သုတ္တံကျမ်း - ၂၂

1ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက် သာ၍ကောင်း၏။ 2ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြုံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။ 3သမ္မာသတိရှိသောသူသည် အမှုကိုမျှော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။ 4စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။ 5သဘောကောက်သောလူသွားရာလမ်း၌၊ ဆူးပင်များနှင့် ကျော့ကွင်းများ ရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာရှောင်သွားလိမ့်မည်။ 6သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။ 7ငွေရတတ်သောသူသည် ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။ 8ဒုစရိုက်မျိုးစေ့ကိုကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုးလည်း ပျောက်လိမ့်မည်။ 9ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသောသူတို့ကို ကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ 10မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြုလျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။ 11စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။ 12ထာဝရဘုရား၏မျက်စိတော်သည် ပညာအတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။ 13ပျင်းရိသောသူက၊ အိမ်ပြင်မှာ ခြင်္သေ့ရှိ၏။ လမ်းသို့ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။ 14အမျိုးပျက်သောမိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသောသူသည် ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။ 15မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။ 16ကိုယ်စီးပွားအဖို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူနှင့်၊ ငွေရတတ်သောသူတို့အား ပေးသောသူသည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
ပညာရှိစကားရပ်သုံးဆယ်
17သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နားထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။ 18သင်၏နှလုံး၌သွင်းမိနိုင်လျှင် သာယာသောအကျိုး ရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ် အသင့်ရှိလိမ့်မည်။ 19သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင်ကို ယနေ့ ငါသွန်သင်၏။ 20-21သင်သည် သမ္မာတရားစကားစစ်ကို သိမည်အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာစကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသောအရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။ 22ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။ 23အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသောသူတို့၏အသက်ကို လုယူတော်မူမည်။ 24စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့် အတူမလိုက်နှင့်။ 25လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကို သင်၍၊ ကိုယ်အသက်ကျော့မိရာဖြစ်လိမ့်မည်။ 26လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ 27သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။ 28ဘိုးဘေးစိုက်ဖူးသော မြေမှတ်တိုင်တို့ကို မရွှေ့နှင့်။ 29ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။

သုတ္တံကျမ်း - ၂၂ (အနက်ဖွင့်)

၂၂:  နာမည်ကောင်းသည် စည်းစိမ်ဥစ္စာချမ်းသာခြင်းထက် မြတ်၏။ ကိုယ်ကျင့်တရား ကောင်းမြတ်ခြင်း၏ ရတနာအသီး ဖြစ်သည်။ စည်းစိမ်ဥစ္စာထက် အဖိုးတန်သည်။ အစွမ်းတန်ခိုးရှိသည်။ ရေရှည်ခံသည်။

ထို့ကြောင့် ရွှေငွေ ကျောက်မျက်ရတနာများထက် ဂုဏ်သရေကို မြတ်နိုးတွယ်တာအပ်သည်။

၂၂: လူမှုပတ်ဝန်းကျင်တွင် အဆင့်အတန်း အရည်အချင်း ကွဲပြားခြားနားကြသော်လည်း တနေရာတည်းမှ အတူတူရောက်ရှိလာကြသည်။ ဘုရားသခင် ဖန်ဆင်းထားသော လက်ရာများ ဖြစ်သည်။ လူ့ဘဝဇာတ်ခုံပေါ်မှာ အမျိုးမျိုးအသုံးတော် ခံကြရသော်လည်း သေလွန်သောအခါ ထိုအမှုအရာများသည် သင်ပုန်းချေစမြဲ ဖြစ်သည်။

၂၂: စဉ်းစားဉာဏ်ရှိသောသူများသည် ကြိုတင်တွေးမျှော်တတ်ကြသဖြင့် ကြုံတွေ့ရမည့် ဘေးအန္တရယ်များကို ရှောင်ကွင်းနိုင်ကြမည်။ ဣသရေလများသည် ပသခါပွဲတော်ညတွင် တံခါးဘောင်၌ သိုးသငယ်သွေးသုတ်ထားခြင်းဖြင့် လာမည့်ဘေး ရှောင်ကွင်းကြသည်။ ထိုကဲ့သို့ပင် ယုံကြည်သူများသည် ခရစ်တော်၌ ခိုးအောင်ခြင်းဖြင့် ဘေးအန္တရာယ် ရှောင်ရှားနိုင်ကြသည်။

