သုတ္တံကျမ်း - ၂၀

1စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။ 2ရှင်ဘုရင်ကြောက်စေသောအမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော်သောသူသည် မိမိအသက်ကို ပြစ်မှား၏။ 3ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ်အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့် ရောနှောတတ်၏။ 4ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ်မလုပ်လို။ ထိုကြောင့် စပါးရိတ်သောကာလ၌ သူတစ်ပါးကို တောင်းသော်လည်း မရရာ။ 5လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။ 6လူများတို့သည် မိမိတို့ပြုသောကျေးဇူးကို ကြားပြောတတ်၏။ သစ္စာရှိသောသူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။ 7ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။ 8တရားပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်သည် မကောင်းသောအမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ်ရှင်းတတ်၏။ 9ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့် ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။ 10အလေးချင်းမတူသောအလေး၊ အဝင်ချင်းမတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ 11သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။ 12ကြားတတ်သော နားကိုလည်းကောင်း၊ မြင်တတ်သောမျက်စိကိုလည်းကောင်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။ 13ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ်ခြင်းကို မတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။ 14ဝယ်သောသူက၊ မကောင်းဘူး၊ မကောင်းဘူးဟု ဆိုတတ်၏။ ဝယ်၍သွားပြီးမှ ဝါကြွားတတ်၏။ 15ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောနှုတ်မူကား၊ အလွန်အဖိုးထိုက်သော ရတနာဖြစ်၏။ 16မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစရှိသော ဥစ္စာတစ်စုံတစ်ခုကို ပေါင်ထားစေ။
17လှည့်စား၍ရသော အစာသည် ချိုမြိန်သော်လည်း၊ စားသောသူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။ 18အကြံရှိသောသူသည် သူတစ်ပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသောတိုင်ပင်ခြင်းရှိမှသာ စစ်မှုကိုပြုရမည်။ 19လည်၍ စကားများသောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဖော်နှင့်။ 20အကြင်သူသည် မိဘကိုကျိန်ဆဲ၏။ ထိုသူ၏မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။ 21အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော်လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။ 22ငါသည် ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်။ 23အလေးချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင်လည်း အပြစ်ရှိ၏။ 24လူသွားရာလမ်းတို့ကို ထာဝရဘုရားစီရင်တော်မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ်သို့ နားလည်နိုင်သနည်း။ 25ဘုရားအမှု၌ စကားလွန်မိသောသူ၊ သစ္စာကတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။ 26ပညာရှိသောရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့်ဖိတတ်၏။ 27လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိသမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏မီးခွက်ဖြစ်၏။ 28ကရုဏာတရားနှင့် သစ္စာတရားသည် ရှင်ဘုရင်ကိုစောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာတရားအားဖြင့် မြဲမြံတတ်၏။ 29လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏။ 30အနာကို မွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ်နှင့် ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ်အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကိုပြုတတ်၏။

သုတ္တံကျမ်း - ၂၀ (အနက်ဖွင့်)

၂၀: စပျစ်ရည်သည် လှည့်စားတတ်၏ စပျစ်ရည်သောက်လျှင် သွေးကြွစေသည်။ စိတ်နှလုံး တက်ကြွမာကြောစေသည်။ အရက်သေစာသောက်စား မူးယစ်လျှင် ရုန်းရင်းဆန်ခတ် ဖြစ်စေတတ်သည်။

ဝိုင်ကို စပျစ်ရည်မှ ထုတ်လုပ်၍ အရက်သေစာကို ဂျုံ၊ စပါးမှ ထုတ်လုပ်ပါသည်။ နှစ်ခုစလုံးက လူကို မမှန်ကန်သော လမ်းစဉ်သို့ သွေးဆောင်သည်။ ပထမတွင် လူမှုရေးအရ တငုံနှစ်ငုံမြည်းတမ်းသောက်သည်။ နောက်တဆင့်တွင် ခပ်ပြင်းပြင်းသောက်တတ်လာသည်။ ထို့နောက် အရက်ပြင်းသောက်တတ်လာသည်။ လူတွေက အရက်ဖြတ်ချင်သည်ဟု ပြောကြသော်လည်း ပါးစပ်ကသာ ပြောကြသည်။ လက်တွေ့မဖြတ်ကြ။ အရက်ပြတ်ဖို့ ခရစ်တော်က အစွမ်းသတ္တိပေးနိုင်ပါသည်။ သို့သော် ဦးစွာကယ်တင်ခြင်း လိုချင်စိတ်ရှိရမည်။

