သုတ္တံကျမ်း - ၂၁

1ရှင်ဘုရင်၏စိတ်နှလုံးသည် ရေချောင်းကဲ့သို့ဖြစ်၍၊ ထာဝရဘုရား၏လက်တော်၌ရှိသဖြင့်၊ အလိုတော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။ 2လူတို့သည် မိမိတို့ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။ 3ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရားသည် သာ၍ နှစ်သက်တော်မူ၏။ 4ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏ အလင်းသော်လည်း အပြစ်ပါ၏။ 5လုံ့လဝိရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ သမ္မာသတိမရှိသောသူ၏ အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။ 6မုသားစကားအားဖြင့် ဘဏ္ဍာကိုဆည်းပူးခြင်းအမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။ 7မတရားသောသူတို့သည် တရားသဖြင့် မစီရင်လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။ 8လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တတ်၏။ စင်ကြယ်သောသူပြုသော အမှုမူကား မှန်ပေ၏။ 9ရန်တွေ့တတ်သောမိန်းမနှင့်အတူ လူများသောအိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။ 10မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သောအလိုမရှိ။ 11မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဉာဏ်တိမ်သောသူသည် သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွားတတ်၏။ 12တရားသောသူသည် မတရားသောသူ၏အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။ 13ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ်သူမျှ မကြားရ။ 14တိတ်ဆိတ်စွာပေးသောလက်ဆောင်သည် သူ့စိတ်ကိုလည်းကောင်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာသည် ပြင်းစွာသော အမျက်ကိုလည်းကောင်း ဖြေတတ်၏။ 15ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ 16ဉာဏ်ပညာလမ်းမှ လွှဲသွားသောသူသည် သင်္ချိုင်းသားအစုအဝေး၌ နေရာကျလိမ့်မည်။
17ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။ စပျစ်ရည်နှင့် ဆီကိုကြိုက်သောသူသည်လည်း ငွေကိုမရတတ်ရ။ 18မတရားသောသူသည် တရားသောသူအဖို့၊ လွန်ကျူးသောသူသည် ဖြောင့်မတ်သောသူအဖို့ ရွေးရန်ဖြစ်၏။ 19စိတ်တို၍ ရန်တွေ့တတ်သောမိန်းမနှင့် နေသည်ထက်၊ တောလွင်ပြင်၌နေသော် သာ၍ကောင်း၏။ 20ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဖွယ်သောဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေတတ်၏။ 21ဖြောင့်မတ်ခြင်းတရားနှင့် ကရုဏာတရားကိုရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေထင်ရှားခြင်းကို တွေ့တတ်၏။ 22ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကိုတက်၍၊ မြို့သား ကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။ 23မိမိနှုတ်နှင့်လျှာကို စောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှာ စောင့်ရာရောက်၏။ 24ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သောသူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသောသူဟူ၍ သမုတ်အပ်၏။ 25ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သောကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။ 26တစ်နေ့လုံး တပ်မက်အားကြီးတတ်၏။ ဖြောင့်မတ်သောသူမူကား မနှမြောဘဲ စွန့်ကြဲတတ်၏။ 27မတရားသောသူပူဇော်သောယဇ်သည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။ ထိုမျှမက၊ မတရားသောစိတ်နှင့် ပူဇော်လျှင် သာ၍ဖြစ်၏။ 28မမှန်သောသက်သေသည် ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြောတတ်၏။ 29မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာစေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်းကို ပြင်ဆင်တတ်၏။ 30ထာဝရဘုရားတစ်ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။ 31စစ်တိုက်ရာကာလအဖို့ မြင်းများကိုပြင်ဆင်သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။

သုတ္တံကျမ်း - ၂၁ (အနက်ဖွင့်)

၂၁: ဘုရားသခင်၏ အသိဉာဏ်တော်သည် စမ်းချောင်းကဲ့သို့ ရှင်ဘုရင်ထံသို့ စီးဆင်းသဖြင့် ရှင်ဘုရင်များသည် တရားတော်နှင့်အညီ စိုးစံအုပ်စိုးသူများ ဖြစ်သည်။ ယုံကြည်သူ ခရစ်ယာန်များ အမှုတော်ဆောင်ရာတွင်ဖြစ်စေ၊ ဧဝံဂေလိတရားဟောကြားရာတွင်ဖြစ်စေ အုပ်စိုးသူအစိုးရ၏ ဖိစီးမှုကို နားလည်ခံယူတတ်ကြပါစေ။

