သုတ္တံကျမ်း - ၃

နာခံလိုက်လျှောက်ရန်
1ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ 2အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။ 3ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။ 4ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့ လူတို့ရှေ့မှာမျက်နှာရ၍၊ ကျေးဇူးကိုခံရလိမ့်မည်။
5ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ 6သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ 7ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ 8သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ 9သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။ 10သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာတန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့်မည်။ 11ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ 12ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဒဏ်ခတ်တော်မူတတ်၏။ 
စစ်မှန်သောရတနာ
13ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ 14အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ်၍ ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။ 15ပညာသည် ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ 16သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ 17ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ 18ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ၏။
ဖန်ဆင်းတော်မူခြင်းပညာ
19ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ပြင်ဆင်တော်မူပြီ။ 20သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ်အက်ကွဲ၍၊ မိုးတိမ်မှလည်း နှင်းရည်ကျတတ်၏။
စစ်မှန်သောလုံခြုံမှု
21ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။ 22သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။ 23သင်သည် ခရီးသွားရာ၌ဘေးမရှိ။ ခြေမတိုက်မိဘဲ သွားလိမ့်မည်။ 24အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်။ 25လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာဘေးကို ကြောက်စရာမရှိရ။ 26အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကို မကျော့မိစေခြင်းငှာ စောင့်မတော်မူလိမ့်မည်။
27ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။ 28အိမ်နီးချင်းကို ပေးစရာရှိလျက်ပင်၊ သွားတော့။ တစ်ဖန်လာဦးတော့။ နက်ဖြန်မှ ငါပေးမည်ဟု မပြောနှင့်။ 29စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီးချင်း၌ မကောင်းသောအကြံကိုမကြံနှင့်။ 30သင်၌အပြစ်မပြုသောသူကို အကြောင်းမရှိဘဲရန်မတွေ့နှင့်။ 31ညှဉ်းဆဲတတ်သောသူ၏စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သော လမ်းတစ်စုံတစ်ခုကိုမျှ အလိုမရှိနှင့်။ 32အကြောင်းမူကား၊ ထာဝရဘုရားသည် သဘောကောက်သောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏။ 33မတရားသောသူ၏နေရာသည် ထာဝရဘုရားကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏နေရာကိုကား ကောင်းချီးပေးတော်မူ၏။ 34အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။ 35ပညာရှိသောသူတို့သည် ဘုန်းအသရေကိုအမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။

သုတ္တံကျမ်း - ၃ (အနက်ဖွင့်)

(ဉာဏ်ပညာဆုလက်ဆောင် (:၁၀)

          : မိဘတိုင်းက မိမိတို့သားသမီးများကို လိမ္မာရေးခြားရှိပြီး၊ ကောင်းစားစေချင်ကြသည်။ ဉာဏ်ပညာ၏ သွန်သင်ချက်များနှင့် သမ္မာကျမ်းစာများကို မှတ်သားနာယူခြင်းဖြင့်သာ ထို့သို့ လိမ္မာနိုင်သည်။ သို့ကြောင့် ကျမ်းစာသွန်သင်ချက်များနှင့် ပညာရှိဆုံးမစကားများကို မြေဝယ်မကျ ရင်မှာစွဲမှတ်ထားဖို့ သွန်သင်ထားသည်။

: မိဘစကားနားထောင်သူများသည် အနာရောဂါကင်း၍ အသက်တာရှည်ကြသည်။ ဘဝအေးချမ်းလုံခြုံကြသည်။ ဘေးရန်ကင်းရှင်းသည်။ မိဘစကားနာခံလျှင် အဖျားအနာခလုတ်ကန်သင်း၊ ဆူးငြှောင့်နှင့် ကံကြမ္မာဆိုး ဘေးရန်ကင်းဝေးသည်။ ဤကျမ်းချက်သည် ပညတ်တော်ဆယ်ပါးမှပဉ္စမမြောက် ပညတ်တော်သည် မိဘကိုရိုသေခြင်းနှင့် အတူတူ ဖြစ်သည်။ (ထွ ၂၀:၁၂)။မိဘစကားနားထောင်သူသည် အသက်တာရှည်သည့်အကြောင်းနှင့် ပတ်သက်၍ Jay Adams က ဤသို့ဆိုထားသည်။

ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာစောင့်ထိန်းလျှင် စိတ်နှလုံးချမ်းမြေ့၍ ပျော်ရွှင်စွာ အသက်တာရှည်မည့်အကြောင်း သမ္မာကျမ်းစာက သွန်သင်သည်။ စိတ်နှလုံးကြည်လင် အေးမြခြင်းက လူ့ခန္ဓာကိုယ်ကို ကျန်းမာစေ၍ အသက်တာရှည်စေပါသည်။ လူ့ကိုယ်ခန္ဓာကျန်းမာရွှင်လန်းလျှင် စိတ်ဝိညာဉ်လည်း ချမ်းမြေ့စေပါသည်။ စိတ်နှင့်ရုပ်သည် အပြန်အလှန် အမှီသဟဲပြုကြသောကြောင့် ခန္ဓာကိုယ်ကျန်းမာသူသည် စိတ်ဝိညာဉ်လည်း ရွှင်လန်းစေပါသည်။

: ကရုဏာတရားနှင့်သစ္စာတရားကို အပြင်ပန်းအားဖြင့် မြင်သာအောင် (သင်၏လည်ပင်းနှင့်မကွာစေနှင့်)ဟု ဆို၍ အမြဲခိုင်မြဲစေရန် (နှလုံးစာရင်းအင်း၌ ရေးမှတ်ထားလော့ဟု ဆိုထားသည်။

ထိုသို့ပြုလုပ်လျှင် ဘုရားသခင်ရှေ့၊ လူရှေ့၌ မျက်နှာသာရ၍ ကျေးဇူးခံစားလိမ့်မည်။ လူ့ဘဝအသက်တာသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်ဖို့ လိုပါသည်။”ဘုရားသခင်၏ အလိုတော်နှင့်ညီသောအသက်တာကို မည်ကဲ့သို့ နားလည်ခံယူနိုင်မည်နည်း။ လာမည့်အပိုဒ်ငယ်(၂)ခုတွင် အဖြေပေးထားပါသည်။

: ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့ဟု ဆိုသည်။ ဝိညာဉ်၊ စိတ်၊ ခန္ဓာကိုယ် သုံးပါးစလုံး ဘုရားသခင်ထံ အပ်နှံရမည်။ ဝိညာဉ်ကယ်တင်ခြင်း ရရှိဖို့သာလျှင် ယုံကြည်ရသည်မဟုတ်။ မျက်မှောက်လူ့ဘဝခရီးကိုလည်း လမ်းညွှန်ပဲ့ပြင်သည်။ ထပ်မံစစ်ကြောစရာ မလိုသော သစ္စာစကား ဖြစ်သည်။

နောက်တစ်ချက်မှာ မသိနားမလည်ခြင်း ဖြစ်သည်။ လူသည် မိမိအတွက် အကောင်းဆုံးဘဝကို မရွေးချယ်တတ်ပါ။ သို့ကြောင့် ပဲ့ပြင်ထိန်းကျောင်းသူ အစဉ်လိုအပ်သည်။ ယေရမိက “အို၊ ထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်ပါ” (ယေ ၁၀:၂၃)ဟု ကျမ်းစကား သက်သေပြုထားပါသည်။

: နောက်ဆုံးအဆင့်တွင် ခရစ်တော်ဘုရား၏ ဦးဆောင်မှုကို နားလည်ခံယူတတ်ရမည်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့ဟု ဆိုသည်။ ဘဝပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ရှားမှုဟူသမျှ ကိုယ်တော်ဘုရား၏ထိန်းချုပ်မှုအောက်၌ ရှိသည်။ ကိုယ်တော်ဘုရားနှင့် အလိုတော်ကင်းဝေး၍ မိမိသဘောဖြင့် ပြုမူလုပ်ဆောင်ခြင်း မပြုရ။

ကိုယ်တော်ဘုရားနှင့် ထိတွေ့ပေါင်းဖက်လျှင် ဘဝလမ်းခရီးလမ်းညွှန်ပြမည်။ ကျမ်းစာနှင့်အညီ အသက်ရှင်လျှင် အံ့ဖွယ်အမှုအရာများ ပြသမည်။ စိတ်ဝိညာဉ်ချမ်းမြေ့ရွှင်လန်းမည်။ စိတ်ပိုင်းရုပ်ပိုင်း နှစ်ခုစလုံး ကြည်လင်ချမ်းသာမည်။ ကိုယ်တော်ဘုရားက ဘဝလမ်းညွှန်မည်။ သိလျက်နှင့်အချိန်ဖင့်နွဲ့နေလျှင် ယဉ်ယဉ်လေးဖြင့် ငြင်းပယ်ခြင်းဖြစ်သည်။