၂၀: ရှင်ဘုရင်အမျက်ဒေါသထွက်သောအခါ နန်းတော်ရင်ခွင်တခုလုံးတွင် နေစရာနေရာမရှိပါ။ ခြင်္သေ့ကဲ့သို့ ဟိန်းဟောက်သံကဲ့သို့ စိုးရိန်ကြောင်လန့်ဖွယ် ဖြစ်သည်။ အုပ်စိုးသူမင်းကို ပြစ်တင်ကြိမ်းမောင်းသူသည် မိမိသေတွင်းတူးသူ ဖြစ်သည်။

ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ ရော ၁၃:၄ တွင်လည်း ပေါလုက ရှင်းပြထားသည်။ “မင်းသည် သင်၏အကျိုးအလို့ငှါ ဘုရားသခင်၏အစေခံ ဖြစ်သည်။ မကောင်းသော အကျင့်ကိုကျင့်လျှင် ကြောက်ခြင်းရှိစေလော့။ အကြောင်းမူကား မင်းသည် အချည်းနှီးထားသည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးနိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သည်”။

၂၀: ဉာဏ်ပညာရှိသူသည် အချင်းများ အခင်းဖြစ်ပွားနေသူများကို ငြိမ်းချမ်းစေသဖြင့် ဂုဏ်သရေတင့်တယ်သည်။ လူမိုက်မူကား ထိုအခင်းထဲတွင် ကိုယ်တိုင်ပါဝင်သည်။

၂၀: ဣသရေလပြည်တွင် လယ်ထွန်သောကာလသည် မြောက်လေပြန်သည့် နို
ဝင်ဘာ၊ ဒီဇင်ဘာလ ဖြစ်သည်။ လူပျင်းသည် ထိုကာလတွင် အေးချမ်းသည်ဟု အကြောင်းပြ၍ အလုပ်မလုပ်။ အချိန်ရှိခိုက်တွင် လယ်မထွန်သဖြင့် စပါးစိုက်ချိန်တွင်လည်း စပါးမစိုက်ရ။ စပါးမစိုက်ရသဖြင့် ရိတ်သိမ်းစရာလည်း မရှိ။ ထို့ကြောင့် စပါးရိတ်သိမ်းချိန်တွင် သူများလယ်မှ အကြွင်းအကျန်များကို လိုက်ကောက်ရသည်။ သို့သော် ဝမ်းစာဖူလုံဖို့ မသေချာ။

၂၀: လူအတွေးနှင့် အကြံအစည်များကို လေးနက်စွာ ဆင်ခြင်စဉ်းစားရသည်။ လျှို့ဝှက်နက်နဲသော နေရာတွင် ရှိသည်။ အနှစ်မပါသော ပကာသားများကဲ့သို့ လွယ်လင့်တကူ ရေပေါ်တွင် မတင်တတ်။ ဉာဏ်ပညာရှိသူသည် ထိုအသိဉာဏ်များကို ထုတ်ယူသုံးစွဲတတ်သည်။ သူတပါး၏ အခက်အခဲများကိုလည်း ဉာဏ်သုံး၍ ကူညီတတ်သည်။ အချို့လူများသည် အသိဉာဏ်ရှိသော်လည်း လက်တွေ့ဘဝတွင် မထုတ်သုံးတတ်ကြသဖြင့် တိမ်မြှုပ်နေကြသည်။

၂၀: သစ္စာသမားကိုရှာဖွေရန် မခက်ခဲသော်လည်း အမှန်တကယ် သစ္စာရှင်ကိုမူ တွေ့ရှိရန်မလွယ်။ လူများသည် မိမိကိုယ်ကို သစ္စာရှိသူဟု ထင်မှတ်ကြသော်လည်း အများအမြင်နှင့်မတူညီ။ “လူအသိတရား”နှင့် ကိုယ်ရည်ကိုယ်သွေး မတူညီပါ။

          ၂၀: ဖြောင်းမတ်သောသူသည် သမ္မာတရားနှင့်အညီ ဂုဏ်သိက္ခာရှိရှိ အသက်ရှင်သည်။ ထိုသူ၏သားစဉ်မြေးဆက်များသည်လည်း ဖြောင်းမတ်ခြင်း အမွေပတ်ဝန်းကျင်၌ ကြီးထွားကြသောကြောင့် မင်္ဂလာရှိကြသည်။ အဘ၏အသက်တာ သင်ခန်းစာ ရရှိကြသည်။