၂၁: လူသည် မိမိအပြုအမူ အကြံအစည်များကို မှန်ကန်သည်ဟု ခံယူလေ့ရှိသည်။ အပြင်ပန်းသဏ္ဍာန် ရုပ်လက္ခဏာကိုကြည့်၍ တန်ဖိုးဖြတ်ကြသည်။ သို့သော် ဘုရားသခင်သည် ထိုကဲ့သို့ပြုလုပ်သူရခြင်း အကြောင်းရင်း၊ စိတ်ကူးစိတ်သန်းမှစ၍ စစ်ဆေးစီရင်သည်။

၂၁: ဘုရားသခင်သည် ယဇ်ကောင်ဖြင့် ပူဇော်သက္ကာပြုခြင်းထက် နာခံခြင်းပူဇော်သက္ကာအား နှစ်သက်သည်။ (၁ရာ ၁၅:၂၂ ကိုလည်းကြည့်)။ ဘုရားသခင်သည် ရိုးရာထုံးတမ်းစဉ်လာနှင့် အဖွဲ့အစည်းများ၏ ပြဌာန်းချက်များကို လိုလားသူမဟုတ်။ စိတ်နှလုံးခံယူချက်ကို တန်ဖိုးထားသည်။

၂၁: ဤသုတ္တံစကားကို (၃)ပိုင်း ခွဲခြားနိုင်သည်။ ထောင်လွှားသောမျက်နှာဆိုသည်မှာ သူတပါးကို ဂရုမစိုက်သော မျက်နှာထား ဖြစ်သည်။ မာနကြီးသောနှလုံးဆိုသည်မှာ သူတပါးကို မထီလေးစားပြုသော စိတ်သဘောထား ဖြစ်သည်။ မတရားသောသူတို့၏အလင်းဆိုသည်မှာ ထိုသူများ၏ တဒင်္ဂပျော်ရွှင်မှု၊ ကြီးပွားချမ်းသာမှု ဖြစ်သည်။  ထိုအမှုအရာများကို ဘုရားသခင်ဘက်မှကြည့်လျှင် အပြစ်ဒုစရိုက် ဖြစ်သည်။

၂၁: လုံ့လဝီရိယပြု၍ ရှာဖွေသူနှင့် ဝိသမလောဘသမားသည် မတူညီပါ။ ဇွဲလုံ့လထုတ်၍ ရှာဖွေကြိုးပမ်းသူသည် သေချာသောချမ်းသာမှုရရှိ၍ သမ္မာအာဇီဝနှင့်ကင်းသော စီးပွားသည် ကြာရှည်မခံ။

          ၂၁:  မုသားစကားဖြင့် လိမ်လည်လှည့်ဖျား၍ စီးပွားရှာစားသူများ၊ သူများမျက်ခုံးပေါ်တွင် စင်္ကြန်လျှောက်သူများသည် လေကို ဖမ်းဆုပ်ခြင်းနှင့် တူသည်။ သူတပါးကို လိမ်လည်လှည့်ဖျားသဖြင့် အကျိုးစီးပွား ပျက်ကြသည်။ မိမိကိုယ်ကို အဟုတ်ကြီး ထင်ကြသည်။ ထိုသူများသည် သူတို့ဆင်သောလေပွေက ပြန်လည်ဝေ့ပတ်၍ မရဏာသေရွာသို့ ပို့ဆောင်သည်။

          ၂၁:  မတရားသူများသည် မှန်ကန်ရာကို မပြုကျင့်လိုကြသဖြင့်  မိမိညှဉ်းဆဲသောအပြစ်က မိမိကို ဖျက်ဆီးလိမ့်မည်။ စိတ်သဘောထား ကိုယ်ကျင့်တရား ဖြစ်သည်။ ကမ္ဘာအဝှမ်းတွင် ပြန်ပေးဆွဲမှု၊ ဆိုးညစ်မှု၊ အနိုင်အထက်ပြုမှု၊ ရုန်းရင်းဆန်ခတ်မှု ဖြစ်နေသည်။ ထိုသို့ မတော်မတရား ပြုသူများသည် ဘယ်သောအခါမှ အပြစ်ဒဏ်မှ ကင်းလွတ်မည်မဟုတ်။ ဘယ်ခါမှ မလွတ်။

