ဆာလံကျမ်း - ၁၀၂

ဒုက္ခရောက်ချိန်ဆုတောင်း
ဆင်းရဲသောသူသည် ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရားရှေ့တော်၌ ညည်းတွားမြည်တမ်း၍ ပြုသောပတ္ထနာ။
1အိုထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာကို နားထောင်တော်မူပါ။ အကျွန်ုပ်အော်ဟစ်ခြင်းအသံသည် ရှေ့တော်သို့ ရောက်ပါစေသော။ 2ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော်မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန် ထူးတော်မူပါ။ 3အကြောင်းမူကား၊ အကျွန်ုပ်၏နေ့ရက်ကာလသည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွန်ုပ်၏အရိုးတို့သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။ 4အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့အထိအခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်းကိစ္စကိုပင် မေ့လျော့တတ်ပါ၏။ 5ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။ 6အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့လည်းကောင်း၊ တော၌နေသော ဇီးကွက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ 7အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တစ်ကောင်တည်းနေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။ 8အကျွန်ုပ်ရန်သူတို့သည် တစ်နေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တစ်ဘက်၌ စော်ကားသောသူတို့သည် အကျွန်ုပ်ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။ 9စိတ်တော်မပြေ၊ 10အမျက်ထွက်တော်မူသောကြောင့်၊ အကျွန်ုပ်သည်ပြာကို မုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါလည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။ 11အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။
12အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။ 13ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော်မူသောအချိန် ရောက်ပါပြီ။ 14ကိုယ်တော်၏ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲတို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။ 15တစ်ပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကိုလည်းကောင်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကိုလည်းကောင်း ကြောက်ရွံ့ကြပါလိမ့်မည်။ 16ထာဝရဘုရားသည် ဇိအုန်မြို့ကိုတည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။ 17ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ပတ္ထနာကို မှတ်တော်မူလိမ့်မည်။ 18ထိုအကြောင်းအရာကို နောက်ဖြစ်လတ္တံ့သောလူမျိုးအဖို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတ္တံ့သောလူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ 19-22ချုပ်ထားသောသူ၏ညည်းတွားသံကို နားထောင်ခြင်းငှာလည်းကောင်း၊ သေရမည့်သူတို့ကို လွှတ်ခြင်းငှာလည်းကောင်း၊ အတိုင်းတိုင်းအပြည်ပြည်သောလူမျိုးတို့သည် ထာဝရဘုရား၏ဝတ်ကိုပြုလျက် စုဝေးကြသောအခါ၊ ဇိအုန်တောင်ပေါ်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား၏နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှာလည်းကောင်း၊ သန့်ရှင်းရာဌာနတော်အထွတ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရားသည် မြေကြီးကို ရှုမှတ်တော်မူ၏။
23လမ်းခရီး၌ ငါ၏အစွမ်းကိုလျော့စေခြင်းငှာလည်းကောင်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှာလည်းကောင်း ပြုတော်မူသောအခါ၊ 24ငါလျှောက်သောအချက်ဟူမူကား၊ အို အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအသက်ပျိုစဉ်ပင် ပယ်ရှားတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်တို့သည် ကာလအစဉ်အဆက် မြဲကြပါ၏။ 25ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။ 26ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း၊ 27ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။ 28ကိုယ်တော်ကျွန်တို့၏ သားမြေးတို့သည်တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။

ဆာလံကျမ်း - ၁၀၂ (အနက်ဖွင့်)

ဆာ ၁၀၂ ကရာနီကုန်းပေါ်ကသုံးပါးတဆူ

ဤဆာလံကျမ်းတွင် စကားပြောသူမည်သူလဲဟု သိရှိမှသာလျှင် ဆိုလိုရင်းသဘောပေါက်နိုင်မည်။ စကားပြောသူ တဦးတယောက်တည်းမဟုတ်ဘဲ အလှည့်အပြောင်းရှိသည်။

ငယ်၁၁၁သည် လက်ဝါးကပ်တိုင်ပေါ်သို့ တင်ကြမည်အကြောင်း သခင်ယေရှုက ဘုရားသခင်ထံသို့ ပြောစကား။

ငယ်၁၂၁၅ သည် ခမည်းတော်ဘုရားက အချစ်ဆုံးသားတော်သို့ တုန့်ပြန်ဖြေကြားသည့်စကား။ ငယ်၁၂ ကို ဟေဗြဲ : နှင့်ယှဉ်ဖတ်ပါ။

