သုတ္တံကျမ်း - ၄

မိဘပေးသောအကြံဉာဏ်
1ငါ့သားတို့၊ အဘ၏နည်းဥပဒေသကိုနားထောင်၍၊ ဉာဏ်သဘောကို နားလည်ခြင်းငှာ စေ့စေ့မှတ်ကြလော့။ 2ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ်တရားကို မပယ်ကြနှင့်။ 3ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသောသားဖြစ်၏။ 4ငါ့အဘသွန်သင်၍ မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။ 5ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ 6ပညာကို မစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်းလိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။ 7ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းပူးလော့။ 8သူ့ကို အမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဖက်ယမ်းလျှင်၊ ဂုဏ်အသရေကို ပေးလိမ့်မည်။ 9သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသော သရဖူကို အပ်နှံလိမ့်မည်။
မှန်သောလမ်း
10ငါ့သား၊ ငါ့စကားကို နားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။ 11ပညာလမ်းကို ငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။ 12လျှောက်သွားလျှင် ကျဉ်းမြောင်းရာသို့ မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။ 13ဥပဒေသကို ကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်း ဖြစ်၏။ 14အဓမ္မလူတို့ လမ်းထဲသို့ မဝင်နှင့်။ ဆိုးယုတ်သောသူတို့နှင့်အတူ မလိုက်နှင့်။ 15သူတို့လမ်းကို ကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။ 16သူတို့သည် သူတစ်ပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။ 17ဒုစရိုက်နှင့်ဆိုင်သော မုန့်ကိုစား၍ ညှဉ်းဆဲခြင်းနှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။ 18ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။ 19မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက်ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
20ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါဟောပြောချက်တို့ကို နားသွင်းလော့။ 21သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ 22အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။ 23နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။ 24ကောက်သောစကားတို့ကိုလည်းကောင်း၊ ငြင်းဆန်တတ်သောနှုတ်ခမ်းတို့ကိုလည်းကောင်း ဝေးစွာပယ်ရှောင်လော့။ 25သင်၏မျက်စိသည်ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့။ 26သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေရာရာ၌ တည်ကြည်ခြင်းရှိစေလော့။ 27လက်ယာဘက်၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာလမ်းကိုရှောင်လော့။

သုတ္တံကျမ်း - ၄ (အနက်ဖွင့်)

(ဉာဏ်ပညာ၏ မိသားစုအမွေအနှစ် (:)

          :  ပထမအပိုဒ်ငယ် (၉)ခုတွင် ဖခင်က သားသမီးများသို့ ပေးထားသော အမွေအနှစ်ရတနာများကို ရှင်းပြသည်။ အမွေအနှစ်သည် မိမိ ကြိုးစားအားထုတ်မှုမပါဘဲ ဖခင်၏ ချွေးနှီးစာများ ဖြစ်သည်။ သားသမီးများသည် မိဘစကားကို နာခံရမည့်အကြောင်း သုတ္တံစကား ပြောထားသည်။ ဖခင်၏ နည်းဥပဒေသများကို နားထောင်ရမည်။

: သက်ကြီးစကားက သက်ငယ်များ ဖွံ့ဖြိုးတိုးတက်စေသည်။ သက်ကြီးလူအိုများသည် ဘဝအတွေ့အကြုံ ရင့်ကျက်သူများဖြစ်သည်။ အနှစ်နှစ်အလလ တွေ့မြင်သော ဘဝသင်ခန်းစာ ရှိကြသည်။ ထိုအတွေ့အကြုံ၊ အတွေးအမြင်ထဲမှ ကောင်းသောဩဝါဒ များကို နောင်လာနောက်သားများသို့ လက်ဆင့်ကမ်း ကြသည်။ ထိုအစဉ်အလာကောင်းကို မမေ့ကြနှင့်။

: ရှောလမုန်က ဖခင်၏ရင်နှစ်သည်းခြာဖြစ်ပုံ၊ မိခင်၏ရင်ခွင်၍ ကြီးပြင်းလာပုံကို ပြန်လည်ဖောက်သည်ချသည်။ အမှန်စင်စစ် သူသည် တပါးတည်းသောသား မဟုတ်ပါ။ အမေ့ရှေ့မှာ အချစ်ဆုံးသောသား ဆိုသည်မှာ မိခင်၏ ချစ်ခြင်းမေတ္တာကို ဖော်ကျူးခြင်း ဖြစ်သည်။(Knox)

