သုတ္တံကျမ်း - ၂၃

1မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။ 2သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ဓားနှင့်ရွယ်လော့။ 3ထိုမင်း၏ ခဲဖွယ်စားဖွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာ ဖြစ်၏။ 4ငွေရတတ်ခြင်းငှာ မကြိုးစားနှင့်။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ 5ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကိုလုပ်၍ ပျံသွားတတ်၏။ 6မနာလိုသောသူ၏ အစာကို မစားနှင့်။ သူ၏ခဲဖွယ်စားဖွယ်ကို အလိုမရှိနှင့်။ 7သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စားသောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။ 8သင်သည် စားသောအစာကို တစ်ဖန်အန်ရလိမ့်မည်။ သင်ချိုသောစကားလည်း ယိုယွင်းလိမ့်မည်။ 9မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ပါသောပညာကို မထီမဲ့မြင် ပြုလိမ့်မည်။ 10အရင်စိုက်သော မြေမှတ်တိုင်ကို မရွှေ့နှင့်။ မိဘမရှိသောသူတို့၏ လယ်ကိုမသိမ်းနှင့်။ 11အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသောသူသည် တန်ခိုးကြီး၍၊ သင့်တစ်ဖက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။ 12ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာအတတ်စကားကို နာခံလော့။ 13သူငယ်ကို မဆုံးမဘဲ မနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ 14ကြိမ်လုံးနှင့် ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နုတ်ရမည်။
15ငါ့သား၊ သင့်နှလုံး၌ ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။ 16သင့်နှုတ်သည် မှန်သောစကားကိုပြောသောအခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။ 17အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ် မရှိစေနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့သောသဘော ရှိစေလော့။ 18အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက်လိမ့်မည်။ သင့်မျှော်လင့်ခြင်းအကြောင်း မပျက်ရာ။ 19ငါ့သား၊ ငါ့စကားကိုနားထောင်၍ ပညာရှိသဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။ 20စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသား စားကြူးသောသူတို့ကို အပေါင်းအဖော် မလုပ်နှင့်။ 21သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသောသဘောသည် လူကို အဝတ်စုတ်နှင့် ခြုံတတ်၏။ 22သင့်ကို ဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင်မပြုနှင့်။ 23သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။ ပညာကိုလည်းကောင်း၊ ဆုံးမဩဝါဒကိုလည်းကောင်း၊ ဉာဏ်သတ္တိကိုလည်းကောင်း ထိုအတူပြုလော့။ 24ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဖွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ 25သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။ 26ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့်မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။ 27ပြည့်တန်ဆာမသည် နက်သောကျုံးကဲ့သို့လည်းကောင်း၊ အမျိုးပျက်သောမိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့လည်းကောင်း ဖြစ်၏။ 28သူသည် ဓားပြကဲ့သို့ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှာ ပြုတတ်၏။
29အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်းဟူမူကား၊ 30စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေသောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သောသူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။ 31ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။ 32နောက်ဆုံး၌ မြွေကဲ့သို့ ကိုက်တတ်၏။ မြွေဆိုးကဲ့သို့ နာစေတတ်၏။ 33သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သောစကားကို မြွက်ဆိုလိမ့်မည်။ 34အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သောသူကဲ့သို့ ဖြစ်လိမ့်မည်။ 35သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန်မှ ငါနိုးရမည်နည်း။ တစ်ဖန် ငါရှာဦးမည်ဟု သင်ဆိုလိမ့်သတည်း။

သုတ္တံကျမ်း - ၂၃ (အနက်ဖွင့်)

၂၃: အစားအသောက်တပ်မက်ခြင်းနှင့် စားပိုးနင့်ခြင်းအကြောင်းကို သတိပေးထားသည်။  မိမိထက်ကြီးရင့်သူများနှင့် အတူတကွ စားသောက်ဖွယ်သုံးဆောင်သောအခါ ထိုသူ၏ အခြေအနေနှင့် ကျွေးမွေးရခြင်းကို ဦးစွာစဉ်းစားပါ။ (JND)။ သင့်စားလုတ်ထဲတွင် ဓါးမြှောင်ထည့်ထားပါဆိုသည်မှာ အစားအသောက် ဆင်ခြင်ပါဟု ဆိုလိုသည်။

အချို့က စားသောက်ပွဲဖိတ်တိုင်း သွားဖြဲနားဖြဲ မစားနှင့်။ ဝေသန္တရာမျက်ရည်ကျအောင်မလုပ်နှင့် ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အချို့ဧည့်ခံပွဲနောက်ကွယ်တွင် အခြားအကြောင်းအရာ အကြံအစည် ရှိနိုင်သည်ဟု သတိပေးကြသည်။