: ထာဝရဘုရားကိုကြောက်၍ ဒုစရိုက်ကို ရှောင်လော့ဆိုသည်မှာ အမှုကိစ္စအားလုံး ပါဝင်သည်။ ထိုသို့ပြုလျှင် အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်လိမ့်မည်။ အားအင်ပြည့်ဝ ရွှင်လန်းတက်ကြွမည်။ စိတ်နှင့်ရုပ်တို့၏ အပြန်အလှန် အမှီသဟဲပြုပုံကို တဖန်ရှင်းပြထားသည်။ ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ဝိညာဉ်ချမ်းမြေ့မှု၏ အညမည သဘောတရားဖြစ်သည်။

လူ့ဘဝ၏ ကျန်းမာရေးချို့တဲ့မှု ၆၀%သည် စိုးရိမ်ကြောက်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း၊ အပြစ်လုပ်ခြင်းအစရှိသည့် စိတ်ဖိစီးမှုများကြောင့် ဖြစ်သည်။ ထို့ထက်ဆိုးဝါးသည်မှာ အရက်သေစာ၊ (အသဲနှင့်ပတ်သက်သောရောဂါ)၊ ဆေးလိပ် (ကင်ဆာ၊ အဆုတ်ရောဂါ)၊ အကျင့်ပျက်ခြင်း(ကာလသားရောဂါ၊ AIDS)များ ဖြစ်သည်။ ထို့ကြောင့် အလိုတော်နှင့်အညီ အသက်ရှင်လျှင် သင့်ဘဝကို လမ်းညွှန်မည်။ ဘဝခရီးချောမောဖြောင့်ဖြူးမည်ဟု ကတိတော်ပေးထားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်က ရှောလမုန်သို့ ကျန်းမာရေးဆိုင်ရာ သုတ္တံစကား မြွက်ကြားထားသည်။

:  ခရစ်တော်ဘုရား၏ ဦးဆောင်မှုကို မိမိတို့ပိုင်ဆိုင်သောအရာဖြင့် လေးစားသမှု ပြုရသည်။ မိမိတို့ဘဝတစ်ခုလုံးကို ကိုယ်တော်ဘုရားပိုင်ဆိုင်သည်။ ကိုယ်တော်၏ အမှုတော်၌ အစေခံရန် ဝတ္တရားကျေပြွန်ရန် တာဝန်ရှိကြသည်။ အမှုအရာခပ်သိမ်းကို ဘုရားသခင်အတွက် ရွေးချယ်ခြင်းသည် ရတောင့်ရခဲအခွင့်အရေးထူး ဖြစ်သည်။ဘုရားသခင်ကို ယုံကြည်လျှင် အနာဂတ်ခရီး သာယာမည်။ ဘုရားသခင်၏ နိုင်ငံတော်မှလွဲ၍ အရာခပ်သိမ်းသည် ပြောပလောက်စရာမဟုတ်။ ဖွဲနှင့်ဆန်ပွဲများသာ ဖြစ်သည်။

:၁၀ ရှေးယုဒလူများအား စေတနာသဒ္ဓါပြည့်လျှံစွာ လှူဒါန်းကြရန် စပါးကျီကြွယ်ဝ၍ စပျစ်ရည်ပြည့်လျှံမည်ဟု ကတိတော်ပြုထားသည်။ ဝိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာ ပိုမို ကြွယ်ဝသည်နှင့်အညီ ဘုရားသခင်ထံသို့ ပိုမိုပေးလှူနိုင်ကြပေမည်။

()ဉာဏ်ပညာ၏တန်ဖိုး(:၁၁၂၀)