:  ဒါဝိဒ်မင်းသည်လည်း သားတော်ရှောလမုန်အပေါ် အကြံကောင်း၊ ဉာဏ်ကောင်းများ အမွေပေးပေမည်။ စနစ်တကျ သွန်သင်လမ်းပြခဲ့ပေမည်။ ပြုစုပျိုးထောင်ခဲ့ပေမည်။ ဒါဝိဒ်မင်း၏ သွန်သင်ပဲ့ပြင်ပုံကို ငယ်(၄-၉)တွင် တွေ့ရသည်။

: ဒါဝိဒ်မင်း၏ အဓိကဩဝါဒစကားမှာ ပညာဆည်းပူးခြင်း၊ ဉာဏ်ကိုဆည်းပူးခြင်း ဖြစ်သည်။ ထိုစကားမှာ ဘုရားသခင်ကို သိကျွမ်းခြင်းကို ဆိုလိုသည်။ ရှောလမုန်သည်လည်း ဖခင်စကားကို မြေဝယ်မကျနာခံသောကြောင့် သူ့ဘဝအသက်တာတခုလုံးကို ဘုရားသခင်အမှုတော်၌ ဆက်ကပ်ထားသည်။

: ဉာဏ်ပညာဆည်းပူးရန် ပထမဆုံးခြေလှမ်းမှာ သိချင်၊ တတ်ချင်၊ လုပ်ကိုင်လိုစိတ် ဖြစ်သည်။ လူ့ဘဝသည် လူဖြစ်ချင်ရာနောက်သို့ လိုက်သည်။ ဉာဏ်ပညာ ဆည်းပူးချင်သူသည် ထိုက်တန်သော အရင်းအနှီးပေးရသည်။ ပညာသည် အမြတ်ဆုံးသည် ထိုပညာထဲတွင် ဉာဏ်ကို လက်တွေ့အသုံးချရမည်။ ဉာဏ်ဆိုသည်မှာ အဆိုးနှင့်အကောင်း၊ အကောင်းနှင့်အကောင်းဆုံး၊ ဘဝနှင့်ဆန္ဒ၊ အသိတရားနှင့် ဝိညာဉ်ရေ:ရာ၊ သမုတိနှင့်ပရမတ္တ ပိုင်းခြားသိမြင်တတ်သည့် စွမ်းရည် ဖြစ်သည်။

: ဘဝတသက်တာတွင် ဉာဏ်ပညာကို ပထမနေရာ၌ ဦးစားပေးလျှင် ဉာဏ်ပညာက မိမိကို ပြန်လည်မြှောက်စားမည်။ ဉာဏ်ပညာကို ခင်တွယ်လျှင် ဂုဏ်ကျက်သရေ ပြန်လည်ယူဆောင်လာပေးမည်။

          : “သင်၏ဦးခေါင်းကို တင့်တယ်သောဦးရစ်နှင့် ရစ်ပတ်၍ ဘုန်းကြီးသောသရဖူ အပ်နှံမည်” ဉာဏ်ပညာသည် သားသမီးများကို ဘဝတင့်တယ်စေသည်။ ပညာရွှေအိုးလူမခိုးနိုင်။ မသတီစရာများကို ဖယ်ရှားစွန့်လွှတ်ပေးသည်။

(ဉာဏ်ပညာနှင့်လမ်းနှစသွယ်(:၁၀၂၇)

        :၁၀ ဖခင်ထံမှ ဆုံးမဩဝါဒများကို နာခံပြီးနောက် ရှောလမုန်သည် သူ့သား ဘက်သို့ တဖန်ပြန်လှည့်သည်။ မိဘစကားနားထောင်လျှင် သက်စိုးရှည်မည်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးနှင့် ကာမလိုက်စားခြင်းသည် ရောဂါဝယ်ယူခြင်းဖြစ်၍ သေခြင်းကိုလည်း အဆစ်ရလိုက်သေးသည်။