၂၁: “ဒုစရိုက်သမားများသည် လမ်းလွဲလိုက်ကြ၍ လူကောင်းများသည် လမ်းဖြောင့်လမ်းမှန် လိုက်ကြသည်” (JND)။ ဤနေရာတွင် အပြစ်ဒုစရိုက်ဆိုသည်မှာ လိမ်ညာခြင်း၊ ခိုးဝှက်ခြင်း၊ ကလိန်ကြုံကျခြင်း၊ ခြိမ်းခြောက်ခြင်း၊ လှည့်စားခြင်းများ ဖြစ်သည်။ အလင်းထဲ၌ လျှောက်လှမ်းသူသည် ခိုးကြောင်ခိုးဝှက်လုပ်စရာမလို။ စိုးရိမ်သောကမရှိ။ လိပ်ပြာသန့်သန့် နေနိုင်သည်။

၂၁:  ကျမ်းစာရေးသားသော အရပ်ဒေသရှိ နေအိမ်ခေါင်မိုးများသည် ချွန်ထက်ခြင်းမရှိ။ ပြားချပ်သည်။ သို့သော် ဤသုတ္တံစကားတွင်မူ အိမ်ခေါင်မိုးထိပ်ဟု သုံးထားသည်။ အပူရှိန်၊ အအေးဒဏ်၊ မိုးရေ၊ နှင်းစက်၊ မိုးသီးနှင့် လေဒဏ်များ သက်သာစွာခံနိုင်ရန် အိမ်ခေါင်မိုးများကို တြိဂံပုံ ခပ်စောက်စောက် ဆောက်လုပ်လေ့ရှိကြသည်။ မြည်တွန်တောက်တီးနားပူနားစာ လုပ်လေ့ရှိသော မိန်းမနှင့်အတူနေခြင်းထက် ထိုခေါင်မိုးထိပ်ပေါ်တွင် တယောက်တည်းနေခြင်းက စိတ်ချမ်းသာသည်။ ယောက်ျားများသည် နားပူခြင်းထက် ကျောပူဒဏ် ခံနိုင်ကြသည်။

          ၂၁:၁၀ သူယုတ်မာများသည် သူတပါးအား ဒုက္ခပေးရန် အမြဲကြံဆောင်လေ့ရှိသည်။ အိမ်နီးနားချင်းများကိုလည်း စဉ်းစားသက်ညှာခြင်းမရှိကြ။ တွေ့ရာကြုံရာ လူမရှောင် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားကြသည်။ ခေတ်သစ်လူ့လောကအဖွဲ့အစည်းတွင် ထိုအပြုအမူများကို ပြစ်မှုဟုပင် မမြင်ကြတော့ပါ။

၂၁:၁၁  မထီမဲ့မြင်ပြုတတ်သူသည် အပြစ်ဒဏ်ရာရရှိခြင်းဖြင့် သင်ခန်းစာ ရချင်မှရမည်။ သို့သော် ထိုအဖြစ်အပျက်ကို တွေ့မြင်သူများက သင်ခန်းစာ ရရှိကြသည်။ လိမ္မာပါးနပ်သူများသည် ကိုယ်တိုင် အပြစ်ဒဏ်ခံရမှ သင်ခန်းစာ ရရှိသည်မဟုတ်။ အခြားသူများအတွေ့အကြုံကို သိမြင်ခြင်းဖြင့် လိမ္မာကြသည်။

၂၁:၁၂ တရားမျှတတော်မူသော ဘုရားသခင်သည် သူယုတ်မာတို့၏ အိမ်တွင်းရေးကို သိရှိတော်မူသည်နှင့်အညီ အပြစ်စီရင်တော်မူသည်။ ဘုရားသခင်၏ မတရားသဖြင့် စီးပွားရှာစားသူများ၏ ဘဝ၏အချိန်နှင့်တပြေးညီ အနီးကပ်ကြည့်ရှုသည်။ မတရားသဖြင့် ရရှိသော ထိုဥစ္စာပစ္စည်းများသည် အကုသိုလ်များ ဖြစ်သည်။

၂၁:၁၃  လု ၁၆:၁၉-၃၁ တွင် ပါရှိသည့် သူဌေးနှင့်အိမ်တံခါးဝတွင် တောင်းရမ်းစားသောက်သော သူတောင်းစားကို ပြန်လည်မြင်ယောင်ကြည့်ပါ။ လက်ရှိ လူ့ဘဝလွန်မြောက်ကြသောအခါ ထိုသူဌေးသည် “လာပါ၊ ကယ်ပါ” အော်ဟစ်သော်လည်း ကယ်မည့်သူမရှိ။