၂၃: ကြွယ်ဝချမ်းသာချင်လွန်းသောကြောင့် မနေမနား အားအင်ကုန်ခမ်းအောင် ငွေနောက် မလိုက်နှင့်။ ဉာဏ်ပညာသုံးပါ။ ဆိုလိုသည်မှာ အပင်ပန်းဆင်းရဲခံ လိုက်ရှာနေသော ဥစ္စာဓနသည် ထာဝရမမြဲ။ သင်္ခါရသာတည်သည်။ ငွေနောက်လိုက်ခြင်းသည် မှားယွင်းသော လူ့သည်းခြေကြိုက် ဖြစ်သည်။ ငွေသည် အတောင်ပေါက်၍ ရွှေလင်းယုန်ငှက်ကဲ့သို့ တမဟုတ်ချင်း အခြားသို့ပျံတတ်သည်။

၂၃: ပေါင်းသင်းဆက်ဆံရေးတွင် သတိပြု ရှောင်ကြဉ်ရမည့် သင်ခန်းစာတခု ဖြစ်သည်။ စိတ် မရိုးသားသောသူ၏ အစားအသောက်ကို ချင့်ချိန်စားပါ။ သင့်ထမင်းလုတ်တိုင်းကို မသင်္ကာမျက်စိဖြင့် လိုက်ကြည့်နေသည်ကို သတိပြု။ ကပ်စေးနဲသူသည် သင့်ထမင်းဘယ်နှစ်လုတ်စားသည်ကို စောင့်ကြည့် ရေတွက်နေသည် စားပါဦး၊ ဟင်းထည့်ပါဦးဟူသော စကားတိုင်း စေတနာရှိ၍ ပြောသည်ဟုမထင်နှင့် လောကွတ်လုပ်ခြင်း ဖြစ်နိုင်သည်။ မမြင်ကွယ်ရာမှာ အခြားစကားရှိလာနိုင်သည်။

ဤကျမ်းချက်ကို LB ကျမ်းမူတွင် ဤသို့ ထပ်ရှင်းပြထားသည်။ စိတ်မရိုးသားသူနှင့် မပေါင်းသင်းရ။ သူတို့ပေးသောလက်ဆောင်များကိုလည်း မမက်မောနှင့်။ သနားပြခြင်းလည်း သဘောရိုးမဟုတ်။ တခုခုခိုင်းစားချင်၍ ဖြစ်သည်။ ကျွေးလိုက်သော ထမင်းကောင်း၊ ဟင်းကောင်းများ ဝမ်းထဲမရောက်မီ ပြန်အန်ချင်စိတ် ပေါ်လာမည်။ သင့်တုံ့ပြန်ကျေးဇူးစကားများကိုလည်း ပြန်ရုတ်ချင်စိတ် ပေါ်လိမ့်မည်။

၂၃: လူမိုက်၊ လူ့ဗလကို ပညာသွန်သင်ဖို့ မကြိုးစားနှင့်။ အချိန်ကုန် လူပမ်းဖြစ်မည်။ သင့်စကားများကို နာခံလေးစားမှာလည်း မဟုတ်။

၂၃:၁၀၁၁ မရိုးမသားသောစိတ်နှင့် သူတပါးပိုင်ပစ္စည်းကို မရွှေ့မပြောင်းနှင့်။ ရှေးဘိုးဘေးများ မြေမှတ်တိုင်ကို မရွှေ့ရ။ ခိုကိုးရာမဲ့ဆင်းရဲသားများ၏ လယ်မြေကို ကျူးကျော်ခြင်းမပြုရ။ ထိုသူများ၏ ရှင်သခင်သည် ဘုန်းတန်ခိုးကြီးမားသည်။ သင့်ကို စီရင်ဆုံးဖြတ်သွားမည်။ ထိုသူများ၏ အရှင်သည် ဘုရားသခင်ဖြစ်၍ သင်တဘက်၌ ရောက်ရှိသွားမည်။

၂၃:၁၂ ဆရာသမားကောင်း၏ သွန်သင်မှုရခဲ့သည်။ စည်းကမ်းတကျနှင့် အပတ်တကုတ် ကြိုးစားသင်ယူရသည်။ ဆုံးမဩဝါဒပေးခြင်းသည် သင်ခန်းစာကောင်း ဖြစ်သည်။