:၁၁၁၂ ဖခင်သည် သူ့သားအား ဖခင်အတိုင်း ဉာဏ်ပညာရှိစေချင်သည်။ ထိုသို့ဖြစ်ရန် နမူနာကောင်းပြခဲ့သည်။ ဖခင်၏ အပြုအမူသည် ဆုံးမဩဝါဒပေးခြင်းထက် ပိုမိုထိရောက်သည်။ အကောင်းဆုံးသော သင်ပြနည်းဖြစ်သည်။ ထိရောက်သော သင်ခန်းစာဖြစ်သည်။

ဖခင်၏ ခြေရာအတိုင်း သမ္မာလမ်း၍ လိုက်လှောက်သူသည် ခလုတ်ကန်သင်းမတိုက်၊ ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်သည်။

Syriac ကျမ်းမူတွင် “တလှမ်းပြီးမလှမ်း ကြည့်သွားလျှင် သင့်အတွက် တံခါးဖွင့်ထားပေးမည်”ဟုဆိုသည်။ ဤနေရာတွင် အရေးကြီးသော သင်ခန်းစာ (၂)ခုရှိသည်။ ဘုရားသခင်သည် ရှေ့ခရီးတခုလုံးကို တခါတည်းမပြ။ ခြေလှမ်းတလှမ်းပြီးတလှမ်းစာကိုသာ ပြသည်။ ဒုတိယအဆင့်အနေဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ရန် လမ်းပြပါသည်။ သင်္ဘောသည် ပဲ့ထိန်းက မမောင်းခင်ကပင် သင်စတင်ရွေ့လျားသည်။ ရွေ့လျားသည်နှင့်ပဲ့ထိန်းပေးရသည်။ စက်ဘီးသည် လူနင်းမှ ရွေ့လျားသည်။ ယုံကြည်သူများသည်လည်း ဘုရားသခင်က ထိုကဲ့သို့ပင် ထိန်းကျောင်း မောင်းနှင်သည်။

:၁၃ ကောင်းသောနိယာမ ဥပဒေသများကို လက်မလွတ်ရ။ မြဲမြံစွာကိုင်ထားရမည်။ မကွာစေနှင့်။ ဉာဏ်ပညာသည် ဘဝလုံခြုံရေး အာမခံချက်ဖြစ်သည်။ ဉာဏ်ပညာ၏ လူ့ဘဝအသက် ဖြစ်သည်။ အထူးသဖြင့် ယေရှုခရစ်တော်ကိုယ်တိုင်သည် ဉာဏ်ပညာဖြစ်၍ ထိုဉာဏ်ပညာထဲတွင် ရှိသူသည် အသက်လုံခြုံသည်။

:၁၄ ငယ် ၁၄-၁၉ တွင် အမှောင် ဘဝခရီး၌ လျှောက်လှမ်းနေသူ၊ ဒုစရိုက်၌ ကျင်လည်နေသူများအား အပေါင်းအဖော်မပြုရန် သတိပေးထားသည်။

ဤကျမ်းချက်တွင် အဓမ္မသမားများကို ဒုစရိုက်လုပ်ငန်းကို မတားမြစ်ခိုင်းပါ။ မိမိအသက်တာကိုလည်း သက်သေမခံခိုင်းပါ။ ထိုသူများနှင့်မပေါင်းဖက်ရန်နှင့် ပုလင်းစို့၊ ဗူးစို့မလုပ်ကြရန် သတိပေးထားသည်။ ထိုသူများ အကြံအစည်၌ မပါဝင်ရန် ဆုံးမသည်။

:၁၅ ထိမိသော ပွဲတွေ့ဩဝါဒစကား ဖြစ်သည်။ လိုရင်းတိုရှင်း ဖော်ပြသည်။ ဒုစရိုက်လမ်းကို ရှောင်ကြဉ်ပါ။ အနီးအနားသို့လည်း မသွားနှင့်။ အပေါင်းအသင်းမလုပ်နှင့်။ လမ်းကြုံလျှင်လည်း အတူတူမသွားနှင့်။ အခြားလမ်းမှသွားပါ။ ထိုသူများ၏လမ်းသည် စိတ်ဝင်စားဖွယ်ရာ၊ စိတ်လှုပ်ရှားစရာ၊ ရှုချင်စရာ ဖြစ်ကောင်းဖြစ်မည်။ သို့သော် သတိထားပါ။ ထိုစိတ်လှုပ်ရှားစရာများက မိမိကိုယ်ကို ပျက်စီးစေမည်။