          ၂၁:၁၄  ဤဖြစ်စဉ်ကို သမ္မာကျမ်းစာက မထောက်ခံသော်လည်း ပုံဥပမာအဖြစ် မကြာခဏ ရှင်းပြသည်။ စိတ်ဆိုးနေသူကိုလည်း ဆုလက်ဆောင်ဖြင့် အမျက်ဒေါသပြေငြိမ်းစေနိုင်သည်။ စိတ်မကျေမချမ်း ဖြစ်သူများကိုလည်း တံစိုးလက်ဆောင်ပေးခြင်းဖြင့် စိတ်ဖြေသာနိုင်သည်။

          ၂၁:၁၅ သူတော်ကောင်းများသည် တရားသဖြင့် မှန်ကန်စွာ စီရင်ဆုံးဖြတ်ခြင်းအား ကြိုဆိုတောက်ခံကြသည်။ သို့သော် မသမာသူများကမူ စိတ်ညစ်ကြမည်။ ခရစ်တော်ဘုရား ဒုတိယအကြိမ် ကြွလာသောအခါ ထိုအဖြစ်အပျက် ကြုံတွေ့ကြရမည်။ ကယ်နှုတ်ခြင်းခံရသူများအတွက် မင်္ဂလာအချိန်အခါ သမယဖြစ်၍ သူယုတ်မာများအတွက်မူ ဘေးဆိုးကံကြမ္မာဆိုးကျရောက်ချိန် ဖြစ်သည် (၂သက် ၁:၆- ၉)။

၂၁:၁၆ သုတ္တံကျမ်းတွင် လူပုံစံအမျိုးမျိုး ရှင်းပြထားသည်။ ဤကျမ်းပိုဒ်မှ လူမိုက်သည် ဆာဟာရ သဲကန္တာရအပြစ်တောတွင် တကိုယ်တော် လျှောက်သွားသူ ဖြစ်သည်။ ထိုသူသည် လူသေကောင်များအလယ်တွင် နောက်ဆုံးအိပ်စက် အနားယူမည့်သူ ဖြစ်သည်။

          ၂၁:၁၇ စိတ်ချသေချာသော ဘဝအာမခံချက်မရရှိမီ၊ အချို့လူမိုက်များသည် စပျစ်ရည်နှင့် ချိုမြိန်သောအစာဖြင့် ဘဝဖြုန်းကြသည်။ စင်စစ် ထိုအရာများသည် ဆင်းရဲမှုဝယ်ယူခြင်း ဖြစ်သည်။ ကျန်းမာရေးထိခိုက်၍ စီးပွားရေးထိခိုက်သည်သာမက၊ စိတ်ဝိညာဉ်ကိုလည်း အားနည်းစေသည်။ အချို့လူမိုက်များသည် “မသေခင်စားရတာ”ဟုဆိုပြီး မနက်ဖြန်သေတော့မည့်အတိုင်း ယနေ့ညနေတွင် တဝတပြဲ စားသောက်ကြသည်။

၂၁:၁၈ ဟေရှာ ၄၃:၃ တွင် ဘုရားသခင်က သု့လူဣသရေလလူများအား အဲဂုတ္တုပြည်မှ ရွေးထုတ်ခဲ့သည်ဟု ဆိုသည်။ ယုဒလူမျိုးများ အဲဂုတ္တုပြည်မှ လွတ်မြောက်လာကြစေရန် ဘုရားသခင်သည် ကုရုမင်းအား စေလွှတ်အသုံးပြုခဲ့သည်။ အဲဂုတ္တုပြည်နှင့် အိမ်နီးနားချင်းနိုင်ငံများအား ကုရုမင်းလက်ထဲသို့ အပ်နှံသည်။ သင်ခန်းစာယူနိုင်သည်။ ကျမ်းပိုဒ်၏ မူရင်းစကားမှာ လူဆိုးများကို ဘုရားသခင်က ဖမ်းဆီးအရေးယူခြင်းဖြင့် လူမှန်များ လွတ်မြောက်ကြရမည့်အကြောင်း ဖြစ်သည်။