ငယ် ၁၆၂၁ သည် စကားပြောသူမပေါ်လွင်ပါ။ သန့်ရှင်းဝိညာဉ်တော်ဟု ယူဆစရာအကြောင်း ရှိသည်။ အဘယ်သို့ဆိုသော် မေရှိယသခင်လက်ထက်တွင် ဣသရေလတို့ ပြန်လည်စုစည်းကြမည်ဟုဆိုသည်။

ငယ်၂၃၂၄က သည် ကယ်တင်ရှင်သခင်က လူတို့၏အပြစ်ဒုစရိုက်များအတွက် အသေခံမည့် အကြောင်း ခမည်းတော်ဘုရားထံ ထပ်မံတင်ပြချက်ဖြစ်သည်။

ငယ် ၂၄ခ၂၈ ကို ဟေဗြဲ :၁၀၁၂နှင့် တဖန်ယှဉ်ဖတ်ပါ။ ခမည်းတော်ဘုရားက သားတော်ကို ပြောစကားဖြစ်သည်။

သခင်ယေရှုက လူ့လောကအပြစ်သားများအတွက် အသေခံမည်အကြောင်းနှင့်ပတ်သက်၍ သုံးပါး တဆူ အပြန်အလှန်စကားပြောခန်းကို ဤကျမ်းချက်မှတပါး အခြားကျမ်းစာများတွင်မရှိပါ။

၁၀၂: အပိုဒ်ငယ် ၁၊၂ကို ဖတ်ရှုသည့်အခါ သခင်ယေရှု၏ အောက်ကျို့ရိုကျိုးခြင်းကို အထင်အရှား တွေ့ရသည်။ ခမည်းတော်ဘုရားသခင်၏ စကားတော်ကို မြေ၀ယ်မကျနာခံလျက် ကားတိုင်ပေါ်တွင် အသေခံဖို့ သဘောတူသည်။ ဘုရားသားတော်မှန်သော်လည်း အသေခံဖို့ ၀န်ခံကျေနပ်သည်။

သခင်ယေရှုသည် ကူညီထောက်မသောအရှင်၊ အနာရောဂါကင်းငြိမ်းစေသူ၊ မိတ်ကောင်းဆွေကောင်း ဖြစ်သည်။  အဘယ့်ကြောင့် ကရာနီကုန်းပေါ်သို့ရောက်ရသနည်း။

ခမည်းတော်ဘုရားထံသို့ ဆုတောင်းသံကိုနားထောင်ကြည့်ပါ။ အားငယ်မာန်လျှော့လျက် ဆုတောင်း သည်။ ဘုရားရှင်တော်က ချက်ခြင်းပြန်ကြားသည်။

၁၀၂: ၀မ်းနည်းခြင်း၊ လူသားဟုခေါ်စမှတ်ပြုရအောင် ခံစားရမည့်ဆင်းရဲဒုက္ခ ဝေဒနာများကို ထုတ်ဖော်လှစ်ဟသည်။ ဘ၀မုန်တိုင်း ထန်နေသည်။ သောကလှိုင်းလုံး ခက်ထန်သည်။ မီးခိုးမီးငွေ့သို့နှယ် နေ့ရက်ကုန်ခမ်းသွားမည်။ ကြောက်စိတ်ဖြင့် လောင်ကျွမ်းနေပြီ။ ရိုးတွင်းခြင်ဆီလည်း ခမ်းခြောက်ကုန်ပြီ။ အရိုးပေါ်အရေတင် မွဲခြောက်နေပြီ။ တောနက်လွင်ပြင်ရှိ ငှက်ကြီးသံလို၊ ဖုန်းဆိုးတောမှ ဇီးကွက်ကဲ့သို့ ဘ၀ပျက်နေပြီ။ စားမ၀င်အိပ်မပျော်နိုင်။ ညဉ့်ကြီးမင်းကြီးထထိုင်သဖြင့် အိပ်ယာတွေလည်း တွန့်ကြေကုန်ပြီ။ ခေါင်မိုးပေါ်က အဖော်မဲ့ အထီးကျန်စာငှက်ငယ်လို တကောင်ကြွက်ဖြစ်နေပြီ။