ဉာဏ်တိမ်သူများမှာမူကား တုံးတိုက်တိုက် ကျားကိုက်ကိုက် မိုက်မိုက်ကန်းကန်း ပြုကြသဖြင့် ပြုကြသည့်အတိုင်း အန္တရာယ်နှင့် ပက်ပင်းရင်ဆိုင် ကြရသည် (Moffatt)။

၂၂:  ဘုရားသခင်ကို ချစ်ကြောက်ရိုသေ၍ မိမိကိုယ်ကို နှိမ့်ချအောက်ကျို့သူများကို လူများအမြင်တွင် ထုံအသည်ဟု ထင်ရသော်လည်း ဝိညာဉ်ရေးရာ ချမ်းသာကြွယ်ဝသူများ ဖြစ်သည်။ ဂုဏ်အသရေရှိသည်။ အသက်တာရှည်ကြသည်။

          ၂၂: ဆိုးယုတ်သူများ၏ ဘဝခရီးသည် ဆူငြောင့်ခလုတ်၊ ထူပြွမ်းသည်။ သမ္မာပညာရှိသူများသည် မိမိကိုယ်ကို ထိန်းကျောင်း၍ ရှောင်ကွင်းနိုင်သော်လည်း လူမိုက်များသည် မမြင်မကန်းဖြင့် လိမ့်ကျကြသည်။

၂၂:  တိုက်ရိုက်ပြန်ဆိုလျှင် ငယ်စဉ်တောင်ကျေးဘဝမှ ပဲ့ပြင်ဆုံးမခဲ့သော ကလေးသူငယ်သည် အသက်အရွယ်ကြီးလာသောအခါ အောင်မြင်သော အသက်တာရရှိသည်ဟု နားလည်ခံယူနိုင်သည်။ သို့သော် ယေဘူယျခြုံယူ ဆင်ခြင်ခြင်း ဖြစ်ပါသည်။ ချို့ယွင်းချက်တခုတလေ ရှိနိုင်ပါသည်။ ထိုအကြောင်းကို   Heury ward Beecher က ဤသို့ ဆိုသည်။

ကလေးသူငယ်နှင့် သစ်ပင်ကို ငယ်စဉ်အခါက အသေအချာပြုစုပျိုးထောင်လျှင် လိုရာပုံသွင်းနိုင်သည်။ သို့သော် ကွေ့ကောက်ပြီးမှ နောက်တဖန် ဖြောင့်မတ်အောင် ပြန်လည်တည့်မတ်ဖို့ မလွယ်။၃၃

Charles.Jonh တို့အပါအဝင် ကလေး(၁၅)ယောက်တို့၏ မိခက် Susanah Wesley သည် ထိုနိယာမအတိုင်း ကလေးသူငယ်များကို ပြုပြင်ထိန်းကျောင်းခဲ့သည်။ (၁) ကလေးသူငယ်များနှင့်အတူတူ ဘုရားသခင်အမှု၌ မွေ့လျော်ကြခြင်းဖြင့် ကလေးများ၏ စိတ်ဝိညာဉ်များကို ကယ်မသည်။ (၂) စကားပြောတတ်သည့်အရွယ်မှစ၍  ဘုရားရှိခိုးခြင်း သင်ပေးသည်။ (၃) ငိုကြွေးပူဆာသည့်အခါတွင်လည်း တောင်းဆိုသမျှကို မပေး။ ကလေးများအား ယဉ်ကျေးစွာ ပြန်လည်ရှင်းပြပြီး၊ တောင်းဆိုသည်ထက် ကောင်းသောအခါကို ပေးသည်။ (၄) လိမ်ညာပြောဆိုခြင်းကို တားမြစ်သည်။ အမှားလုပ်မိလျှင် ချက်ချင်းဝန်ခံခိုင်းသည်။ သို့သော် အရွဲတိုက်ခြင်း၊ ခေါင်းမာခြင်း ခွင့်မပြု။ စည်းကမ်းမရှိ၊ နမော်နမဲ့ပြုခြင်းကို ခွင့်မလွှတ်။ (၅) ကောင်းသောအကျင့်ကို ညွှန်ပြ၍ အောင်မြင်မှုများကို အားပေးချီးမြှောက်သည်။ (၆) ကတိပေးသည့်အတိုင်း အကောင်အထည်ဖော်ပေးသကဲ့သို့ ကလေးများကိုလည်း ကတိတည်စေသည်။