၂၀:  တရားပလ္လင်ပေါ်မှာ ထိုင်သောရှင်ဘုရင်သည် မကောင်းသောအမှုအရာများကို မျက်စိအောက်မှ ဖယ်ရှားသည်။ သခင်ခရစ်တော်ဘုရားသည်လည်း တရားပလ္လင်ပေါ်တွင် စိုးစံသောအခါ မီးတောက်မီးလျှံကဲ့သို့သော အမြင်အာရုံဖြင့် အရာခပ်သိမ်းကို ထိုးထွင်းတွေ့မြင်မည်။ ဟန်ဆောင်မှုများနှင့် ဖုံးအုပ်ထားသမျှကိုလည်း တွေ့မြင်မည်။

၂၀: မည်သူမှ မိမိအပြစ်ဒုစရိုက်ကို စင်ကြယ်အောင် မလုပ်နိုင်ကြပါ။ ငါသည် ကိုယ့်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်းအကယ်၍ မိမိကိုယ်ကို စင်ကြယ်သူဟု ထင်မှတ်လျှင် ထိုသူသည် သနားစရာ စိတ်မနှံ့သူ ဖြစ်သည်။

သို့သော် သခင်ယေရှု၏ အသွေးတော်ဖြင့် အပြစ်များကို စင်ကြယ်စေနိုင်ပါသည်။ ယုံကြည်သူများသည် “မိမိတို့ ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ ဖြူစင်စေကြသတည်။” (ဗျာ ၇:၁၄)ဟု ဆိုသည်။

အသွေးတော်သည် အပြစ်မှကင်းစင်ရာ

            နီမောင်းသောအပြစ်များ ဖြူစင်စေရာ

            လူသားများမစွမ်းသာ၍ ငရဲပြည်ထိုက်လော

            အပြစ်အနာများဖြူစင် လွတ်မြောက်ရာ ဖြစ်သည်။

 Augustus M.Toplady

            ၂၀:၁၀ မမှန်သော အလေးတင်းတောင်းနှင့် အတိုင်းအတာများကို ဘုရားသခင် မုန်းတီးသည်။ ဤစကားတွင် မမှန်ကန်သော အချိန်အတွယ်၊ အတိုင်းအတာများ၊ အတုများအားလုံး အကြုံးဝင်သည်။ လိမ်လည်လှည့်ဖျား၍ မမှန်မကန် တိုင်းထွာပေးခြင်းလည်း ပါဝင်သည်။ တပါးသူ၏ ထိုသို့လုပ်ဆောင်ချက်များကို မကျေနပ်သကဲ့သို့ မိမိကိုယ်တိုင်လည်း ထိုပတ်ဝန်းကျင်မှ ခပ်ဝေးဝေးနေဖို့ ပိုကောင်းသည်။ ထိုသူများနှင့် မဆက်ဆံဖို့ လိုသည်။

၂၀:၁၁ ကလေးသူငယ်၏ စိတ်သလောထားကို သူ၏ အပြုအမူအားဖြင့် နားလည်တွေ့မြင်နိုင်သည်။ လူ့စရိုက်လက္ခဏာသည် ကလေးသူငယ်ဘဝက ဗီဇကို ဖျောက်ပစ်ရန်မလွယ်။ အချို့ကလေးသူငယ်များသည် ပေါ့ပါးရွှင်လန်းစွာနေ၍ အချို့သည် သုန်မှုန်ကြသည်။ “ကလေးသူငယ်သည် နှောင်းလူများ၏ ဖခင်ဖြစ်သည်”ငယ်စဉ်တောင်ကျေးက ငယ်ကျင့်ကို အသက်ကြီးသည့်အထိ ပါရှိတတ်သည်။

၂၀:၁၂  ကြားဖို့နား၊ မြင်ဖို့မျက်စိ ဘုရားရှင် ဖန်ဆင်းပေးထားသည်။ ထို့ကြောင့် ဘုရားသခင်ပေးထားသော ကိုယ်လက်အင်္ဂါများသည် ဘုရားသခင်၏ ဂုဏ်တော်၊ ကျေးဇူးတော်အား ချီးမွမ်းဖို့သာ ဖြစ်သင့်သည်။ တလွဲမသုံးမိပါနှင့်။