၁၀၂:၁၁ ရန်သူများက တခါတလေအတင်းပြော၍ အားမရ၊ မကျေနပ်ကြ။ တချိန်လုံး ကဲ့ရဲ့ ကြသည်။ နာမတော်ကို ကျိန်ဆဲစရာစကားအဖြစ် သုံးကြသည်။ (ယနေ့ခေတ်ကာလတွင်လည်း ယေရှု၏ ဟေဗြဲစကားအခေါ်အဝေါ် Yeshua ကို သူ့ရန်သူများက အဖျားစွက်၍ Yeshu ဟုသုံးကြသည်။ မလိုတမာ ကျိန်ဆဲသည့်လက္ခဏာရှိသည်။ လောကသားများက နာမည်ကိုပင် မခေါ်ချင်မုန်းတီးကြသည်)။ ၀မ်းနည်းခြင်းပြာကို မုန့်အဖြစ်စား၍ ကြေကွဲခြင်းမျက်ရည်ကို ဟင်းချိုအဖြစ် သောက်သုံးနေရပါသည်။

ဘုရားသခင်၏စွန့်ပစ်ခြင်း၊ အမျက်ဒေါသသင့်သောကြောင့် ဆင်းရဲဒုက္ခခံရကြောင်း ကိုယ်တော်သိရှိ သည်။ သို့သော် ပုဂ္ဂိုလ်ရေးအရ ဘုရားသခင်သည် အမျက်ဒေါသထွက်ခြင်းမဟုတ်။ လူတို့၏အပြစ်ဒုစရိုက် များကို ပုခံးပေါ်သို့ သယ်ထမ်းသွားသောကြောင့်ဖြစ်ပါသည်။ စွန့်ပစ်ဖို့ရန် ထိုသို့ဆောင်ကြဉ်းသည်ကို ဘုရားရှင်တွေ့မြင်သောကြောင့် မျက်နှာတော်လွှဲသည်။ သို့ဖြင့် ကိုယ်တော်၏ လူ့လောကနေ့ရက်များသည် ညနေဆည်းဆာနှင့်အတူ ပင်လယ်ထဲသို့ ၀င်သွား၍ တောနှင်းပန်းများပမာ ကြွေကျခဲ့သည်။

၁၀၂:၁၂၁၅ ဘုရားသခင်က သခင်ယေရှု၏ဆုတောင်းစကားကို နာခံသည်။ အားပေးစကား တုန့်ပြန်သည်။ ဘုရားရှင်၏သားတော်ဟုခေါ်လျက် ခေတ်ကာလအဆက်ဆက်က နာမတော်ကို ခေါ်ဆိုကြမည့်အကြောင်း စိတ်ရှည်သီးခံဖို့ရန် အားပေးသည်။ သေလွန်သော်လည်း ရှင်ပြန်ထမြောက်သည့် အပြင် ကောင်းကင်ဘုံယံသို့ ပြန်လည်ကြွမြန်းမည်။ ထို့နောက် ကေသရာဇာခြင်္သေ့မာန်ဖြင့် တဖန် လူ့လောကသို့ ပြန်လည်ကြွလာမည်။ ဇိအုန်တောင်ရှိ ယုဒလူများသို့ ကရုဏာတော်ပြသမည်။ ထိုကျမ်းစကား သည် မျက်နှာရသူများ ဖူးမြင်ရမည့်အကြောင်းနှင့် အတူတူဖြစ်သည်။ ဣသရေလလူများသည် တမျိုးသားလုံး ပြန်လည်စုစည်းမည့်အချိန်ကို စောင့်မျှော်ရင်း ဇိအုန်တောင်တွင် ကျောက်ခဲများကိုဖက်တွယ်၍ ဖုံမှုန့်များကိုလည်း စုံမက်ကြသည်။ အနောက်တိုင်းတွင် ကမ္ဗည်းကျောက်တိုင်စိုက်ထူခြင်း အမှတ်တရ ကျောက်တိုင်ထူခြင်းမျိုးဖြစ်သည်။ ယေရုရှလင်မြို့တော်ဟောင်းကို အမှတ်တရဖြစ်စေဖို့ ပြုလုပ်ကြမည်။ ဇိအုန်တောင်က ပြည့်ရှင်မင်းတရားကြီးအား ကြိုဆိုသည့်အခါ တပါးအမျိုးသားများက ကြောက်လန့် တုန်လှုပ်ကြမည်။ လောကတိုင်းနိုင်ငံမင်းများကလည်း ခစား၀င်ရောက်လာကြမည်။