၂၃:၁၃၁၄ ကလေးကို မဆုံးမဘဲ အလိုလိုက် လက်လွှတ်ခြင်းသည် ချစ်ခြင်းမဟုတ်။ သမ္မာကျမ်းစာက ခွင့်မလွှတ်ရဟု မသွန်သင်ပါ။ သို့သော် ကလေးသူငယ်ကို ဒုတ်ဖြင့်ဆုံးမခြင်းသည် နာကျင်စေလို၍မဟုတ်။ ပျက်စီးခြင်းလမ်းမှ ကွယ်ကာခြင်း၊ လမ်းမှန်သို့ပို့ဆောင်ခြင်း ဖြစ်သည်။ သူ့ဝိညာဉ်အား မရဏာပြည်သွားလမ်းမှ ရွေးထုတ်ခြင်း ဖြစ်သည်။

ဧလိသည် အကျင့်ဆိုးသောလူ၏သားများကို ဆုံးမပဲ့ပြင်မည့်အစား “သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း”(၁ရာ ၂၂-၂၅)ဟု အပြစ်တင်သည်။ စနစ်တကျ သွန်သင်ခြင်းမရှိဘဲ၊ အရာရာကို ခွင့်လွှတ်သောကြောင့် အိမ်ထောင်မိသားစုတွင်၎င်း၊ ယဇ်ပုရောဟိတ် အမှုအရာတွင်၎င်း၊ အမျိုးအပေါ်တွင်၎င်း ဂုဏ်သိက္ခာ ထိပါးစေသည်။

သားတော်အဒေါနိယအား မိဘဝတ္တရားနှင့်အညီ မဆုံးမခဲ့သောကြောင့် ဒါဝိဒ်မင်းသည်လည်း စိတ်ဆင်းရဲခဲ့သည် (၃ရာ ၁:၆)။ ထို့အပြင် အခြားသားတော်ရှောလမုန်က ကွပ်မျက်သဖြင့် နောက်တဖန် စိတ်ဆင်းရဲရပြန်သည်။

၂၃:၁၅၁၆ ရင်မှဖြစ်သောသား၏ ပညာရှိခြင်း၊ မှန်သောစကားဆိုခြင်းသည် မွေးသဖခင်၏ ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်သည်။ ထိုကဲ့သို့ သင်တပည့်သားမြေးများ အောင်မြင်လျှင် ဆရာသမားများ ဝမ်းမြောက်ဂုဏ်ယူကြသည်။ ထိုအကြောင်းကို ပေါလုက ၁သက် ၃:၈ တွင် “ယခုမှ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏”ဟု၎င်း၊ ယောဟန်က ၃ယော ၄ တွင် “ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက်သာ၍ ဝမ်းမြောက်ခြင်းမရှိ”ဟု ၎င်းဆိုထားကြသည်။

၂၃:၁၇၁၈ မကောင်းမှုကျူးလွန်၍ ဥစ္စာပစ္စည်းရယူခြင်းထက် အငတ်ခံနေခြင်းက ပိုကောင်းသည်။ ထိုသူများ၏အကျင့်ကို အတုမြင်အတတ်သင်မလုပ်ရ။ ထို့ထက်စာလျှင် ဘုရားရှင်နှင့် မဿဟာယဖွဲ့ပါ။  မကောင်းမှုဒုစရိုက်ဖြင့် အသက်မွေးခြင်းသည် ဝမ်းနည်းကြေကွဲခြင်း ဇာတ်လမ်းဖြစ်၍ ဘုရားသခင်၌ မွေ့လျော်ခြင်းသည် ပျော်ရွှင်သော အသက်တာဖြစ်သည်။ ထို့ကြောင့် လူ့ဘဝအသက်တာတွင် ခဏအသက်ရှင်ခိုက် တရားတော်နှင့်အညီ အသက်ရှင်ကြစို့။ အနာဂတ်နေ့ရက်တွင် ဒုစရိုက်သမားများသည် ပျက်စီးခြင်းရောက်၍ လူကောင်းသူမြတ်များသည် ဆုလက်ဆောင်ရရှိကြမည့်အကြောင်းကိုလည်း မမေ့ကြနှင့်။ ထို့အပြင် လူ့ဘဝသေလွန်ပြီးသောအခါ ကောင်းကင်နိုင်ငံသို့ ပြန်လည်ထမြောက်ကြမည့် အကြောင်းကို အမြဲအာရုံစူးစိုက်ပါ။