ဤသုတ္တံစကား၏ သွန်သင်ချက်သည် မိဘများဝတ္တရားနည်းပြလမ်းညွှန် ဖြစ်သည်။ မိဘများအား သားသမီးများအပေါ် စိတ်ရှည်သီးခံဖို့၊ အတင်းစေခိုင်းခြင်းထက် လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် သွေးထိုးဖို့၊ သားသမီးများ၏ အောင်မြင်မှုများကို ချီးမြှောက်ဖို့လည်း ပါဝင်သည်။ Kidner က “ကလေးသူငယ်များ၏ ဆန္ဒကို လေးစားဖို့ဖြစ်သော်လည်း အလိုမလိုက်မှားစေနှင့်”ဟု ဆိုသည်။

ကလေးသူငယ်များ သွန်သင်ရာတွင်လည်း ကလေးသူငယ်များ၏ စိတ်ဆန္ဒကိုသာ ဦးစားမပေးဖို့ သတိပေးထားသည်။ ထိုသို့ အမြဲတန်းအလိုလိုက်လျှင် ပတ်ဝန်းကျင်ကို ဗိုလ်ကျမင်းမူ၍ အာဏာရှင်စိတ် ပေါက်တတ်သည်။ ထိုအကြောင်းကို Jay Adam က ဤသို့ရှင်းပြသည်။

ဤကျမ်းစာအုပ်သည် မိဘများအား အာမခံချက်ပေးခြင်းသာ မဟုတ်။ သတိပေးချက်လည်း ဖြစ်သည်။ ကလေးကို အလိုလိုက်လွန်းလျှင်လည်း အသက်ကြီးလာသည့်အခါ လိုတရ စိတ်ဓါတ် ရှိလာကြသည်။ ကလေးသူငယ်များသည် အပြစ်သားများ မိဘများမှ မွေးဖွားလာကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့စိတ် အလိုလိုက်ခွင့်ပြုလျှင် မကောင်းသော စိတ်သဘောထား ရရှိသွားနိုင်သည်။ ငယ်ရွယ်စဉ်က သင်ယူရရှိသည့်အကျင့်ဗီဇအတိုင်း ကြီးပြင်းလာကြရသည်။ ထို့ကြောင့် အရိုးအခြင် နုနယ်ပျိုမြစ်သော သက်ရွယ်စဉ်ကာလတွင် စနစ်တကျ လေ့ကျင့်ပျိုးထောင် ပုံစံသွင်းရသည်။၃၅

၂၂: ငွေတွင် တန်ခိုးရှိသည်။ ကောင်းကျိုးပေးနိုင်သကဲ့သို့ ဆိုးကျိုးလည်း ပေးနိုင်သည်။ ငွေကြေးရတတ်သူများက မကြာခဏ အလွဲသုံးစားကြသည်။ ကောင်းမှုထက် မကောင်းမှုတွင် အသုံးမှားကြသည်။ ထို့ကြောင့် အသုံးမှားလျှင် ဆိုးကျိုး ဖြစ်စေပါသည်။