၁၀၂:၁၆၂၂ ဤကျမ်းချက်တွင် ပထမလူနှင့် ဒုတိယလူအနေဖြင့် အပြန်အလှန် ပြောဆိုပုံများ ရပ်နားပြီ၊ တတိယလူပုံစံဖြင့် ပြောဆိုပါသည်။ သန့်ရှင်းဝိညာဉ်တော်၏စကားဟု နားလည်ရသည်။ ခရစ်တော်၏ အုပ်စိုးမှုကာလရောက်သောအခါ ဣသရေလလူများ ပြန်လည်စုစည်း၍ နလံထူမည့်အကြောင်း ပြောထားသည်။ မေရှိယသခင်သည် ဘုန်းတန်ခိုးဖြင့် ပြန်လည်ကြွလာပြီ။ ဇိအုန်တောင်ကို ဆောက်တည်မည်။ ထိုနေ့ရက်တွင် ပြန့်ကြဲသောဆုတောင်းသံရှင်များ ပြန်လည်စုစည်းကြမည်။ သို့ဖြင့် လုပ်ဆောင်ရကျိုး နပ်ကြောင်း သိရှိလာကြမည်။ နောင်လာနောက်သာများက ကောင်းကင်ဘုံမှ ဘုရားသခင် ညှဉ်းပန်းနှိပ်စက် ခံရသူများ၏ ငိုယိုသံကြားသိပုံ၊ ပြန့်ကြဲနေသော ဣသရေလလူများ ပြန်လည်စုစည်းပုံကို အံ့မခန်း ဖတ်ရှု သိရှိကြမည်။  လူမျိုးတော်တို့ ယေရုရှလင်တွင် ပြန်လည်စုစည်း၍ ၀တ်ပြုကိုးကွယ်ကြသောအခါ အကျဉ်းချခံ ထောင်သားများသည် ဘုရားရှင်တကယ်လွှတ်ပုံ၊ အပြစ်ပယ်ခံသူများ လူရာသွင်းပုံ အချင်းချင်းဝေငှ သက်သေခံကြမည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းထောမနာပြုကြမည်။

၁၀၂:၂၃၂၈ ဆာလံဆရာက သခင်ဘုရားကို ကားတိုင်ပေါ်သို့ ပြန်ပို့ပြီ။ ထိုမြင်ကွင်းကို တဖန် ကြည့်ကြပါစို့။ ထိုစဉ်ကာလတွင် သခင်ယေရှု၏သက်တော်သည် လူ့လောကအသက်အားဖြင့် (၃၀)သာသာ ရှိသည်။ သူ့ဘဝအင်အားတခုလုံး ပေးဆပ်အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ လူ့ဘ၀ခရီးသည် မတည်ငြိမ်မရင့်ကျက်သေး။ သို့ကြောင့် ကိုယ်တော်ဘုရား၊ အကျွန်ုပ်၏နေ့ရက်များကိုယူဆောင်သွား၍ ဘ၀မတိုပါစေနှင့်ဟု ဆုတောင်းသည်။

ဘုရားသခင်ထံတော်မှ အဖြေစကားချက်ခြင်းပြန်လာသည် (ငယ် ၂၄ခ)၊ “ကိုယ်တော်၏ နှစ်တို့သည် ကာလအစဉ်အဆက်မြဲပါ၏” (TEV)။ ယေဟောဝါဘုရားသခင်၏စကားတော်ဖြစ်သည်။ ဟေဗြဲ ၁:၁၀-၁၂ နှင့်ယှဉ်ကြည့်ပါ။ ခမည်းတော်ဘုရား၏အသံတော်ဖြစ်သည်။ ဘုရားသခင်က သားတော်အပေါ်သို့ သဘောထားဖြစ်သည်။

ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကိုတည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းပါ၏။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော် မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းသွားကြ၍ အသစ်တဖန် ပြောင်းလဲ ဝတ်ဆင်ကြသော်လည်း ကိုယ်တော်သည် ပြောင်းလဲခြင်းမရှိ။ အစဉ်သဖြင့် တည်တံ့၏။ ကိုယ်တော်သည် နိစ္စထာဝရတည်တံ့သကဲ့သို့ သူ့လူများနှင့် ၎င်းတို့၏ရတနာများသည်လည်း တည်မြဲသည်။ အစေတော်ခံကျွန်များ၏ သားသမီးများသည်လည်း ဘေးကင်းလုံခြုံကြသည်။ ဘုရားရှင်က သားစဉ်မြေးဆက် ကွယ်ကာစောင့်ရှောက်ပေးသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။