သုတ္တံကျမ်း - ၆

လက်တွေ့ကျသောဆုံးမခြင်း
1ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်လည်းကောင်း၊ သူတစ်ပါးနှင့် လက်ဝါးချင်း ရိုက်မိသော်လည်းကောင်း၊ 2ကိုယ်နှုတ်ထွက်စကားဖြင့် ကျော့မိပြီ။ ကိုယ်ပြောသောစကားကြောင့် အမှုရောက်လေပြီ။ 3ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကိုနုတ်အံ့သောငှာ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့သွား၍၊ ကိုယ်ကိုနှိမ့်ချလျက် သူ့ကိုနှိုးဆော်လော့။ 4အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။ 5မုဆိုးလက်မှ သမင်ဒရယ်ကိုလည်းကောင်း၊ ငှက်ကိုလည်းကောင်း နုတ်ရသကဲ့သို့ ကိုယ်ကိုနုတ်လော့။
6အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ 7ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ 8နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ 9အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံးအိပ်လျက် နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ 10ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှာ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊ 11ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။
12ဆိုးယုတ်သောသူနှင့် မတရားသောသူသည် ကောက်လိမ်သောစကား၌ ကျင်လည်တတ်၏။ 13မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေးလျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။ 14ကောက်သောစိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသောအကြံကို အစဉ် ကြံစည်တတ်၏။ သူတစ်ပါးချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်၏။ 15ထိုကြောင့် သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်ရာမရဘဲ ချက်ချင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
16ထာဝရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ပါးဟူမူကား၊ 17ထောင်လွှားသော မျက်နှာတစ်ပါး၊ မုသား၌ ကျင်လည်သောလျှာတစ်ပါး၊ အပြစ်မရှိသောသူ၏ အသက်ကိုသတ်သော လက်တစ်ပါး၊ 18မကောင်းသော အကြံကို ကြံစည်သောနှလုံးတစ်ပါး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သော ခြေတစ်ပါး၊ 19မုသားစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူ တစ်ပါးတည်း။
သူတစ်ပါးအိမ်ရာကိုမပြစ်မှားရန်သတိပေးခြင်း
20ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသော တရားကို မပယ်နှင့်။ 21နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။ 22သင်သည် အခြားသို့သွားသောအခါ၊ ထိုပညတ်တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကိုစောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက်လိမ့်မည်။ 23အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။ 24ဆိုးသော မိန်းမနှင့်လည်းကောင်း၊ အမျိုးပျက်သောမိန်းမ ချော့မော့တတ်သောနှုတ်နှင့်လည်းကောင်း လွတ်စေခြင်းငှာ၊ သင့်ကိုစောင့်ဖို့ရာ ဖြစ်သတည်း။ 25ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သောစိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကို မကျော့မိစေနှင့်။ 26အကြောင်းမူကား၊ ပြည့်တန်ဆာမကို မှီဝဲသောယောက်ျားသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကိုဖမ်းတတ်၏။ 27လူသည် အဝတ်မလောင်ဘဲ မီးကို ပိုက်ဖက်နိုင်သလော။ 28ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော။ 29သူ့မယားထံသို့ ဝင်သောသူသည် ထိုနည်းတူဖြစ်၏။ သူ့မယားကို ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့် မကင်းမလွတ်နိုင်ရာ၊ 30မွတ်သိပ်သောစိတ်ပြေစေခြင်းငှာ၊ ခိုးသောသူပင် အပြစ်မလွတ်ရ။ 31တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။ 32သူ့မယားကို ပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။ 33နာကျင်စွာထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။ 34အကြောင်းမူကား၊ ယောက်ျားသည် မယားကိုမယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန် ရောက်သောအခါ သနားခြင်းမရှိတတ်။ 35လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသောလက်ဆောင်တို့ကို ပေးသော်လည်း စိတ်မပြေတတ်။

သုတ္တံကျမ်း - ၆ (အနက်ဖွင့်)

(မိုက်မဲစွာအာမခံခြင်း၊ ပျင်းရိခြင်း၊ လှည့်စားခြင်း (:၁၉)

