ဆာလံကျမ်း - ၁၀၁

ဘုရင်၏ကတိတော်
1ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင်ခြင်းကိုအကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။ 2စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ်ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ်အိမ်တွင် သန့်ရှင်းသောစိတ်နှလုံးနှင့် ကျင့်ပါမည်။ 3အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲသောသူ၏အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။ 4သဘောကောက်သောသူသည် ငါ့ထံမှထွက်သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဖော်။ 5မိမိအိမ်နီးချင်း၏အသရေကို တိတ်ဆိတ်စွာဖျက်သောသူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။ 6သစ္စာရှိသော ပြည်သားတို့သည် ငါ့ထံမှာနေမည်အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏အမှုကိုဆောင်ရွက်ရမည်။ 7လှည့်စားတတ်သောသူမူကား၊ ငါ့အိမ်၌မနေရ။ မုသားစကားကို ပြောတတ်သောသူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။ 8ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီးလေအံ့သတည်း။

ဆာလံကျမ်း - ၁၀၁ (အနက်ဖွင့်)

ဆာ ၁၀၁တော်၀င်သံဓိဌာန်

ဒါဝိဒ်၏စိတ်ထားသည် တကိုယ်ရေတကာယ အတ္တအတွက်ချည်းမဟုတ်။ သူကိုယ်တိုင် အပြင်လူ အများ၏ ဘ၀ခရီးအတွက်လည်း ဖြစ်သည်။ သူ့နန်းတော်နှင့် နိုင်ငံတော်အပေါ် ထားရှိသည့်ရည်ရွယ်ချက် သည် သခင်ယေရှုတဖန်ကြွလာ၍ ဒါဝိဒ်၏ရာဇပလ္လင် ဆက်တည်သည့်အခါမှ ပြည့်စုံလာမည်။ ဤဆာလံ တေးသည် ဒါဝိဒ်၏နိုင်ငံတော် ကျေညာစာတမ်းဖြစ်သည်။

၁၀၁: ဘုရားသခင်၏ကရုဏာတော်နှင့် တရားမျှတခြင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်သည်။ ထိုတရားတော်သည် ကိုယ်တော်ဘုရားထံတွင်တည်၍ ကိုယ်တော်ကြွလာသည့်အခါ အတိုင်းသားတွေ့မြင်ကြ ရမည်။ ဆာလံဆရာက ဘုရားရှင်ဘက်မှတွေးပေးသည်။ ဘုရားသခင်၏ကရုဏာတော်သည် ဣသရေလလူ များအပေါ်သို့ တည်၍ရန်သူများအပေါ်တွင် တရားစီရင်ခြင်းကျရောက်သည်။ သို့ကြောင့်လည်း အစဉ်မနှေး အမြန်ပေး၍ ချီးမွမ်းတေးဆိုမည်ဟုဆိုသည်။

၁၀၂: နောက်ပုဂ္ဂိုလ်ရေး လိုအပ်ချက်များတောင်းဆိုသည်။ ဘုရားသခင်၏တရားတော်အတိုင်း လိုက်နာကျင့်ကြမည်။ အပြစ်ပြောစရာမရှိအောင် ဆင်ခြင်မည်။ မတရားမှု ရှောင်ရှားမည်။ ကိုယ်တော်နှင့် နီးကပ်စွာ အသက်ရှင်ချင်သည်။ သို့ကြောင့် ဘယ်တော့အလည်အပတ်ကြွလာမည်လဲဟု မေးလျှာက်သည်။ ထိုစကားကို အဓိပ္ပါယ်အမျိုးမျိုးဖြင့် ဖွင့်ဆိုကြသည်-

-မြင့်မြတ်စင်ကြယ်စွာ အသက်ရှင်လိုသောကြောင့် ဘုရားရှင်ကိုတမ်းတသည်။

-ဘုရားသခင်ပေးထားသော ပဋိညာဉ် (၂ရာ ၇)ကို ပြည့်စုံစေလိုသည်။ လူ့လောကမှာ ဘုရားသခင် နိုင်ငံတော် တည်ထောင်မည့်အကြောင်း ပြည့်စုံစေလိုသည်။

-ဘုရားသခင်ထံသို့ သံဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ပြီးပြည့်စုံစေရန် ဘုရားသခင်ရှိတော်မူရာအရပ်မှာ နေချင်သည်။

သူ့စိတ်နှလုံးတွင် အိမ်တော်ကိုလည်း သံယောဇဉ်ငြိတွယ်သည်။ အသက်ရှင်သည့်ကာလပတ်လုံးတွင် ဖြောင့်မတ်တည်ကြည်စွာ အသက်ရှင်လိုသည်။ ဖရိုဖရဲ ပတ်စလက်ခတ်မနေချင်။ မျက်နှာနှစ်မျိုးမထားတတ်။ မျက်နှာများသူ မဖြစ်ချင်။