ငွေချေးယူသူသည် ငွေပေးသူ၏ ကျေးကျွန် ဖြစ်သည်။ အကြွေးသည် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်။ တဆပြီးတဆ အတိုးတက်သည်။ ထိုသို့ဖြင့် အသက်ရှုပေါက် လိုက်ပိတ်သည်။ သူ၏ စွမ်းဆောင်ရည် လှုပ်ရှားမှု အခွင့်အရေးဟူသမျှ တုတ်နှောင်ခြင်း ခံရသည်။

၂၂: ဒုစရိုက်မျိုးစေ့ကြဲသူသည် ဒုစရိုက်အသီးကို ပြန်လည်ရိတ်သိမ်းရသည်။ ထိုအခါ သူတပါးကိုလည်း ဒေါသစိတ်ဖြင့် ဒုက္ခပေးနိုင်တော့မည်မဟုတ်။

၂၂: စေတနာသဒ္ဓါရက်ရောသူကို ပေးကမ်းစွန့်ကြဲနိုင်ရန် ဘုရားသခင်က ကောင်းကြီးမင်္ဂလာ ပေးထားသည်။ မရှိဆင်းရဲသားများသို့ ပေးကမ်းစွန့်ကြဲသူသည် စိတ်နှလုံး ငြိမ်သက်ချမ်းမြေ့သည်။ အနာဂတ်တွင်လည်း ဆုလက်ဆောင် ရရှိမည်။

၂၂:၁၀ မထီမဲ့မြင်ပြုတတ်သူ ဖယ်ရှားပထုတ်လျှင် ထိုအသိုင်းအဝန်းတွင် ငြင်းခုံမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ကတောက်ကဆပြစ်မှု ငြိမ်းဆေးသွားမည်။ ထိုသူကို မောင်းထုတ်ပါ။ ဣသမေလအား အိမ်မှနှင်ချ    မောင်းထုတ်သောအခါ မိသားစုအတွင်း စကားများငြင်းခုံမှု၊ ရန်ဖြစ်မှု၊ ဆဲရေးတိုင်းထွာမှု၊ ပပျောက်သွားသည် (က ၂၁:၉-၁၀)။

၂၂:၁၁ စိတ်သဘော ဖြူစင်ကြည်လင်၍ မင်္ဂလာစကား ပြောလေ့ရှိသူသည် တော်ဝင်မိသားစု၏ မိတ်ဆွေဖွဲ့ရသည်။ ဤနေရာတွင် တော်ဝင်မိသားစု ဆိုသည်မှာ ဘုရားသခင်ကို ဆိုလိုဟန် ရှိသည်။

မေတ္တာ၊ ကရုဏာရှိသောစကား အနည်းငယ် အပြုံးဆချက်၊ မျက်ရည်တစက်သည် ကြေကွဲသောနှလုံးသားကို ကုစားနိုင်သည်။ မိတ်ဆွေကောင်းလည်း ဖွဲ့နိုင်သည်။

ရှေးဆရာကြီးတပါး

၂၂:၁၂ သမ္မာတရားနှင့် ယှဉ်သောသစ္စာစကားကို ဘုရားသခင်က ကွယ်ကာစောင့်ရှောက်သောကြောင့် ပျက်စီးခြင်းသို့ မရောက်နိုင်။ လူ့လောကရှိ လူနတ်ဗြဟ္မာများက မဖျက်ဆီးနိုင်။ သို့သော်လည်း ဘုရားသခင်သည် မှားယွင်းသော မိစ္ဆာတရားနှင့် အတုအယောင်များကို ဖျက်ဆီးပယ်ဖျက်သည်။

၂၂:၁၃ ပျင်းရိသူသည် အိမ်ပြင်ထွက်လျှင် အန္တရာယ်ကြုံတွေ့မည်ဟု စိုးရိမ်လေ့ရှိသည်။ တနည်းအားဖြင့် အလုပ်မလုပ်ခင်က အန္တရာယ်တွေးကြောက်သူသည် ငပျင်း ဖြစ်သည်။ သူ၏အကြောင်းပြချက်သည်လည်း ရယ်စရာဖြစ်သည်။ ခြင်္သေ့ကြောက်သည်ဟု ဆိုသည်။ မြို့လယ်လမ်းမမှာ ခြင်္သေ့ရှိသလား။ ခြင်္သေ့မရှိနိုင်။ ရှိလျှင် ကြောင် သို့မဟုတ် ကြွက်သာ ရှိသည်။