          :၁၁၁၂ ဘုရားသခင်၏ စည်းကမ်းကာလနားများကို လိုက်နာခြင်းဖြင့် ဘုရားရှင်ကို သိကျွမ်းနိုင်သည်။ စည်းကမ်းနှင့်အပြစ်ဒဏ် အရေးယူခြင်းသည် ယှဉ်တွဲနေသည်ဟု မကြာခဏ အထင်မှားကြသည်။ စင်စစ်မှာမူ ထိုကဲ့သို့ မဟုတ်ပါ။ စည်းကမ်းက မသိနားမလည်သူများအား စနစ်တကျရှိဖို့ သွန်သင်ထိန်ကျောင်းပေးသည်။ လမ်းညွှန်ခြင်း၊ သတိပေးခြင်း၊ တွန်းအားပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ အမှားပြင်ဆင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းများသည်လည်း စည်းစနစ်ရှိစေခြင်း ဖြစ်သည်။ အရာခပ်သိမ်းကို ကြုံတွေ့ရင်ဆိုင်ဖို့ ဘုရားသခင်က ခွင့်ပြုထားသည်။ ငြင်းပယ်၊ ရှောင်လွဲ၍ မရပါ။ ဘေးဖယ်၍မရပါ။ စည်းကမ်းစနစ်တကျဖြင့် ထိုဘဝပြဿနာများကို အောင်မြင်ကျော်လွှားဖို့ ဉာဏ်ပညာ ပေးထားပါသည်။ စည်းကမ်းစနစ်ကျနစွာ လူ့အရေးအရာကို ဖြေရှင်း၍ သန့်ရှင်းသောအသက်တာရှိရန် အလိုတော်ရှိသည်။

စည်းကမ်းသည် ချစ်ခြင်း၊ အမျက်ဒေါသနှင့်မဆိုင်။ ချစ်ခြင်းမေတ္တာခိုင်မာစေခြင်း ဖြစ်သည်။ ဆုံးမခြင်းသည်သာ မှန်ကန်ကြောင်း သက်သေပြခြင်း ဖြစ်သည်။ ချစ်သောသားသမီးများကိုသာ ပဲ့ပြင်ဆုံးမရိုးရှိသည်(ဟေဗြဲ ၁၂:၆-၈ကိုကြည့်ပါ)

ဥယျာဉ်မှူးသည် စပျစ်နွယ်ပင်ကို ချစ်သောကြောင့် ပြုစုပျိုးထောင်သည်။ ပေါင်းပင်၊ မြက်ပင်များကို မပြုစုကြောင်း သိရှိနားလည်ပါ။

:၁၃  ဉာဏ်ပညာရှာဖွေရရှိသူတိုင်းသည် ပျော်ရွှင်ကြသည်။ ဤနေရာတွင် ဉာဏ်ပညာဆိုသည်မှာ ခရစ်တော်သိကျွမ်းခြင်းကို အဓိကဆိုလိုသည်။ ခရစ်တော်ဘုရားကို ရည်ညွှန်းကြောင်း လာမည့်ကျမ်းပိုဒ်များတွင် ဆက်လက်လေ့လာကြည့်ကြပါစို။

:၁၄ သခင်ယေရှုကို သိကျွမ်းခြင်းသည် ရွှေနှင့်ငွေ ရရှိခြင်းထက် အကျိုးအမြတ်ကောင်းသည်။ ရွှေ၊ ငွေဖြင့် မဝယ်နိုင်သော ရတနာ ဖြစ်သည်။

ကိုယ်တော်၏ ရယူသည် မကုန်ခမ်းနိုင်

ရွှင်လန်းခြင်း၏ အရင်းအမြစ်ဖြစ်ပေသည်။

လောကသားများ၏ လက်ခုပ်ဩဘာသံများနှင့်

စိန်ရွှေများထက် နှစ်လိုဖွယ် ကောင်းပါဘိ။

လူ့လောကရှိရှိသမျှအရာများထက်

အပြုံးတော်တစ်ချက် လိုချင်ပါ၏။

ယေရှုရှင် ပိုင်ဆိုင်ပြီး၍ တစုံတရာလိုအပ်ချက် မရှိ။

ဟုတ်ပေ့၊ မှန်ပေ့၊ ယေရှုကိုသာချစ်၏။

ထို့ထက်ချမ်းသာရာမရှိ။

ကိုယ်တော်သည်သာ အရာခပ်သိမ်းပြည့်စုံ၏

ငါ့ကိုပိုင်ဆိုင်သောကြောင့် ငါလည်းပြည့်စုံ၏။

အညတြစာဆိုတစ်ဦး

:၁၅ ပညာသည် ကျောက်မျက်ရတနာ၊ ရွှေစင်ပတ္တမြားထက် တန်ဖိုးကြီး၏။ လောက အဖိုးတန်ပစ္စည်းများနှင့်မလဲနိုင်။ လူ့သည်းခြေကြိုက် ရတနာထက် မြတ်သည်။