၂၀:၁၃  အပျင်းထူသူ အအိပ်မက်သူသည် ဆင်းရဲသည်။ အိမ်သူအိမ်သားများလည်း ငတ်မွတ်ကြသည်။ စောစောထ၍ ကြိုးစားပမ်းစား အလုပ်လုပ်ပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွာ အားကြိုးမာန်တက် လုပ်ဆောင်ပါ။ လိုအပ်သမျှ ဝယ်ယူပါ။ သင့်ကို ကျန်းမာခြင်းနှင့် အလုပ်ခွန်အားပေးသော ဘုရားရှင်သို့ ကျေးဇူးတုံ့ပြန်ပေးလှူဖို့လည်း လက်မနှေးနှင့်။

၂၀:၁၄ ဈေးဝယ်သူများ၏ မာယာစကားဖြစ်သည်။ တပတ်နွမ်းကားကိုကြည့်ပြီး အပြစ်အနာဆာ လိုက်ကြည့်သည်။ “ကားတာယာက ပမ်းပွန်းနေပြီ။ အင်ဂျင်ကလည်း ဆူညံလွန်းတယ်၊ အရောင်ကလည်း မှိန်နေပြိ”။ “မကောင်းတော့ပါဘူးဟုဆိုတတ်သည်။ ကားရောင်းသူကလည်း အလုပ်ဖြစ်အောင် ဈေးလျှော့ ရောင်းလိုက်သည်။ ငွေပေးချေ၍ ဝယ်ယူပြီးသောအခါ မိတ်ဆွေများသို့ ပေါချောင်ကောင်းရကြောင်း လိုက်ကြွားပြန်သည်။

          ၂၀:၁၅  ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ တန်ဆာဆင်၍ ဂုဏ်ယူကြသည်။ သို့သော် ဂုဏ်သရေမှန်မှာ အသိပညာနှင့်ယှဉ်သောစကား ဖြစ်သည်။ ထိုရတနာကိုသာ ဝတ်စားဆင်ယင်လော့။

၂၀:၁၆ လူစိမ်းသူစိမ်းနှင့် အကျင့်ပျက်သော မိန်းမအား အာမခံချက်ပေးသူသည် မိမိအဝတ်အစားများကိုလည်း အကုန်ချွတ်၍ အာမခံပစ္စည်းအဖြစ် ပေါင်းနှံပါစေ။ မရင်းနှီးမကျွမ်းဝင်သောသူနှင့် အကျင့်စာရိတ္တနိမ့်ကျသူများအား အရဲစွန့်အာမခံပေးသူသည် အလွယ်မိုက်မြသူ ဖြစ်သည်။ တကြိမ်တခါ ဆက်ဆံဖူးရုံမျှနှင့် ထိုကဲ့သို့ အယုံလွယ်လျှင် ရှိသမျှပစ္စည်း ပြောင်မည်။ ဘဏ်တခုလုံးပေါင်နှံလျှင်လည်း လုံလောက်မည်မဟုတ်။ မကျွမ်းဝင်သော လူစိမ်းကို အကျင့်ပျက်သောသူနှင့် တန်းတူသတ်မှတ်ထားပါ။

၂၀:၁၇  မတရားသဖြင့် ရရှိသော ပစ္စည်းသည် ခိုးစားသော ဟင်းကဲ့သို့ ချိုမြိန်သော်လည်း အဆီအသားမဖြစ်။ အဆိပ်အတောက်ဖြစ်စေသည်။ ကြီးလေးသော အခွန်အကောက်ရောက်လာမည်။ စစ်ဆေးရေးအဖွဲ့ ဝင်လာမည်။ မလိုအပ်သော စရိတ်စကများလာမည်။ ဝင်ငွေနှင့်ထွက်ငွေမကာမိ။ နောက်ဆုံးတွင် ဒုံရင်း၊ ဒုံရင်းသာကျန်မည်။ စိတ်ပန်းလူမောမည်။ သဲတရှရှ ဆီတဝင်းဝင်း ဟင်းဖတ် ဖြစ်သည်။

၂၀:၁၈ အကြံကောင်းဉာဏ်ကောင်း တောင်းခံရရှိသူသည် လုပ်ငန်းအောင်မြင်ပြီးမြောက် သည်။ အောင်မြင်သော စစ်ဗိုလ်ချုပ်ကြီးများပင်လျှင် အခြားပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းရသည်။ ထိုသို့ အောင်မြင်ရန် တိုက်ပွဲမဝင်ခင် ပီပြင်စွာ လေ့ကျင့်ရသည်။ ပွဲမဝင်ခင် အပြင်မှာ ကျင့်ရသည်။