၂၂:၁၄ အကျင့်ပျက်သောမိန်းမ၏ ထောင်ချောက်သည် ပုံပျက်ဖုံးကွယ်မှု ကောင်းသောကြောင့် မကြာခဏ သားကောင်မိသည်။ ဘုရားတရားနှင့် ကွေကွင်းသူသည် ထိုထောင်ချောက်ထဲသို့ အလွယ်တကူ သက်ရောက်နိုင်သည်။ ဤကျမ်းပိုဒ်က ဘုရားတရား မသိသော ပုရိဿယောက်ျားသားများသည် မိန်းမမာယာ သဲကိုးဖြာတွင် ထောင်ချောက်မိတတ်ကြောင်း သတိပေးထားပါသည် (ရော ၁:၂၄:၂၆-၂၈ကိုလည်း ကြည့်)။

၂၂:၁၅ အသိဉာဏ်မပြည့်စုံသေးသော ကလေးသူငယ်များသည် မိုက်မှားတတ်ကြသည်။ သို့သော်လည်း သင်ကြားရန် လွယ်ကူသောကာလ ဖြစ်သဖြင့် ပညာပေးခြင်း၊ သင်ကြားဆုံးမခြင်းဖြင့် လမ်းမှန်သို့ အလွယ်တကူရောက်ရှိနိုင်သည်။ ထိုအကြောင်းကို Matthew Henry ကဤသို့ အကြံပြုသည်။

မိဘများက သားသမီးများကို ဆုံးမပဲ့ပြင်ဖို့ စည်းကမ်းစနစ်တကျရှိစေဖို့ သွန်သင်ရန် ဘုရားသခင် အလိုတော်ရှိသည် (ဟေဗြဲ : နှင့် ယှဉ်ဖတ်ပါ) မိုက်မဲသော ကလေးများကို ကြိမ်ဒုတ်နမ်းခိုင်းခြင်းဖြင့် အသိတရား ဝင်လာသည်။၃၆

၂၂:၁၆ မိမိကိုယ်ကို အငတ်ခံ၍ လူချမ်းသာအလုပ်ရှင်အား မျက်နှာလိုမျက်နှာရ လက်ဆောင်ပေးသူကို၎င်း၊ မရှိဆင်းရဲသားများ ခေါင်းပုံဖြတ် အမြတ်ထုတ်၍ စီးပွားရှာစားသူသည် ကိုယ်တိုင် ဆင်းရဲဒုက္ခရောက်မည်။ ချမ်းသာလူများအား လက်ဆောင်ပေးခြင်းသည် မလိုလားအပ်သော အပိုအလုပ် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းများသည် အပြန်လမ်းမရှိသော ရေစုန်မျောခြင်းသက်သက် ဖြစ်သည်။

၄။ ပညာရှိနှင့်ပတ်သက်သော သုတ္တံစကား (၂၂:၁၇၂၄၃၄)

(ကပညာရှိစကား (၂၂:၁၇၂၄၃၄)

          ၂၂:၁၇  အငယ် ၁၇-၂၁ သည် ၂၂:၂၂-၂၄:၂၂ ရှိ သုတ္တံစကားအား မိတ်ဆက်ပေးခြင်း ဖြစ်သည်။ ပညာရှိသုခမိန်များ၏ စကားအလိမ္မာများကို စိတ်ဝင်တစား နားထောင်ဖို့ ဖိတ်ခေါ်ထားသည်။ ဤသုတ္တံစကားများသည် ရှေးပညာရှိကြီးများ၏ အဆိုအမိန့်များကို ရှောလမုန်မင်းက စုစည်းတင်ပြခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် နောက်ပိုင်း တဝက်ခန့်သည် ရှောလမုန်၏ ပင်ကိုယ် အတွေးအမြင်များ ဖြစ်ကြောင်း သေချာသည်။