:၁၆ ဉာဏ်ပညာ၏  လက်တဖက်က အနာကင်းခြင်း၊ အသက်ရှည်ခြင်း၊ ထာဝရအသက်ကိုပေး၍ အခြားလက်တဖက်က စည်းစိမ်နှင့် ဂုဏ်အသရေ ပေးပါသည်။

:၁၇ ပညာလမ်းခရီးသည် ပျော်ရွှင်ခြင်း၏ လမ်းမဖြစ်၍ ထိုလမ်းခရီးတလျှောက်လုံးသည် သာယာချမ်းမြေ့သည်။ “ဉာဏ်ပညာသည် ပျော်ရွှင်ခြင်းကိုပြ၍၊ လမ်းညွှန်ပြသရာ ဟူသမျှသည် ငြိမ်သက်ခြင်းရှိသည်(Kbox).

:၁၈ ပညာကို မြဲမြံစွာ စွဲကိုင်သူသည် အသက်သစ်ပင်ကို ပိုင်ဆိုင်သည်။ ထို့ကြောင့် အသက်၏အသီးအပွင့်များ ဝေဆာစွာ သီးပွင့်နိုင်သည်။ ထိုသူသည် ကျက်သရေမင်္ဂလာ ရှိသည်။

:၁၉၂၀ ဤကျမ်းပိုဒ်များသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ကျွေးမွေးစောင့်ရှောက်ခြင်း အကြောင်းဖြစ်သည်။ ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကို တည်၍ ဉာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ပြင်ဆင်တော်မူပြီ။ ကောင်းကင်ရေပြွန်ပေါက်များကို ဖွင့်ဖောက်ခြင်းဖြင့် တကမ္ဘာလုံး ရေလွှမ်းမိုးခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်မှ ရေခိုးရေငွေ့များကို ကောင်းကင်ယံသို့ တက်စေခြင်းဖြင့် မိုးတခါ ပြန်ရွာစေသည်။

ဘုရားသခင်၏ အမှုအရာများကို မည်သူလုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ ဉာဏ်ပညာတော်တည်းဟူသော ယေရှုခရစ်တော်က ခမည်းတော်ဘုရားကိုယ်စား လုပ်ဆောင်ပေးနိုင်ပါသည် (ယော ၁:၃၊ ကော ၁:၁၆၊ ဟေဗြဲ ၁:၂)။

(ဉာဏ်ပညာအသုံးပြုခြင်း (:၂၁၃၅)

:၂၁ ဉာဏ်ပညာသည် ဘုရားပေး အထူးအခွင့်အရေး ဖြစ်သည်။ ဘုရားရှင်သည် မိုးနှင့်မြေကို ဉာဏ်ပညာတော်ဖြင့် ဖန်ဆင်းသည်ကို မမေ့နှင့်။ ထိုနည်းတူ ပညာရတနာ နှင့် သမ္မာသတိ ကို ကိုယ်နှင့်မကွာစေနှင့်။

:၂၂၂၄ ဉာဏ်ပညာက စိတ်ဝိညာဉ်ကို ချမ်းမြေ့စေ၍ ရုပ်ခန္ဓာကိုယ်ကို ပျိုမြစ်နုနယ်စေသည်။ ထို့ကြောင့် မပျောက်မမေ့ရအောင် လည်ပင်းမှာ ဆွဲထားပါ။

သမ္မာသတိရှိလျှင် ခြေလှမ်းလေရာတိုင်းမှာ ဘေးမသီရန်မခ၊ ခလုတ်ကန်သင်းနှင့် ကင်းဝေးသည်။ ခလုတ်တိုက်ခြင်း၊ ချော်လဲခြင်းမရှိဘဲ၊ လုံခြုံစွာ လျှောက်လှမ်းနိုင်ပေသည်။

အပူအပင်မရှိ၊ စိတ်သောကမရှိသဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်သည်။ အိမ်မက်လှလှမက်နိုင်သည်နှင့်အညီ အိပ်ယာမှ ထလျှင်လည်း ရွှင်လန်းအားပြည့်သည်။

 