          : အပိုဒ်ငယ် (၅)ခုသည် သူတပါးအတွက် ကြားဝင်အာမခံပေးခြင်း အကြောင်း သတိပေးခြင်းဖြစ်သည်။ သူတပါး၏ ကြွေးမြီကို ဝင်ရောက် အာမခံပေးပါသလား။ ထိုစကားကြောင့် ကိုယ့်စကားနှင့်ကိုယ်ကြော့ကွင်းမိနေဦးမည်။ သင့်မိတ်ဆွေ အပေါင်းအသင်းက အရစ်ကျစနစ်ဖြင့် ကားဝယ်သည်ဆိုပါစို့။ သက်ဆိုင်ရာကုမ္ပဏီက ကားဝယ်သူအား အာမခံပေးမည့်သူကို လက်မှတ်ထိုးခိုင်းရာ ခင်မင်ရင်းနှီးမှုကို ထောက်ထား၍ ထိုးပေးလိုက်သည်။ အကယ်၍ ထိုကားဝယ်သူသည် တစုံတခုကြောင့် ငွေမပေးချေနိုင်လျှင် သူ့အစား ငွေပေးချေဖို့ သင့်မှာ တာဝန်ရှိသည်။

ဤကျမ်းပိုဒ်တွင် ပါရှိသော မိတ်ဆွေသည် သင့်အိမ်နီးနားချင်းဖြစ်သည်။ သူတပါးမှာ သင့် အာမခံချက်ပေးထားသူ ဖြစ်သည်။

:   ကိုယ်နှုတ်ထွက်စကားဖြင့် ကျော့မိပြီ။ ကိုယ်ပြောသောစကားကြောင့် အမှုရောက်လေပြီ။ တနည်းအားဖြင့် နှုတ်ကတိပေးထားခြင်းဖြင့် ထောင်ချောက်မိနေပြီ။ နှုတ်ကတိပေးခြင်းသည် ကြီးမားသောအမှား ဖြစ်သည်။

: ထိုကျော့ကွင်းမှ ဖြေလွှတ်ရန် အကောင်းဆုံးသော နည်းလမ်းမှာ ကိုယ်တိုင်သွားရောက် တောင်းဆိုခြင်း ဖြစ်သည်။ လက်မှတ်ထိုးပေးသော မိတ်ဆွေထံသို့ သွားရောက်၍ အောက်ကျို့နှိမ့်ချစွာ သွားရောက်တောင်းပန်ပါ။

: ထိုကျော့ကွင်းမှ ဖြေလွှတ်ခွင့်ရရန် အရေးကြီးသည်။ အကြံကုန်၍ သိုးသငယ်ကဲ့သို့ လည်စင်းခံဖို့ လက်မှိုင်မချနှင့်။ မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း၊ နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။

အခက်အခဲ အကြပ်အတည်းတွေ့နေသော မိတ်ဆွေအပေါင်းအသင်းအား အရဲစွန့်၍ အာမခံချက်မပေးဖို့ ကျမ်းစာက အဘယ်ကြောင့် တားမြစ်သနည်း။ ထိုသို့အာမခံပေးခြင်းသည် အိမ်နီးနားချင်းနှင့် မိတ်ဆွေအပေါင်းအသင်းအား စာနာကူညီခြင်း မဟုတ်ဘူးလား။ မှန်ပါသည်။ စာနာကူညီခြင်း ဖြစ်ပါသည်။ သို့သော် တရားနည်းလမ်းကျသော မှန်ကန်ခြင်းမဟုတ်ပါ။

၁။ အမှန်တကယ်ကူညီလိုလျှင် ဘုရားသခင်အလိုတော်နှင့်အညီ ဝယ်ပေးလိုက်ပါ။

၂။ ထိုသို့သော ကူညီခြင်းမျိုးသည် လက်ဖွာခြင်းဖြစ်သည်။ လောင်းတမ်းကစားခြင်းဆန်သည်။

၃။ အကယ်၍ ငွေမပေးချေနိုင်ပါက အာမခံပေးသူတွင် တာဝန်ရှိသည်။ မစားသောက်ဘဲ ကြားချောင်ခံနေရမည်။ အငှါးဗိုက်နှင့်သူများ ဓါးထိုးခံနေရမည်။ မိတ်ပျက်သွားမည်။