၂၃:၁၉ အခြားသူများ ပတ်ဝန်းကျင်လူများ မည်ကဲ့သို့ ဖောက်ပြန်ဆုတ်ယုတ်ကြပါစေ။ နာခံတတ်သောသားသမီးများသည် ဩဝါဒစကား ရင်ဝယ်ပိုက်ကြသဖြင့် အသိဉာဏ်တိုးပွား၊ လိမ္မာကြသည်။ စိတ်နှလုံးကို ထိန်းကျောင်းနိုင်ကြသဖြင့် လမ်းမှန်ကမ်းမှန်ရောက်ကြသည်။ ဘုရားသခင် အလိုတော်ရှိသော လူ့ဘဝအသက်တာ ရရှိကြသည်။

၂၃:၂၀၂၁ အစားအသောက်လွန်ကျူးသူ (၂)မျိုးရှိသည်။ တမျိုးသည် လူမှန်းသူမှန်းမသိအောင် မူးရူးသူများဖြစ်၍ အခြားတမျိုးမှာ ဆိတ်ပါးစပ်ကဲ့သို့ တချိန်လုံးဝါးစားတတ်သော စားခုတ်များ ဖြစ်သည်။ ဣန္ဒြေအရှက်သိက္ခာရှိသူများသည် ထိုကဲ့သို့သောသူများကို အပေါင်းအသင်းမလုပ်ကြ။

ခဏတဖြုတ်လည်း မပေါင်းသင်းနှင့်။ အစားအသောက် လွန်ကျူးခြင်းသည် ဆင်းရဲခြင်း အကြောင်းရင်းတပါး ဖြစ်သည်။ အစားအသောက် မက်မောဦးစားပေးခြင်းဖြင့် ဝမ်းမဝခါးမလှ ဖြစ်ရသည်။

၂၃:၂၂ လူငယ်လူရွယ်များသည် အတွေ့အကြုံရင့်ကျက်သော ဖခင်များထံမှ သင်ခန်းစာနာယူရသည်။ သက်ကြီးရွယ်အို မိခင်ကိုလည်း ရိုသေလေးစားရသည်။ အသက်အရွယ် ကြီးရင့်သူများသည် ဘဝအတွေ့အကြုံရင့်ကျက်သူများ ဖြစ်သည်။ လူငယ်လူရွယ်များသည် မတွေ့ကြုံရသေးသော အခက်အခဲများအား ကိုယ်တိုင်မိုက်မိုက်ကန်းကန်းမရင်ဆိုင်ဘဲ၊ ကိုယ်တွေ့သမားများ၏ ဘဝမှ သင်ခန်းစာယူတတ်ရသည်။

၂၃:၂၃  ဉာဏ်ပညာအလိုရှိလျှင် ကြီးမားသောတန်ဖိုးဖြင့် ဝယ်ယူရသည်။ သို့သော် အလွဲသုံးစားဖို့ မဖြစ်စေနှင့်။ အတတ်ပညာနှင့် အသိပညာများသည် ထိုအတိုင်းဖြစ်သည်။ ဉာဏ်ပညာသင်ယူရာတွင်  မတန်မဆဈေးပေးခြင်းမရှိ။ တန်ရာတန်ကြေး အရင်းအနှီးပေးရသည်။ အသာလိုလျှင် အနာခံရသည်။ အမှန်တကယ် ပညာလိုချင်လျှင် ဘယ်သောအခါမှ အရှုံးမခံနှင့်။ လူ့လောကက သင့်ဘဝကို မနိုင်ပါစေနှင့်။

၂၃:၂၄၂၅ ခေတ်သစ်လူငယ်များက “ဖခင်များနေ့တွင် ဖခင်ကိုလည်စည်း မိခင်များနေ့တွင် သင့်မိခင်ကို ချောကလက်တဘူး လက်ဆောင်ပေးပါ”ဟု ဆိုကြသည်။ ထိုထက် ကောင်းမွန်သော သားသမီးများ လက်ဆောင်မှာ ကိုယ်တိုင်လိမ္မာရေးခြား ဉာဏ်ပညာရှိခြင်း ဖြစ်သည်။ ထိုသို့ပြုလျှင် သင့်မိဘများသည် ဝမ်းမြောက်၍ သင့်ကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။