၂၂:၁၈ ဤသုတ္တံစကားများကို အလွတ်ရ မှတ်သားနာယူခိုင်းသည်။ (မှတ်သားလိုက်နာခိုင်းသည်)။ နှုတ်တွင်တဖွဖွရွတ်ဆိုခိုင်းသည် (အခြားသူများကိုလည်း လက်ဆင့်ကမ်း ဝေငှခိုင်းသည်)။

၂၂:၁၉ ရှောလမုန်က ဤသို့သုတ္တံစကား စီရင်ပြုခြင်း၏ ရည်ရွယ်ချက်မှာ စာဖတ်ပရိသတ်က ဘုရားသခင်အား အမှန်တကယ်ယုံကြည်ကိုးစားဖို့ ဖြစ်သည်။

၂၂:၂၀ RSV ကျမ်းမူတွင် “သင်လိမ္မာရေးခြားရှိရန် အသိဉာဏ်ကြွယ်ဝဖို့ သုတ္တံစကားပေါင်း သုံးဆယ် ရေးပေးခဲ့သည်မဟုတ်လား”ဟု ဆိုသည်။ ကျမ်းစာပညာရှင်များက ဤသုတ္တံစကား (ဤကျမ်းပိုဒ်မှ ၂၄:၂၂) ကို အုပ်စု (၃၀) ခွဲခြားထားကြသည်။ ထိုသို့ ခွဲခြားကြပုံကို အောက်တွင် ဖော်ပြထားသည်။

၂၂:၂၂ -၂၃                 ၂၃:၂၂-၂၅

၂၄-၂၅                         ၂၆-၂၈

၂၆-၂၇                         ၂၉-၃၅

၂၈                               ၂၄:၁၁-၁၂

၂၉                              ၃-၄

၂၃:၁-၃                                   ၅-၆

၄-၅                              ၇

၆-၈                              ၈-၉

၉                                  ၁၁-၁၂

၁၀-၁၁                         ၁၃-၁၄

၁၂                               ၁၅-၁၆

၁၃-၁၄                         ၁၇-၁၈

၁၇-၁၈                         ၁၉-၂၀

၁၉-၂၁                         ၂၁-၂၂

Berkeley   ကျမ်းမူတွင် “သင့်အတွက် အသိဉာဏ်ပညာနှင့် ဗဟုသုတကြွယ်ဝစရာ သုတ္တံစကား ရေးခဲ့သည်”ဟု ဆိုသည်။ “ရေးခဲ့သည်”ဟူသော စကားသည် အပိုဒ်ငယ် ၁၉ တွင်ပါရှိသည့် “ယနေ့”ဟူသော စကားရပ်နှင့် ဆန့်ကျင်သည်ကို သတိပြုနိုင်သည်။

၂၂:၂၁ ပညာရှာဖွေသူများသည် ပညာ၏ သစ္စာစကားကို သိရှိကြသောကြောင့် အခြားသူများကို လက်ဆင့်ကမ်း ဝေငှနိုင်သကဲ့သို့ အတိုင်ပင်ခံချင်သူများ အကြံပေးရန် လိုအပ်သူများနှင့်လည်း ရင်းနှီးတိုင်ပင် နိုင်ကြသည်။ မိမိအားစေခိုင်းသူများကိုလည်း အကျိုးအကြောင်း လုံလောက်အောင် ပြန်လည်ဖြေရှင်း တင်ပြနိုင်သည်။

          ၂၂:၂၂၂၃ ဤကျမ်းပိုဒ်နှင့် ၂၄:၂၂ သည် သင်ခန်းစာ တဆက်တစဉ်တည်း ဖြစ်သည်။ အားကိုးရာမဲ့ တကောင်ကြွက် ဆင်းရဲသားများကို နိုင်ထက်စီးနင်းမပြုရ။ မြေနိမ့်ရာလှံစိုက်မလုပ်ရ။ စကားလုံးများတွင်လည်း အနိုင်အထက်မပြုရ။ ဒုက္ခိတသတ္တဝါများကို အနိုင်မကျင့်ရ။ ထိုသူများကို ဘုရားသခင်က ကွယ်ကာစောင့်ရှောက်သည်။ မတော်မတရားဖိနှိပ်သူများအား ဘုရားသခင်က တဖန်အရေးယူ အပြစ်ပေးမည်။