:၂၅ လူဆိုးလူသွမ်းတို့၏ဘေး၊ မမျှော်လင့်သောရန်၊ လူတို့မြင်နိုင်သော ဒုက္ခများကိုလည်း စိုးရိမ်စရာမရှိ။ သူတပါးချမ်းသာမှုကို မနာလိုကြသူများ၊ ဘုရားတရားမသိသူများ အစသူများ၏ မိုက်ရိုင်းမှုကို နေရာတကာတွင် တွေ့ရှိနိုင်သည်။ ခိုးမှု၊ ကလဲစားချေမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ လူသတ်မှုများသည် မမျှော်လင့်ဘဲ၊ ရုတ်တရက်ကြုံတွေ့ရတတ်သော ဘေးအန္တရာယ်ဆိုးများ ဖြစ်သည်။ ထိုဘေးရန်များမှ လုံခြုံစေပါသည်။

:၂၆  လမ်းဖြောင့်လမ်းမှန် လျှောက်သူကို ဘုရားသခင်က ကွယ်ကာစောင့်ရှောက်ပါသည်။ ထိုလူများ၏ ခြေထောက်ကို ထောင်ချောက်မနှင်းမိစေရန် ဖယ်ရှားပေးသည်။ ယုံကြည်သူများ၏ ဘဝအသက်တာခရီးတွင် ဘုရားသခင်၏ အံ့ဩဖွယ်ပါဝင်မှုနှင့် ကယ်တင်မှုများကို မကြာခဏ ကြုံတွေ့လေ့ရှိသည်။ သို့သော် ဤအမှုအရာများသည် အမြည်းမျှသာ ဖြစ်ပါသည်။ တနေ့သောအခါ ထိုထက် လေးနက်ခိုင်မာမှုကို တွေ့ကြုံခံစားကြရပါပေဦးမည်။

:၂၇ အပိုဒ်ငယ် ၂၇- ၃၁ တွင် တားမြစ်ခြင်း၊ ပုံစံဖြင့် သွန်သင်ထားသည်။ မပြုနှင့်၊ မပြောနှင့်၊ အကြံမပေးနှင့်၊ ရန်မတွေ့နှင့်၊ မတောင့်တနှင့်ဟု ဆိုထားသည်။

ပထမဦးစွာ ကျေးဇူးပြုထိုက်သူကို ကျေးဇူးမပြုဘဲမနေနှင့်ဟု သတိပေးထားသည်။ ကျေးဇူးဆပ်ခွင့်၊ အခွင့်အရေးကို မပျက်ကွက်ရ။ အကြွေးကို အချိန်မီပေးပါ။ ငှါးရမ်းသည့်ပစ္စည်းများကိုလည်း အချိန်မီပြန်ပေးပါ။ ဘယ်သောအခါမှ ကျေးဇူးမကန်းနှင့်။

ထို့ထက်ကျယ်ပြန့်သောအဓိပ္ပါယ်လည်း ရှိသည်။ “သူတပါးအပေါ် ကောင်းသောအမှုပြုဖို့ မမေ့နှင့်”ဟုလည်း ဆိုနိုင်သည်။ ဤအပြုအမူသည် ဘုရားသခင်နှင့် ဆက်ဆံရာတွင် နမူနာယူရမည့်အချက် ဖြစ်သည်။ ဘုရားသခင်နှင့် ဆက်ဆံရာတွင် ဖြောင့်မတ်စင်ကြယ်စွာ ပြုရကဲ့သို့ အခြားသူများအား ဆက်ဆံရာတွင်လည်း ထိုအတိုင်းပြုကျင့်ရမည်။ ကောင်းသောအမှုအရာကို သိလျက်နှင့် မပြုလုပ်သူသည် အပြစ်ရှိသည် (ယာ ၄:၁၇ ကိုကြည့်ပါ)။

:၂၈ အိမ်နီးနားခြင်းအား ကူညီရသောအခွင့် ရရှိပါလျက်နှင့် လက်မတွန့်ရ။ နောက်တစ်ခါလာမှ ကူညီမည်ဟု အချိန်အခါ၊ အခွင့်အရေ:မစောင့်နှင့်။

အိမ်နီးနားခြင်းဆိုသည်မှာ မည်သူနည်း။ သင့်အကူအညီ လိုအပ်သူတိုင်းသည် သင့်အိမ်နီးနားခြင်းဖြစ်သည်။