၂၁:၁၉ သုတ္တံဆရာက ဟာသနှော၍ ပြောခြင်းဖြစ်သည်။ သဲကန္တာရတောတွင် တယောက်တည်း မည်ကဲ့သို့ ပျှော်ရွှင်နိုင်မည်နည်း။ သို့သော် လျှာပါးနှုတ်စွာ ရန်တွေ့တတ်သော မိန်းမနှင့် အတူတူနေခြင်းထက်၊ ကန္တာရတောတွင် တယောက်တည်းအထီးကျန်ခြင်းက ပိုမိုနားငြီးသက်သာ စိတ်ချမ်းသာသည်ဟု ညွှန်းဆိုထားသည်။

၂၁:၂၀  ပညာရှိ၏နေအိမ် တဲကုပ်နှင့် ငွေကြေးချမ်းသာသော်လည်း စည်းမရှိကမ်းမရှိ ဖြုန်းတတ်သော လူမိုက်ဝေဟာကို နှိုင်းယှဉ်ပြထားသည်။

တချိန်က ယဇ်ရွှေရည်သောက်စားဖို့ အိမ်ရှိအဖိုးတန်ပစ္စည်းများကို ထုခွဲရောင်းစားသူတယောက် ရှိသည်။ အသက်တာပြောင်းလဲပြီးသောအခါ ထိုသူအား ခရစ်ယာန်မိတ်ဆွေတဦးက “ခရစ်တော်ဘုရားက ရေကိုစပျစ်ဝိုင် အဖြစ်သို့ ပြောင်းလဲပစ်သည်ကို မယုံဘူးလား”ဟု မေးသည်။ ထိုသူကလည်း “ခရစ်တော်ဘုရားက ရေကို စပျစ်ဝိုင်အဖြစ်သို့ ပြောင်းလဲပေးသည် မပေးသည်ကို မသိပါ။ ကျွန်တော်သိထားသည်မှာ ကျွန်တော်ဝယ်မည့်အရက်တို့ကို ပရိဘောဂများ အဖြစ်သို့ ပြောင်းလဲပေးခြင်းကို သိသည်”ဟု ပြန်ဖြေသည်။

၂၁:၂၁  ဖြောင့်မတ်ခြင်းနှင့် ကရုဏာတရား၍ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်သူသည် ရသင့်သထက် ပိုမို အကျိုးဖြစ်ထွန်းသည်။ စီးပွားဥစ္စာ ဒီရေအလား တိုးတက်သည်။ ထိုအပြင် ဂုဏ်ကျက်သရေရှိစွာ အသက်တာရှည်မည်။

၂၁:၂၂ လိမ္မာပါးနပ်သော ခရစ်ယာန်များ၏ မြို့ရိုးဖျက်လက်နက်ကြီးမှာ သံချပ်ကာကား၊ အမြောက်ကြီးနှင့် ဗုံးများ မဟုတ်ပါ။ ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည် (၂ကော ၁၀:၄ ကိုကြည့်ပါ)။ ယုံကြည်ခြင်းထင်သန်ခ၏လျှင် မစွမ်းဆောင်  မအောင်နိုင်သော အတားအဆီး တောင်းကြီးတောင်းငယ်များ မရှိနိုင်။

၂၁:၂၃ ပါးစပ်စည်းစောင့်သူများသည် ဒုက္ခနှင့်ကင်းဝေးခြင်း   အကြောင်းတခု ဖြစ်သည်။ “လျှာသည် ခန္ဓာကိုယ်၏ သေးငယ်သော အစိပ်အပိုင်းဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။ သေးငယ်သော မီးပွားကကြီးမားသော သစ်တောကြီး လောင်ကျွမ်းစေနိုင်သည်ကို သတိပြုပါ။ လျှာနှင့်မီးသည် တူ၍ အပြစ်ဒုစရိုက်ဖြင့် ပြည့်ဝသော ကမ္ဘာဖြစ်၏”(ယာ ၃:၅-၆)။

၂၁:၂၄   မာနထောင်လွှားသူကို “မောက်မာသူဘဝင်မြင့်သူ၊ ကိုယ်ချင်းစာတရားကင်းမဲ့သူ ဟုလည်း ခေါ်နိုင်သည်။ “သူ၏ နာမည်သည် သူ့သဘောနှင့် ညီညွတ်ပါ၏” (၁ရာ ၂၅:၂၅)။