၂၀:၁၉  အတင်းအဖျင်းစကားက ယုံကြည်ခြင်းကို ပျက်ပြားစေသည်။ ထို့ကြောင့် ဗလောင်ဗလဲ ပြောတတ်သူများနှင့် မပေါင်းသင်းနှင့်။ အဘယ်ကြောင့်ဆိုသော် သင့်ကို တမျိုးပြော၍ နောက်တယောက်ကို တမျိုးပြောပြန်သည်။ သင်ပြောသော အဟုတ်စကားကို မဟုတ်စကားအဖြစ်ဖြင့်၎င်း နောက်တခါ ပြန်ပြောတတ်သည်။ မလိုတမျိုး လိုတမျိုး သုံးတတ်သည်။

၂၀:၂၀ မောရှေပညတ်ကျမ်းတွင် မိဘကို ကျိန်ဆဲခြင်းသည် ကံကြီးထိုက်သည်။ အကြီးမားဆုံး ပညတ်ချက် (ထွ ၂၁:၁၇) ဖြစ်သည်။ ထို့ကြောင့် ဤသုတ္တံအားကို ယနေ့လူငယ်မောင်မယ်များအား အထူးမှတ်သားနာခံစေချင်သည်။ အကယ်၍ မိဘကို ပြစ်မှားမိပါက မျက်မှောက်ဘဝတွင် လူစဉ်မမှီသည်သာမက ထာဝရအပြစ်ဒဏ်လည်း ခံစားရာ ဖြစ်သည်။

၂၀:၂၁  ပျောက်သောသားသည် ရသင့်ရထိုက်အမွေဝေစုအား ရရှိသော်လည်း ကြာရှည်မခံ။ တခဏတွင် ကုန်ခမ်းပပျောက်သည်။ ဤသုတ္တံစကားသည်လည်း ထိုသဘောတရား ဖြစ်သည်။ အားမကုန်သွေးမထွက်ဘဲ လွယ်လင့်တကူ ရရှိသောငွေသည် လွယ်ကူစွာကုန်သည်။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၍ ပေါ့ပေါ့သေကြသည်။

၂၀:၂၂ သင့်အား ဒုက္ခပေးသူကို လက်တုံ့ပြန်ဖို့ မရှာဖွေနှင့်။ ဘုရားသခင်အတွက် ချန်ထားပါ။ ဘုရားသခင်က အရေးယူပေးမည်။ ဘုရားသခင်ကို စောင့်မျှော်အားကိုးပါ။ သင့်အတွက် အကောင်းဆုံး ပြင်ဆင်ပေးပါမည်။

၂၀:၂၃ Adam Clarke သည် တချိန်က ပိုးထည်ရောင်းဝယ်သူ ဖြစ်သည်။ ဖောက်သည်များက လာရောက်ဝယ်ယူသောအခါ ဖြန့်ပြလေ့ရှိသည်။ ပိတ်လိပ်အား တလိပ်လိုက်သာမက စိတ်သန့်အောင် ဖြန့်ကြည့်ပါဆိုလေ့ရှိသည်။ ထိုသို့နှစ်ပေါင်းများစွာ လုပ်ကိုင်ပြီးသော ကျမ်းစာအနက်ဖွင့်ကျမ်းတွင် ထိုအတွေ့အကြုံအား သင်ခန်းစာအဖြစ် ရေးသားသည်။

၂၀:၂၄ အမှုကိစ္စသည် လူ့အလိုဆန္ဒအတိုင်းသာ ဖြစ်ရသည်မဟုတ်။ဘုရားသခင်၏ အချုပ်အချာအာဏာလည်း ပါဝင်သည်။ နှစ်ဦးစလုံးနှင့် ပါဝင်ပတ်သက်သည်။ လူသည် မိမိကောင်းကျိုးအတွက် ကြံစည်တွေးဆတတ်သော်လည်း ဘုရားက ထို့ထက်ကောင်းအော် ကြံစည်ဖန်တီးပေးသည်။ ထို့ကြောင့် ဘုရားရှင်ကို တိုင်ပင်ကြပါစို့။ မိမိအသိဉာဏ် ကံစေရာကို အားမကိုးကြနှင့်။ ထင်ရာမြင်ရာ မလုပ်ကြပါနှင့်။