ထိုသို့ အာမခံပေးခြင်းထက် တတ်နိုင်သမျှ ပေးကမ်းကူညီခြင်းက နားရှင်းသည်။ ထို့ကြောင့် မရေရာ၊ မသေချာသောကိစ္စတွင် ဝင်ရောက်အာမခံခြင်း မပြုနှင့်။

:   အငယ် ၆-၁၁ သည် လူပျင်းများကို ဆုံးမခြင်းဖြစ်သည်။ သင်ဆရာမှာ ပုရွက်ဆိတ် ဖြစ်သည်။ ပုရွက်ဆိတ်သည် သူ့ပစ္စည်းကို မနေမနား မမောမပန်း ခေါက်တုန့်ခေါက်ပြန် သယ်ပိုးသည်။ ပုရွက်ဆိတ်တွင် ဦးစီးခေါင်းဆောင်၊ လမ်းပြ၊ ကြီးကြပ်ကွပ်ကဲသူမရှိသော်လည်း အသိကိုယ်စီဖြင့် တာဝန်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြသည်။ ပုရွက်ဆိတ်အုံကို ကြည့်လျှင် အရပ်မျက်နှာအသီးသီးသို့ လျှောက်သွားကြောင်း တွေ့ရမည်။ သို့သော် အချည်းအနှီး၊ ရည်ရွယ်ချက်မဲ့ လျှောက်သွားကြသည်မဟုတ်။ ရည်ရွယ်ချက်တခုခုဖြင့် လှုပ်ရှားသွားလာသည်။ အမိန့်ပေးစနစ်၊ အဆင့်ဆင့်ကွပ်ကဲမှုစနစ် မရှိသော်လည်း လုပ်ငန်းအကောင်အထည်ဖော် ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိကြသည်။

:  ဤမျှသေးငယ်သော သတ္တဝါသည် အချိန်အခါကို အခွင့်ကောင်းယူ၍ အားကြိုးမာန်တက် အလုပ်လုပ်တတ်သည်။ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ ဆိုလိုသည်မှာ အိုစာမင်းစာတွေးပူ၍ သိုလှောင်ခိုင်းခြင်းမဟုတ်။ အချိန်ရှိခိုက် လုံ့လစိုက်၍ အားကြိုးမာန်တက် အလုပ်လုပ်ခိုင်းသည်။

ဤကျမ်းပိုဒ်၏ သင်ခန်းစာသည် ခရစ်ယာန်အား မမျှော်လင့်နိုင်သော အခြေအနေကာလဆိုးအတွက် တွေးပူ၍ ဥစ္စာရှာမှီး စုဆောင်းခိုင်းခြင်း မဟုတ်ပါ။ ယုံကြည်သူများသည် မြေကြီးဘဏ္ဍာဆည်းပူးခြင်း မပြုရပါ (မ ၆:၁၉)။ ပုရွက်ဆိတ်များ အားကြိုးမာန်တက် လုပ်ကိုင်ကြရသကဲ့သို့ ယုံကြည်သူများသည်လည်း အနာဂတ်အတွက် အားထည့်ရမည်။ သို့သော် ပုရွက်ဆိတ်သည် ကမ္ဘာမြေလောကအတွက်ဖြစ်၍ ယုံကြည်သူများသည် ကောင်းကင်နိုင်ငံအတွက် ဖြစ်ရသည်။ ဉာဏ်ပညာရှိသော ခရစ်ယာန်တိုင်းသည် မြေကြီးဘဏ္ဍာမဆည်းပူးကြပါ။ ကောင်းကင်ဘဏ္ဍာကိုသာ ရှာဖွေစုဆောင်းကြသည်။

: လူပျင်းများသည် အိပ်ရေးဝသည်ဟူ၍မရှိ။ ပျင်းကြောစွဲကြသည်။ “နံနက်စောစောထခြင်းထက် အိပ်ယာထဲတွင် ခွေခေါက်ခြင်းက ပိုမို၍ ဇိမ်ကျသည်”ဟု ယူဆကြသည်။ အိပ်ယာထ အချက်ပေးသံလည်း မကြားကြ။ အိပ်ချင်ယောင်ဆောင်သူများ အနိုးရခက်သည်။