၂၁:၂၅၂၆ အလုပ်မလုပ် ပျင်းရိသူသည် အရူးစိတ်ကူးယဉ်သမား ဖြစ်သည်။ မိမိအသက်ကို သေကြောင်းကြံစည်သူ ဖြစ်သည်။ လက်တွေ့အလုပ်မလုပ်ဘဲ စိတ်ကူးယဉ်ခြင်း၌ အချိန်ကုန်သည်။ ရတာမလို၊ လိုတာမရ၊ လိုတာမျှော်လင့်ခြင်းဖြင့် အချိန်ကုန်သည်။ လူလိမ္မာမူကား ရသောအလုပ်ကို ကြိုးစားပမ်းစား လုပ်ကိုင်ခြင်းဖြင့် မျက်နှာသာရ၍ တိုးတက်သည်။ အခြားသူများကိုလည်း ကူညီမစနိုင်သည်။

၂၁:၂၇ နောင်တမရသော အပြစ်ဒုစရိုက်သားများ၏ ပူဇော်သက္ကာကို ဘုရားသခင် စက်ဆုပ်ရွံရှာသည်။ ထို့ထက်တစုံတရာ မျှော်လင့်ချက်ဖြင့် လာဘ်ထိုးသဖွယ် ယဇ်ပူဇော်ခြင်းကို ပိုမိုမုန်းတီးသည်။ ထိုသူများ၏ ပူဇော်ပေးလှူခြင်းကို အသိအမှတ်မပြု။ လက်မခံ။

၂၁:၂၈ “မမှန်ကန်သော သက်သေခံချက်များသည် အရာမရောက်သော်လည်း ကိုယ်တွေ့မျက်မြင် သက်သေစကားမူကား တည်ကြည်သည်”(RSV)။ မမှန်ကန်သော သက်သေသည် အမှန်အကန် ထွက်ဆိုပါမည်ဟု ဘုရားသခင်ရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုလျှက် မမှန်မကန်ထွက်ဆိုသောကြောင့် မိမိကိုယ်ကို လိမ်ညာလှည့်စားသူ ဖြစ်သည်။ ကိုယ်တွေ့မျက်မြင် သက်သေခိုင်လုံ၍ တည်ကြည်စွာ ဖြေဆိုသူသည် စိုးရိမ်ထိတ်လန့်စရာမရှိ။

၂၁:၂၉ စဉ်းလဲသောသူသည် မျက်နှာထားမာကြောတတ်၏။ မခုတ်တတ်သော ကြောင်ကဲ့သို့ မျက်နှာကြော ပြင်ဆင်ထားသည်။ မမှန်ကန်မှုများကို သူများမရိပ်မိအောင် ကြိုးစားဖုံးကွယ်သည်။ ဖြောင့်မတ်မှန်ကန်သူမူအား အပြုအမူ အကြံအစည်မှန်ကန်သဖြင့် ရှေ့ဘဝလမ်း ဖြောင့်ဖြူးသည်။ ဘေးအန္တရာယ်စိုးရိမ်စရာ မရှိ။

၂၁:၃၀  ဘုရားသခင်၏ ဉာဏ်ပညာနှင့်ယှဉ်လျှင် လူ့အသိဉာဏ်ပညာသည် အချည်းနှီးဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်ပညာအား အံတု၍ မရနိုင်။ ‘ထာဝရဘုရား၏ အကြံအစည်တော်ဟူသမျှသည် ပြည့်စုံသည်” (ယေ ၅၁:၂၉)။

၂၁:၃၁ လူသည် စစ်ပွဲဆင်နွဲရန် စစ်လက်နက်ပစ္စည်း အစုံအလင်ပြင်ဆင်ဖြည့်ဆည်းကြသော်လည်း ထိုတိုက်ပွဲအောင်ပွဲဆင်ရန် ဘုရားသခင်လက်ထဲ၌ တည်သည်။ စစ်လက်နက်ပစ္စည်းများထက် ဘုရားသခင်ကို ကိုးစားသင့်သည်။ ခေတ်မီလက်နက်များနှင့် အနုမြူဗုံးများကိုလည်း အားမကိုးရ (ဆာ ၂၀:၇ ကို ကြည့်ပါ)။

အပိုဒ်ငယ် ၃၀ နှင့် ၃၁ ကို ပြန်လည်လေ့လာ သုံးသပ်ကြည့်ကြပါစို့။

ငယ် ၃၀။ ဘုရားသခင်ကို အံတုနိုင်စွမ်းသော အရာမရှိ။

ငယ်၃၁။ ဘုရားသခင်မပါလျှင် ဘာမှမစွမ်းဆောင်နိုင်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။