၁၀၁:  အဓမ္မအရာတို့ကို မျက်မှောက်မပြုပါ။ မတော်မတရားသူများ၏ အကြံအစည်တွင် မပါ၀င်။ နှီးနှောတိုင်ပင်ခြင်းမလုပ်။ ပါ၀င်ပတ်သက်ခြင်းမပြု။

ထိုမတော်မတရားသူများ၏လုပ်ဆောင်ချက်မျိုးကို မုန်းတီးသည်။ ဝေးဝေးမှရှောင်သည်။ သမ္မာအာဇီဝကိုသာ အားပေးသည်။ သစ္စာမရှိသူ ဖြောင့်မတ်ခြင်းမရှိသူများကို အပေါင်းအသင်းမလုပ်။ အဖော် အဖက်မပြု။

စိတ်ပေါင်းကိုယ်ခွာလည်းမလုပ်။ မဟုတ်မမှန် မတော်မတရားမှုဟူသမျှ ရှောင်ကြဉ်သည်။ မိမိ ကိုယ်တိုင်၌ အကျင့်သိက္ခာကောင်းမွန်ရသကဲ့သို့ အတိုင်ပင်ခံ၊ လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းရောင်း ရင်းများသည်လည်း ဂုဏ်သမာဓိနှင့် ပြည့်စုံသူဖြစ်ရသည်။ မကောင်းသောသူနှင့်အပေါင်းအဖော်ဆိုသည်မှာ နန်းတွင်းသူ နန်းတွင်းသားများ၊ မင်းစေများလည်း ပါ၀င်သည်။   KIV ကျမ်းမူတွင် “မတော်မတရားသူများ ကို မသိ”ဟု ဆိုသည်။ ဤနေရာတွင် သိသည်ဆိုသည်မှာ လက်ခံပေါင်းသင်းခြင်းကို ဆိုလိုသည်။

၁၀၁: မိမိအိမ်နီးနားခြင်း၏ဂုဏ်သိက္ခာထိပါးသူကို အပေါင်းအသင်းမပြုရ။ ပစ်ခွာရှောင်ကြဉ် ရသည်။ ဆိုလိုသည်မှာ သေဒဏ်ပေးရမည်။ RSVကျမ်းမူတွင်မူ ဘုရင့်နယ်ပယ်မှ ပြည်နှင်ဒဏ်ပေးရမည်ဟု ဆိုသည်။ NASB ကျမ်းမူတွင်မူ ငြိမ်သက်တိတ်ဆိတ်စေဟုဆိုသည်။

မာနထောင်လွှားဝါကြွားသူကိုလည်း ထိုသို့ပြုမူဆက်ဆံရမည်။ တော်၀င်မင်းနေပြည်တော်တွင် ခံစားခွင့်မရှိ။

၁၀၁: နိုင်ငံတော်တွင် ပဝင်ခွင့်ရဖို့ အဓိကအရည်အချင်း(၂)ရပ်မှာ ကိုယ်ကျင့်သိက္ခာနှင့် စိတ် သဘောထား မြင့်မြတ်ခြင်းဖြစ်သည်။ တိုင်းပြည်သစ္စာခံယူသူများသည် ရှင်ဘုရင်၏မြှောက်စားခြင်း ခံကြရသည်။ အကျင့်စာရိတ္တ ဖြူစင်ရိုးသားသူများသည် ရှင်ဘုရင်၏စားတော်ကဲ စေခံကျွန်ရင်းများ ဖြစ်ကြရသည်။

၁၀၁: လိမ်လည်ကောက်ကျစ်သူများ၊ မုသာပြောသူများ၊ ကုန်းချောတတ်သူများသည် ဘုရင့် ရှေ့တော်တွင် နေရာမရကြ။ တတ်ယောင်ကားများနှင့် ကလိမ်ကကျစ်များအတွက် နေရာမရှိ။

ခပ်ရှင်းရှင်းပြောရလျှင် ရှင်ဘုရင်သည် ရိုးသားဖြောင့်မတ်ခြင်းမရှိသူများအား အသုံးမပြု။ ပယ်ဖြတ် ရမည်ဆိုသည်မှာ အရေးယူအပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ဘုရားသခင်၏ မြို့တော်ယေရုရှလင်မှ မောင်းထုတ် ခြင်းဖြစ်သည်။ “ကမ္ဘာမြေက ဆိုးသွမ်းညစ်ညမ်းသောင်းကျန်းခြင်း မျိုးစုံမွေးဖွားသည်။ ထိုသို့ ဒုစရိုက်ပြုသူ ဟူသမျှသည် ယေဟောဝါဘုရားသခင်၏ မြို့တော်မှ မောင်းထုတ်ခြင်းခံရသည်။”၆၉

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။