:၁၀၁၁ နိုးနေလျှင်လည်း ချက်ချင်းမထ။ “ခဏအိပ်ဦးမည်။ ခဏလှဲဦးမည်။ ခဏမှိန်းဦးမည်။ တရေးအိပ်ဦးမည်”ဟု အမျိုးမျိုးဆင်ခြေပေးတတ်ကြသည်။

တနည်းအားဖြင့် အိမ်မှုကိစ္စရေးရာများက စောင့်ချင်စောင့်နေမည်။ သို့သော် အချိန်နှင့်ဒီရေကမစောင့်။ ထိုခဏမှေးခိုက်တွင် ဆင်းရဲခြင်းသည် ခရီးသွားဧည့်သည်ကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာသည်။

:၁၂ အပိုဒ်ငယ် ၁၂-၁၅ တွင် ကောက်ကျစ်သောသူအား သတိထားဖို့ ဆုံးမထားသည်။ ထိုသူသည် မျက်နှာထားချိုချို၊ စကားနွဲ့နွဲ့ပြောတတ်သော်လည်း စိတ်နှလုံးသည် လှည့်ဖျားစဉ်းလဲသည်။ သူ့နှုတ်ဖျားမှ ပလီပလာ မာယာစကားများ ထွက်သည်။

:၁၃၁၄ မူယာမာယာ အမျိုးမျိုး လုပ်လေ့ရှိသည်။ သူ၏မူမှန်သော အတွင်းစိတ်ကို အမျိုးမျိုး ဖုံးကွယ်လေ့ရှိသည်။ ပြောဆိုနေထိုင်ရာတွင် ဣန္ဒြေမရ။ မျက်စပစ်လိုက်၊ မျက်စိမှိတ်ပြလိုက်၊ လက်ချောင်းများ ရွစိရွစိလှုပ်၍ ခြေထောက်များသည်လည်း အပိုးမသေ၊ အငြိမ်မနေ။

          စိတ်နှလုံးလည်း လှည့်ဖျားစဉ်လဲဖို့သာ စဉ်းစားသည်။ မကောင်းသောအကြံရှိ၍ အချင်းချင်းရန်တွေ့ပေးတတ်သည်။ မူယာမာယာသဲကိုးဖြာ ခင်းတတ်သည်။

:၁၅ “ထိုလူသည် ကာလရှည်ကြာမခံ၊ သက်စိုးမရှည်။ ရုတ်တရက်ပြိုလဲလျှင်လည်း ပြန်လည်နလံမထူနိုင်”(Knox)။ မျက်မှောက်စာနယ်ဇင်းများ ဖတ်ရှုလျှင် ထိုအဖြစ်အပျက်မျိုး မကြာခဏ တွေ့ရမည်။

:၁၆  ဤမတရားသောသူ၏ အပြုအမူ လက္ခဏာ အကျင့်စရိုက် (ငယ် ၁၂-၁၅)များကို ဘုရားသခင်က မုန်းသည် (ငယ် ၁၆-၁၉)။ အထူးသဖြင့် အချင်းချင်းသွေးကွဲအောင် ရန်တိုက်ပေးသောအမှုကို မုန်းသည် (ငယ် ၁၄ နှင့် ၁၉ ကို ယှဉ်ဖတ်ပါ)။

ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောခုနှစ်ပါး” ဆိုသည်မှာ ဤရွေ့ဤမျှဖြစ်သည်ဟု အတိအကျဆိုလိုခြင်းမဟုတ်။ အခြားအမှုအရာများလည်းရှိသည်ဟု ဆိုသည်။ သို့မဟုတ် အမုန်းတီးဆုံး (၇)ခု ဟုလည်း မှတ်ယူနိုင်သည်။

:၁၇ ထောင်လွှားသော မျက်နှာထား။ မာနသည် သူ့ကိုယ်သူ ကိုးကွယ်သူဖြစ်သည်။ မာနက ဤသို့စကားဆိုသည်။