:၁၆၁၇ ထိုအုတ်ကြားမြက်ပေါက်၊ ရေမျှောကမ်းတင်သူများသည် တနေ့တခု ဒုစရိုက်ပြုမိမှသာလျှင် စားဝင်အိပ်ပျော် ကြသည်။ သူတပါးဒုက္ခရောက်မှ ထမင်းစားမြိန်သည်။ တယောက်ယောက် ဒုက္ခရောက်မှ ကျေနပ်ကြသည်။ သူများမျက်ရည် ပေါက်ကြီးငယ်ကျမှ ပျော်ရွှင်သည်။

ထိုသူများ၏အစာမှာ ဒုစရိုက်ဖြစ်၍ သောက်သုံးသော ရေမှာ သူတပါးညှဉ်းဆဲခြင်း ဖြစ်သည်။ ဒုစရိုက်လုပ်ငန်းသည် ထိုသူများ၏ နေ့စဉ်ခွန်အားနေ့ ဖြစ်သည်။

ဤကျမ်းပိုဒ်များတွင် ဒုစရိုက်သမားများ၏ သဘောသဘာဝကို ပီပြင်စွာ သရုပ်ဖော်ထားသည်။ ဇာတိရုပ်သည် ဒုစရိုက်၊ သူတပါးဒုက္ခပေးခြင်းသည် နေ့စဉ်အစားအစာ ဖြစ်သည်။ ဤစကားသည် ရာဇဝတ်မှုနှင့်သာ မဆိုင်ပါ။ ထို့ထက်များစွာ ကျယ်ပြန့်သည် (BBC ကျမ်းမူ ယေ ၁၇:၉ ကိုလည်းကြည့်)။

:၁၈၁၉ ဖြောင့်မတ်သောသူ၏ဘဝသည် အာရုဏ်ဦးကဲ့သို့ ဖြစ်သည်။ အာရုဏ်လင်း၍ နေခြည်ဖြာသောအခါ အလင်းထွက်လာပြီး နေမွန်းတည့်တိုင်အောင် ထွန်းထောက်သည်။ တနည်းအားဖြင့် ဖြောင့်မတ်သူ၏ ဘဝလမ်းခရီးသည် ကျယ်သထက်ကျယ်သည်။ လင်းသထက်လင်းသည်။

မတရားသောသူများ၏လမ်းမှာကား ကျဉ်းသထက်ကျဉ်း၊ မှောင်သထက်မှောင်သည်။ ခလုတ်ကန်သင်းတိုက်၍ ချော်လဲလျှင်လည်း အဘယ်ကြောင့်လဲကျသည်ကို မသိကြ။

:၂၀ ရှောလမုန်က သူ့သားအား ဆုံးမသွန်သင်ချက်များကို အလေးပေးဂရုစိုက်ရန် ထပ်ထပ်မှာသည်။ ထိုစကားသည် ကိုယ်တော်ဘုရားက ယုံကြည်သူများသို့ ပြောစကားဖြစ်သည်ဟု မှတ်ယူနိုင်သည်။

:၂၁ ဉာဏ်ပညာရှိစကားများသည် နားထောင်သူများ ကောင်းစားဖို့မြင်သည်။ ထို့ကြောင့် နားအရသာခံစားဖို့သာမဟုတ်။ စိတ်နှလုံးစာရင်းအင်းထဲ၌ စာရင်းမှတ်သွင်းရမည်။ ကိုယ်နှင့်မကွဲမကွာစေရ။

          :၂၂ ဉာဏ်ပညာရှိစကားများသည် အသက်ရှင်ခြင်းနှင့် ခန္ဓာကိုယ် ကျန်းမာခြင်း ဖြစ်သည်။ သခင်ယေရှုက “ဝိညာဉ်ကသာလျှင် အသက်ရှင်စေ၍ ကိုယ်ကာယသည် အလျင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏”(ယော ၆:၆၃)ဟု ဆိုထားသည်။