၂၃:၂၆၂၈ မှတ်သားအပ်သောစကား ဖြစ်သည်။ ရှောလမုန်မင်းက မူးယစ်သောက်စားပေါ့ပျက် နေတတ်သောသားကို “ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့ဟု ဦးစွာသတိပေးသည်။ ဆိုလိုသည်မှာ “ငါပြောမည့်စကားများကို အသေအချာနားထောင်၍ တသက်လုံးစွဲမှတ်လော့”ဟုဆိုသည်။ ပြည့်တန်ဆာမသည် နက်နဲသောကျုံး၊ ဖုံးကွယ်ထားသောကျင်း၊ နမော်နမဲ့သားများအတွက် ထောင်ချောက်ဖြစ်သည်။ ထိုကျင်းသည် ကျဉ်းသောကြောင့် ပြုတ်ကျမိလျှင် ပြန်ထရန်မလွယ်ကူ။ လူဆိုးဓါးဒမြကဲ့သို့ အချိန်တိုင်း စောင့်နေသည်။ ယောက်ျားများအား ကလဲ့စားချေချင်သည့်စိတ်ဖြင့် အမြဲ ရန်ရှာသည်။ လိမ်လည်လှည့်စားသည်။ တံငါသည်ကဲ့သို့ ငါးများကို မြူဆွယ်သည်။ သစ္စာမရှိသူ၊ လင်မယားနှင့် အိမ်ထောင်မိသားစုများကို ချောင်းမြောင်းဖြားယောင်းသည်။

၂၃:၂၉၃၀ အခန်းကြီး (၂)ချက် အဓိကသင်ခန်းစာတခုမှာ မူးယစ်သောက်စားခြင်း ပြစ်မှုဖြစ်သည်။ မူးယစ်သောက်စားခြင်းသည် မိမိကိုယ်ကို အမင်္ဂလာ ဖြစ်စေသည်သာမက ပတ်ဝန်းကျင်အလှ ကျက်သရေကိုလည်း  ထိခိုက်ပျက်စီးစေသည်။ ခိုက်ရန်ဒေါသဖြစ်သွားခြင်း မကြာခဏကြုံတွေ့ရသဖြင့် ထိုသူ၏ဘဝသင်္ကေတသည် ညဉ်းတွားမြည်တမ်းခြင်း ဖြစ်သည်။ ညဉ်းတွားသော်လည်း လက်တွေ့မပါသောကြောင့် ဘဝအလင်းမရနိုင်။ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်သည်။ မျက်တောင်နီရဲလျက် သွေးစသွေးနများ စီးသည်။ တညဉ့်လုံးထိုင်လျက် သောက်ပြီးသောက်နေသည်။ နောက်တနေ့လာလျှင်လည်း ထိုအတိုင်းဖြစ်သည်။

၂၃:၃၁၃၂ ဖန်ကလပ်ထဲတွင် အရောင်အဆင်းတောက်ပစွာ ထည့်ထားသော စပျစ်ရည်ကို ယောင်၍ပင် လှည့်မကြည့်နှင့်။ အမြင်လှ၍ ဘဝင်ချိုသော်လည်း အရသာဆိုးသည်။ ဝမ်းထဲသို့ရောက်ပြီးလျှင် မြွေပွေးကဲ့သို့ ကိုက်တတ်သည်။ အဆိပ်အတောက် ဖြစ်သည်။

၂၃:၃၃၃၄  သောက်စားထားလျှင် အမြင်အာရုံလည်း မှောက်မှားသည်။ သာမန်အရာတတ္တုများကို ထိတ်လန့်ဖွယ်ရာ အန္တရာယ်များအဖြစ် မြင်သည်။ အရှိန်ကြောင့် စိတ်ကစဉ့်ကလျား ဖြစ်သည်။ စိတ်မမှန်သကဲ့သို့ အန္ဓာကိုယ်ရွေ့လျားမှုလည်း တိမ်းစောင်းသည်။ ပင်လယ်လှိုင်းစီးသကဲ့သို့ ဗြောင်းဆန်မူးနောက်သည်။ ရွက်တိုင်ဖျားမှာ ထိုင်နေသကဲ့သို့ ခါယမ်းသည်။

၂၃:၃၅ အမူးပြေ၍ သတိပြန်ရလာသောအခါ သေလုမတတ် ရိုက်နှက်ထုထောင်းထားသကဲ့သို့ ခန္ဓာကိုယ်နာကျင်သည်။ သို့သော် အဘယ်သူရိုက်နှက်သည်မသိ။ မည်သူမှရိုက်နှက်ခြင်းလည်း မဟုတ်။ တဖန် နေသားကျလာသောအခါ အရက်နာကို အရက်ဖြင့် ပြန်ဖြေပြန်သည်။ နောက်တခါ ထပ်သောက်ပြန်သည်။ ထိုသို့ဖြင့် အရက်သေစာထဲမှာ တနေကုန်တနေခမ်း သံသရာလည်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။