ငါ့အရှင်သခင်ကို အချည်းအနှီးဟု အပြစ်ရှာမတွေ့နိုင်။ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်။ ကလေးနာမည်ပေးချင်လျှင် ကလေးရှိရသည်။ မင်္ဂလာဆောင်ချင်လျှင် သတို့သမီးရှိရသည်။ အသုဘချချင်လျှင် အလောင်းကောင်ရှိရသည်။၁၀

မုသာ၌ကျင်လည်သောလျှာ။ လျှာကိုကျေးဇူးတော်ချီးမွမ်းဖို့ ဘုရားရှင်က ဖန်ဆင်းထားသည်။ မုသာစကားသည် မိုက်မဲခြင်းတမျိုးဖြစ်သည်။ ယုံကြည်သူသည် မုသာစကားပြောသင့်ပါသလား။ ဘုရားသခင်က မုသာစကားပြောခွင့်၊ လိမ်လည်လှည့်ဖျားခွင့်မပြုပါ။ ဆိုးညစ်သောအမူအရာ အပြုအမူတခုမှ ခွင့်မပြုပါ။

အပြစ်မရှိသောသူ၏ အသက်ကိုသတ်ခြင်း။ သက်ရှိလူသားတိုင်းသည် ဘုရားသခင်အတွက် ကိုယ်စီတန်ဖိုးရှိကြသည်။ ထိုသို့ တန်ဖိုးထားကြောင်း ကရာနီကုန်းပေါ်မှ ခရစ်တော်၏ ရွေးနှုတ်ခြင်းအမှုဖြင့် သိသာနိုင်သည်။ ကြီးလေးသောအပြစ်ဖြစ်သည်။ ဘုရားသားတော်ကို သတ်ပစ်ကြခြင်းသည် ကြီးလေးလွန်းလှပါသည် (က ၉:၆)။

:၁၈  မကောင်းသောအကြံကို ကြံစည်သောနှလုံး။ သူတပါးပျက်စီးရာပျက်စီးကြောင်း၊ ဒုက္ခဆင်းရဲရောက်ဖို့ အတွေ့အကြုံ ဖြစ်သည်။ တမင်ကြံစည်သည်ဖြစ်စေ၊ နောက်ပြောင်၍ဖြစ်စေ၊ မကြံစည်အပ်။ နောက်ပြောင်ခြင်းဖြစ်သော်လည်း ထိုသူဒုက္ခရောက်မည်အမှန်ဖြစ်သည်။ မကောင်းသော အကြံအစည်နှင့် ပတ်သက်၍ သခင်ယေရှုက မာ ၇:၂၁-၂၂ တွင် ရှင်းပြထားသည်။

အပြစ်စပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေ။ သူတပါးဆင်းရဲဒုက္ခပေးသော စိတ်နှလုံးသာမက ဒုစရိုက်အမှုသို့ သွားတတ်သောခြေထောက်ကိုလည်း ဘုရားသခင်က မုန်းသည်။

:၁၉  မုသာစကားဖြင့် သက်သေခံသူ။ လူရှေ့သူရှေ့တွင်၎င်း၊ တရားရုံးတွင်၎င်း၊ လိမ်လည်၍ မမှန်သက်သေခံခြင်းဖြစ်သည်။ အပိုဒ်ငယ်(၁၇)တွင် နေ့စဉ်အသက်တာ၌ သတိထားရမည့်အကြောင်း ရှင်းပြထားပြီးဖြစ်သည်။

ညီအစ်ကို အချင်းချင်း ရန်တိုက်ပေးသူ။ ညီအစ်ကိုကြားတွင် ကြားလေသွေး၍ စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ခြင်းသည် ပို၍ ဆိုးဝါးသည်။ ထိုသို့ပြုလုပ်သူများသည် လူသတ်သမား၊ လိမ်လည်လှည့်ဖြားသူနှင့် မုသာပြောဆိုသူများ ဖြစ်သည်။

အထက်တွင် ရှင်းပြသည့် ဘုရားသခင် မုန်းတီးသည့်အရာ (၇)ခုသည် အကြောင်းမဲ့သက်သက် မဟုတ်။ သခင်ခရစ်တော် လက်ဝါးကပ်တိုင်သို့ ရောက်ရှိသည့်အကြောင်းရင်းများ ဖြစ်သည်ကို သတိပြုပါ။