ဘာအကူအညီများ လိုကြသနည်း။ ကယ်တင်ခြင်းသတင်းကောင်း ကြားချင်နေကြသည်။

အကယ်၍ သန့်ရှင်းဝိညာဉ်တော်က စေခိုင်းလျှင် ယနေ့ချက်ချင်းလုပ်ပါ။ မနက်ဖြန်ထိမစောင့်နှင့်။ ဝိညာဉ်တော်စေခိုင်းချက်ကို ဘယ်သောအခါမှ မငြိုငြင်နှင့်၊ မငြင်းဆန်နှင့်။

:၂၉ သင့်အိမ်နီးနားချင်းများကို ချစ်ခင်ပါ။ အိမ်နီးနားခြင်းများ၏ ပျက်စီးရာပျက်စီးကြောင်း စိတ်မကူးရ။ ယုံကြည်စိတ်ချပါ။ ရင်းနှီးစွာဆက်ဆံပါ။ တံခါးအစဉ်ဖွင့်ပေးပါ။ ထိုသို့ ရင်းနှီးစွာ မဆက်ဆံကြသောကြောင့် မကြာခဏ အပြန်အလှန် မေးငေါ့ပြောဆိုကြရသည်။ အပေါ်ထပ်နှင့် အောက်ထပ်ဇာတ်လမ်း ခင်းကြသည်။ မည်သို့ပင်ဖြစ်စေ၊ သင့်အိမ်နီးနားချင်းများနှင့် သင့်မြတ်ပေါင်းဖက်ပါ။

:၃၀ ဤနေရာတွင် ခိုက်ရန်ဒေါသဖြစ်ခြင်းကို သတိပေးထားသည်။ အပြစ်မရှိဘဲနှင့် သူတပါးအား အချင်းများရန်ဖြစ်ချင်းသည် သီးခံခြင်း၊ အောက်ကျို့ခြင်း၊ အသက်တာမရှိသောကြောင့် ဖြစ်ရသည်။ မိမိနှင့်မဆိုင် မလိုလားအပ်သောအမှုကိစ္စတွင် လျှာရှည်ခြင်းဖြင့်လည်း ရန်များတတ်သည်။

:၃၁၃၂ လူကို ညှဉ်းဆဲသူများသည် တမျိုးတဖုံဖြင့် ဘဝအောင်မြင်သူများ ဖြစ်သည်။ ထိုသူများ၏ အောင်မြင်ကြွယ်ဝခြင်းသည် မနာလိုငြိုငြင်စရာ မဟုတ်ပါ။ ဘုရားသခင်သည် ပျင်းရိခြင်း၊ စိတ်သဘောမရိုးမဖြောင့်ခြင်း၊ မရိုးမသားရယူခြင်းများကိုမုန်းတီးသည်။ စကားတော်နားထောင်သူများကို ချစ်တော်မူသည် (ယော ၁၄:၂၃)။

:၃၃ ဘုရားသခင်က ရှုတ်ချခြင်းနှင့် ယုံကြည်ခြင်း၊ ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့ကို ရွေးချယ်ခိုင်းသည်။ မတရားသောသူများသည် ကျိန်ခြင်းအမင်္ဂလာသင့်၍ ဖြောင့်မတ်ရိုးသားသူများသည် ဘုရားသခင်၏ နေရောင်ခြည်၌ နွေးထွေးစွာ နေကြရသည်။

:၃၄ တဖန် ကျေးဇူးတော်နှင့် ကဲ့ရဲ့စော်ကားခြင်းကို ရွေးခိုင်းသည်။ သူတပါးကို ဝေဖန်ပြစ်တင်ကဲ့ရဲ့သူများကို ဘုရားရှင်က ကဲ့ရဲ့၍ စိတ်နှလုံး အောက်ကျို့နှိမ့်ချသူများကို ကျေးဇူးပြုတော်မူသည်။ အရေးကြီးသော ရွေးချယ်စရာများဖြစ်သောကြောင့် ဓမ္မသစ်ကျမ်းတွင်လည်း (၂)ကြိမ် ထပ်မံရေးထားသည် (ယာ ၄:၆၊ ၁ပေ ၅:၅)။

:၃၅  နောက်ဆုံးရွေးချယ်စရာမှာ ဘုန်းအသရေနှင့် အရှက်ကွဲခြင်း ဖြစ်သည်။ ဉာဏ်ပညာရှိသူသည် ဘုန်းအသရေကို အမွေခံရ၍၊ လူမိုက်သည် အရှက်တကွဲ အကျိုးနည်းခြင်း တွေ့ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။