၂၂:၂၄၂၅  အမျက်ဒေါသကြီး၍ စိတ်တိုတတ်သူနှင့် အနီးကပ် မပေါင်းသင်းနှင့်။ ထိုသူများသည် မကြာခဏ စိတ်တိုလေ့ရှိသောကြောင့် သင့်ကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုအပြစ် သင့်ထံသို့လည်း ထိုအကျင့်ဆိုး ကူးစက်နိုင်သည်။ ထိုရောဂါဆိုး ကူးစက်လျှင် ပြန်လည်ကုစားရန်မလွယ်။

၂၂:၂၆၂၇ လက်ဝါးချင်းရိုက်ဆိုသည်မှာ အကြွေးပေးဆပ်ပေးရန် သဘောတူညီခြင်း ဖြစ်သည်။ ထိုသို့ သူတပါးအကြွေး အာမခံပေးခြင်းသည် မိုက်မဲမှုဖြစ်သည်။ အကယ်၍ ကာယကံရှင်က အကြွေးပြေလည်အောင် မဆပ်နိုင်လျှင် အာမခံပေးသူက အိမ်တိုင်ချွတ်၍ လျှော်ပေးရမည်။ အဘယ်ကြောင့် ထိုမျှ အရှက်ရလောက်အောင် မိုက်မဲချင်သနည်း။

၂၂:၂၈ ဘိုးဘေးတို့ စိုက်ထူထားသော မှတ်တိုင်ဆိုသည်မှာ လူတဦး၏ ပိုင်ဆိုင်မှုပမာဏ အတိုင်းအတာ ပြဌာန်းထားသည်။ မသမာသူများသည် ထိုမှတ်တိုင်အား အိမ်နီးနားချင်းမြေဖက်သို့ ရွှေ့စိုက်နယ်ချဲ့တတ်ကြသည်။

ဝိညာဉ်ရေးရာတွင်မူ ဘိုးဘွားများစိုက်ထူထားသော မှတ်တိုင်သည် “သန့်ရှင်းသူတို့၌ အထက်က အပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရားဘက်မှာ ကြိုးစားတိုက်တွန်းခြင်း ဖြစ်သည်” (ယု ၃)။ ကျမ်းတွင် ဖော်ပြထားသော ကျမ်းရင်းသွန်သင်ချက်များကို လွန်ကျူးစွာ ပြင်ဆင်ကျင့်သုံးခြင်း မပြုကောင်းပါ။

          ၂၂:၂၉ မိမိတာဝန်ဝတ္တရားကို ကျေပြွန်ပြီး မြောက်စွာလုပ်ဆောင်သူသည် ချီးမြှင့်ခြင်းခံရမည်။ ထင်ပေါ်လျှင် စင်တော်ကကောက်သည်။ သာမန်လူတို့၏ အမှုကို ထမ်းဆောင်ခြင်းမဟုတ်။ မထင်မရှားလုပ်ဆောင်နေခြင်း မဟုတ်ပါ။ အခြားသာမန်လူများထက် ခေါင်းတလုံးပိုသည်။ ယောသပ်၊ မောရှေ၊ ဒံယေလနှင့် နေဟမိ တို့၏ဘဝကို သင်ခန်းစာယူပါ။

မဟာလူသားသည် ကြီးမြတ်စွာ လုပ်ဆောင်သည်။

            ခွင့်ကြုံအလုပ်များတွင် ပျော်ပိုက်မနေ။

            အခြားသူများ ပင်ပန်းငိုက်မြည်းနေခိုက်၊

            အထက်အရပ်ကိုကြည့်၍ လုံ့လဝီရိယ စိုက်ထုတ်သည်။

Long Fellow

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။