(သူများအိမ်ယာပြစ်မှားခြင်း၊ ပြည့်တန်ဆာအမှု (:၂၀:၂၇)

          :၂၀ အိမ်ထောင်ဖောက်ပြန်မှုနှင့် မိမိလင်သားအပေါ် သစ္စာမဲ့မှုတို့ကို ရှုတ်ချထားသည်။ ထိုအပြုအမူမျိုးသည် မတော်တဆကိစ္စရပ် မဟုတ်။ အပိုဒ်ငယ်(၂၀)သည် ထိုကြီးလေးသော လူမှုရေးပြစ်မှု၏ နိဒါန်းဖြစ်သည်။

:၂၁  သခင်ယေရှု သက်တော်ထင်ရှားစဉ်ကာလတွင် တဖက်စွန်းဝါဒီသမားများသည် ထိုကဲ့သို့သော ပြစ်မှုမျိုး မဖောက်ပြန်ကြောင်း သက်သေထူသည့်အနေဖြင့် ဘာသာရေးဝတ်ရုံများ ဆင်မြန်း၍ သွားလေရာ သမ္မာကျမ်းစာကိုင်ဆောင်လေ့ ရှိကြသည်။ ဆုတောင်းနေချိန်တွင်လည်း ထိုသို့ ကျင့်ဝတ်စောင့်ထိန်းကြောင်း၊ ဘယ်လက်ကို ဘယ်ဘက်ရင်အုံတွင် ကပ်ထားကြသည်။ အခြားလက်တဘက်ကို လည်ပင်းတွင် ကပ်ထားကြသည်။ အချို့ယုဒများသည် ယနေ့ခေတ်ကာလတိုင်အောင် ထိုအမှတ်လက္ခဏာ ကျင့်သုံးကြသည်။

ဤကျမ်းချက်၏ အဓိကသွန်သင်လိုချက် အနှစ်သာရမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရင်ဝယ်သိမ်းဆည်းဖို့နှင့် ဘဝလမ်းညွှန်အပြစ်ခံယူဖို့ ဖြစ်သည်။ ထိုသို့ပြုလုပ်ကြခြင်းကို အပြစ်မပြောလိုသော်လည်း အပြင်ပန်းလက္ခဏာသာမက စိတ်နှလုံးထဲ၌လည်း ခံယူကျင့်သုံးစေချင်သည်။

:၂၂ ဘုရားသခင်နှုတ်ကပတ်တော် နာခ့ခြင်းအကျိုးကျေးဇူး –

လမ်းညွှန်ခြင်း၊ အခြားလမ်းမှားသို့ လမ်းလွဲလျှင် လမ်းမှန်ပြသမည်။

ကွယ်ကာခြင်း၊ အိပ်ပျော်နေစဉ်တွင်လည်း ကာကွယ်စောင့်ကြည့်သည်။

ပြသခြင်း၊ နိုးသောအခါတွင်လည်း သင့်ကို နှုတ်ဆက်လမ်းပြသမည်။

          :၂၃ ဤကျမ်းပိုဒ်သည် အပိုဒ်ငယ်(၂၂)၏ အဆက်ဖြစ်သည်။

ပညတ်တရားသည် မီးခွက်။ သွားရာလမ်းခရီးပြသမည်။

တရားတော်သည်အလင်း။ ခလုတ်ကန်သင်း မတိုက်မိအောင် ကာကွယ်ပေးသည်။

ဩဝါဒစကားသည်အသက်လမ်း။ ဘဝအသက်တာခရီးကို သွန်သင်သည်။

          :၂၄၂၅ သုတ္တံဩဝါဒစကား၏ အမှုတော်တခုမှာ အကျင့်ပျက်ခြင်းနှင့် ချော့မော့တတ်သော ပါးစပ်ဖျားနောက်သို့ လိုက်ပါခြင်းမရှိရန် ကွယ်ကာသည်။

