွာ။

ဆာလောင်မွတ်သိပ်ဘေးမရှိ

ဆင်းရဲဒုက္ခနတ္ထိ။

မင်းပြစ်မင်းဒဏ်မသိ

ငါခိုလှုံရာလုံခြုံပေ။

စိတ်အလျဉ်အစဉ်ရွှင်လန်းလျက်

၀မ်းနည်းကြေကွဲမှုကင်းစင်

နေရောင်ခြည်နွေးနွေးအောက်မှာ

တေးတကြော်ကြော်ဆိုပါမည်၊

ယေရှုမေတ္တာတော်နေရောင်ခြည်

ငါ့အပေါ်ဖုံးလွှမ်းလာ၊ ငါ့၏တေးဖွဲ့သီဆိုမှုာ

ကောင်းကင်ယံမှာ ချမ်းမြစ်ဖျားခံပါပေ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။