အပြစ်ဒုစရိုက်၊ စိတ်ဖိစီးခြင်းနှင့် အနာရောဂါရရှိရာလမ်းမှ ကွယ်ကာထားသောကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ဖြစ်စေပါသည်။

:၂၃ အပိုဒ်ငယ် ၂၃-၂၇ ကို ရောမ ၁၂:၁ တွင် ပြန်လည်ရှင်းပြထားသည်။ စိတ်နှလုံး၊ ပါးစပ်၊ နှုတ်၊ မျက်လုံး၊ ခြေထောက်မှစ၍ ခန္ဓာကိုယ် အစိပ်အပိုင်းအားလုံး ဘုရားရှင်ထံ အပ်နှံဖို့ ပြောထားသည်။

ပထမဦးဆုံး အပ်နှံရမည့်အရာမှာ စိတ်နှလုံး ဖြစ်သည်။ စိတ်နှလုံးဆိုသည်မှာ အသိတရား၊ စိတ်သဘောထား၊ အတွေးအခေါ်၊ ကြံစည်ချက်နှင့် လိုအင်ဆန္ဒများ အကုန်လုံးဖြစ်သည်။ စိတ်နှလုံးတွင်ရှိသည့်တိုင်း ပြောဆိုပြုမူလှုပ်ရှားကြသည်။ အကယ်၍ စင်ကြယ်သောရေ စိမ့်ထွက်လျှင် စမ်းချောင်းရေသည်လည်း ကြည်လင်မည်။ လူသည် အတွေးအမြင်အတိုင်း လိုက်လုပ်ကြသည်။ ထို့ကြောင့် အတွေးအခေါ် အယူအဆသည် အရေးကြီးဆုံး ဖြစ်သည်။

:၂၄၂၅ လှည့်ဖျားတတ်သော ပါးစပ်သည် အမျိုးမျိုးအဖုံဖုံ လှည့်စားပြောဆိုတတ်သည်။ ငြင်းဆန်တတ်သောနှုတ်ခမ်းဆိုသည်မှာ ဖြောင့်မတ်မှန်ကန်သောစကားကို ကွေ့ကောက်၊ လိမ်ခေါက်အောင် ပြောဆိုသည်။

မျက်စိနှင့်မျက်ခမ်းတို့ကို ရှေ့တည့်တည့်အာရု့ပြုစေလော့။ အပြစ်ဒုစရိုက်လမ်းဘေးသို့ ခြေမကျွံဖို့၊ ဆင်းရဲခြင်းနယ် မနင်းဖို့ သတိပေးထားသည်။ ယနေ့ခေတ်ကာလ လူထုဆက်သွယ်ရေးနည်းပညာများက မျက်မှောက်ဖြစ်ပျက်နေသော လူ့အနိဌာနရုံများကို အချိန်နှင့် တပြေးညီ ပြသနေပါသည်။ ထိုလောကအရာများကိုမမြင်ဘဲ သခင်ယေရှုကိုသာ အာရုံစူးစိုက်ဖို့ သတိပေးသည် (ဟေဗြဲ ၁၂:၂)။

:၂၆၂၇ လျှောက်လှမ်းရမည့်လမ်းကို အသေအချာ ဂရုစိုက်လျှင် လမ်းခရီးတစ်လျှောက် သာယာဖြောင့်ဖြူးနိုင်သည်။

လမ်းဘေးတစ်လျှောက်တွင် ဘေးဘယ်ညာဝဲယာတွင် ဒုစရိုက်ထူပြောသဖြင့် လမ်းဘေးမရောက် ခြေမချော်မိအောင် ရှေ့တူရှု တည့်တည့်လျှောက်လှမ်းရမည်။ “လောကအသံတထောင် ကြားရသော်လည်း ဂရုမစိုက်၊ သခင်ယေရှု၏ ခေါ်သံကိုသာ နားစွင့်ပါ။”

စုံစမ်းခြင်းကြုံတွေ့သောအခါ မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ “သခင်ယေရှုပြန်လာသောအခါ သင့်ကို ထိုအပြစ်နွံထဲမှာ မြင်ချင်ပါသလား”။ ဒုစရိုက်ပြုရာလမ်းကို ရှောင်လော့။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။