ထိုအကျင့်ပျက်သူ၏ အဆင်းလှသော်လည်း စွဲမက်စရာမဟုတ်။ ပျက်စီးခြင်းမာယာဖြစ်သည်။ လှတာမက်လျှင် ညစာခက်သွားမည်။

:၂၆ ဤကျမ်းပိုဒ်၏ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုကြသည်။

NKJV နှင့် NASB ကျမ်းမူတို့က ယောက်ျားသား၏ဆင်းရဲခြင်းသည် (မုန့်တလုံးပြည့်တန်ဆာမ ဖြစ်၍ သူ၏အဖိုးတန်ဘဝသည်လည်း ထိုမိန်းမပျက်၌ ပျက်စီးသွားသည်ဟုဆိုကြသည်။

RSV ကျမ်းမူက “ပြည့်တန်ဆာမကို မုန့်တလုံးပေး၍ ချစ်ခင်နိုင်သော်လည်း အမှန်တကယ်ပေးလိုက်ရသည့်အရာသည် ဘဝတခုလုံးပျက်စီးခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြည့်တန်ဆာမဆိုသည်မှာ ငွေကြေးဖြင့် ခိုင်းစားခြင်းဖြစ်၍ ထိုသို့ငွေကြေးဖြင့် ခိုင်းစားသူကတဖန် မိမိတို့ ပြန်လည်ချည်နှောင် ဒုက္ခပေးသည်။ သာမန်လူများ နားရှင်းအောင်ပြောရလျှင် မိန်းမပျက်နှင့် ပေါင်းသင်းခြင်းသာမဟုတ်။ မိမိဒုစရိုက်လုပ်ငန်း မပေါ်လွင်အောင် ပိုက်ဆံဖြင့် နှုတ်ပိတ်၍၊ နှုတ်ပိတ်ခံရသူနှင့် အဆက်အသွယ်မပြတ်နိုင်ဘဲ၊ မိမိကို ဒုက္ခပြန်ပေးသည်။

          :၂၇၂၈ သူတပါးလင် သို့မဟုတ် မယားနှင့် ဖောက်ပြန်ခြင်းသည် မီးခဲခါးပိုက်ပိုက်ခြင်းနှင့်တူသည်။ မီးခဲပိုက်လျှင် မီးမလောင်ဘဲနေမည်မဟုတ်။ မီးခဲပေါ်တက်နင်းခြင်းနှင့်လည်းတူသည်။ မီးခဲပေါ် လျှောက်နင်းလျှင် ခြေထောက်မီးလောင်မည်။ ထိုအကြောင်းကို Griffiths က ဤသို့ဆိုသည်။

သူတပါးမယား သို့မဟုတ် လင်နှင့်ဖောက်ပြန်ခြင်းသည် မိုက်မဲခြင်းအတိဖြစ်သည်။ မိမိကိုယ်ကိုပျက်စီးခြင်း၊ ဘဝဒဏ်ရာဒဏ်ချက်ထိခိုက်ခြင်း၊ ဂုဏ်သိက္ခာကျခြင်း၊ ကျက်သရေယုတ်ခြင်း ဖြစ်သည်။ အပြစ်ဒုစရိုက် မီးပုံထဲသို့ ခုန်ချခြင်းဖြစ်သည်။၁၁

:၂၉ အိမ်နီးနားချင်းမယားနှင့်ဖောက်ပြန်သူသည် အပြစ်ကြီးမားသည်။ အပြစ်ဒဏ်နှင့် မလွတ်ကင်းနိုင်။ ထိုအပြစ်သည် အလင်းရောင်ထဲတွင် ထင်ရှားပေါ်လွင်သော အကျင့်စာရိတ္တပျက်ပြားခြင်း ဖြစ်သည်။ ကောင်းမှုကုသိုလ် မည်မျှပြုစေကာမူ တကောက်ကောက်လိုက်နေသည်။ နောက်ထပ်ကျူးလွန်ရန်လည်း ဝန်မလေးသူ၊ အဆင့်ဆင့်ရှိနေသူ ဖြစ်သည်။

:၃၀၃၁ ဤကျမ်းပိုဒ်များကိုလည်း အဓိပ္ပါယ်(၂)မျိုး နားလည်နိုင်သည်။ KJV နှင့် NKJV ကျမ်းမူများအရ ငတ်မွတ်ဆင်းရဲသူသည် သူတပါးပစ္စည်းခိုးယူ၍ မိသားစုကျွေးမွေးသော်လည်း သနားစရာမဟုတ်။ အပြစ်လွတ်စရာမရှိ။ ထိုက်သင့်သောအပြစ်ဒဏ်ခံရမည်။ သူ့ပိုင်ဆိုင်မှုအားလုံးဖြင့် ပြန်လျှော်ရမည်။

RSV ကျမ်းမူက အပိုဒ်ငယ် (၃၀)ကို ဤသို့ဆိုသည်။ ငတ်မွတ်ဆင်းရဲမှုကြောင့် သူတပါးပစ္စည်းခိုးယူခြင်းကို ခွင့်လွှတ်အပ်သလား။ ခိုးသောပစ္စည်းက ဗိုက်မပြည့်စေနိုင်။ တိုးရင်းပေါင်း၍ ပေးလျှော်ရမည်။

တပါးအိမ်ထောင်နှင့် ဖောက်ပြန်ခြင်းသည် ဘဝတလျှောက်တွင် အမဲစက်တစ္ဆေလိုက်ပါသကဲ့သို့ ခိုးရာပစ္စည်းဖြင့် မိသားစုလုပ်ကျွေးခြင်းသည်လည်း မျိုးကန်းအောင် ပျက်စီးခြင်းဖြစ်သည်။

:၃၂ သူများမယား၊ သူများလင်နှင့် ဖောက်ပြန်သူသည် ဉာဏ်မရှိ။ ဦးနှောက်မရှိ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မိမိကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ အကျင့်စာရိတ္တ၊ ဂုဏ်သိက္ခာ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ဖျက်စီးသူ ဖြစ်သည် (တရား ၂၂:၂၂)။

:၃၃ တခဏတွင် ပြင်းထန်သောဒဏ်ရာဒဏ်ချက်နှင့် အသရေရှုတ်ချခြင်း ခံရမည်။ ထိုမိန်းမ၏ ဆွေမျိုးသားချင်းများက သိရှိလျှင် ပေါက်ကွဲကုန်မည်။ အရှက်တကွဲအကျိုးနဲကြမည်။ ဂုဏ်သိက္ခာကျဆင်း၍ ဟိုးလေးတကျော်ကျော်ဖြစ်ကုန်မည်။ (အိုအဘဘုရားသခင်၊ မည်ကဲ့သို့သော လူမိုက်၊ လူညစ်ပတ်ဖြစ်စေကာမူ၊ မိမိအပြစ်ကို နောင်တရ၍ ဝန်ချတောင်းပန်လျှင် အပြစ်ခွင့်လွှတ်သည်ဆိုသော နှုတ်ကပတ်တော် ကြားသိရသောကြောင့် ကျေးဇူးတော်ချီးမွမ်းပါသည်။)

:၃၄ ယောက်ျားများ၏ ချစ်သဝန်တိုပုံကို ရှင်းပြထားသည်။ အဘယ်ယောက်ျားသားကမှ မိမိချစ်ဇနီးကို တပါးရင်ခွင်တွင် မွေ့လျော်ခြင်း ခွင့်မလွှတ်နိုင်။ မိန်းမထိသူကို ဓါးကြည့်ခိုင်းကြသည်။ အမျက်ဒေါသဖြင့် လက်စားချေလေ့ရှိသည်။ ထိုကိစ္စနှင့်ပတ်သက်၍ သဘောထားကြီးသော ခင်ပွန်းလောင်းမရှိ။ ခွင့်မလွတ်နိုင်ကြ။

:၃၅ အချစ်ကြောင့် ထွက်သောအမျက်ဒေါသကို မည်သည့်ဥစ္စာဓနဖြင့်မှ အမျက်မပြေစေနိုင်။ ကာမပိုင်သားမယားမဆိုနှင့်ဦး။ စေ့စပ်ကြောင်းလမ်းထားသောသူကိုလည်း ခွင့်မလွှတ်။ မိုးမီးလောင်စေနိုင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။