          ၂၀:၂၅  ဘုရားသခင်အမှု၌ စကားလွန်မိသောသူ၊ သစ္စာကတိထားပြီးမှ မေးမြန်းသူသည် ကျော့ကွင်းနှင့်မိပြီ။ ဘုရားသခင်၌ ကတိတော်ဝတ်ပေးခြင်းသည် စိုးရိမ်ကြောက်လန့်စရာ ဖြစ်သည်။ ထို့ကြောင့် အသေအချာ စဉ်းစားစိတ်ပိုင်းဖြတ်ပြီးမှ ကတိပေးပါ။ အခြားသူများအား ကတိမပေးခင်တွင်လည်း သေချာစွာ စဉ်းစားပါ။ အဖက်ဖက်မှ သုံးသပ်ပါ။ ကျော့ကွင်းမမိစေနှင့်။ ခြေကျွံလျှင် ပြန်ရုတ်နိုင်သော်လည်း နှုတ်လွန်လျှင် ပြန်ဆုတ်၍ မရပါ။

၂၀:၂၆  ပညာရှိသောဘုရင်သည် လူဆိုးများကို မသက်ညှာ။ ဘီးဖြင့်ဖိသတ်သည်။ ဆိုလိုသည်မှာ အပြစ်များကို စစ်ဆေးဖော်ထုတ်၍ ပြင်းထန်စွာ အရေးယူအပြစ်ပေးခြင်း ဖြစ်သည်။

၂၀:၂၇ ဤကျမ်းပိုဒ်မှ စိတ်ဝိညာဉ်သည်  အသိတရားကို ဆိုလိုသည်။ ဘုရားသခင်က လူတိုင်းအား အသိဉာဏ်အလင်း ပေးထားသည်။ အတွေးအခေါ်၊ အကြံဉာဏ်၊ အပြုအမူ၊ လှုပ်ရှားမှုအတိုင်း၌ လိမ္မာကြစေရန် ဉာဏ်အလင်းပေးထားသည်။ ထို့ကြောင့် အဆိုးနှင့်အကောင်းခွဲခြား သိမြင်တတ်စေရန် ထိုးထွင်းဉာဏ် ပေးထားကြောင်း (ရော ၂:၁၄-၁၅)တွင် ရှင်းပြထားသည်။

၂၀:၂၈ တရားတော်နှင့်အညိ ဖြောင့်မတ်မှန်ကန်စွာ အုပ်စိုးသောခေါင်းဆောင်သည် အများပြည်သူက ကြည်ညိုလေးစားကြသည်။ ကရုဏာတရားနှင့် သစ္စာတရားတည်သောကြောင့် လူချစ်လူခင်ပေါများသည်။ အာဏာရှင်အစိုးရ၊ မင်းဆိုးမင်းညစ်များမှာမူကား ထိုကဲ့သို့ မဟုတ်ကြ။

၂၀:၂၉  လူငယ်လူရွယ်များ၏ ဘုန်းတန်ခိုးသည် လက်ရုံးရည်အစွမ်းသတ္တိဖြစ်သည်။ ဆံဖြူသူများ၏ ဂုဏ်အသရေသည် အသိဉာဏ်ကြွယ်ဝခြင်းနှင့် အတွေ့အကြုံ ရင့်ကျက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အသင်းတော်တိုင်းတွင် လူငယ်လူရွယ်များ၏ ခွန်အားလိုအပ်သကဲ့သို့ လူကြီးများ၏ ပဲ့ထိန်းမှုအမြဲရှိရသည်။

၂၀:၃၀  အနာကို မွှေနှောက်ခြင်းဖြင့် အဆိုးအညစ်နှင့် ကင်းစင်တတ်၏။ ဒဏ်ရာဒဏ်ချက်တို့သည်လည်း ကိုယ်အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးပြုတတ်၏။

          ခန္ဓာကိုယ်အနာတရ နာကျင်ခြင်းကြောင့် စိတ်ဆင်းရဲထိခိုက်စေနိုင်သည်ဟု ဆိုလိုဟန်ရှိသည်။ မိခင်ပိုက်ဆံအိတ်မှ ပိုက်ဆံခိုးယူစဉ် ပါးရိုက်ခံရသောကလေးက တသက်လုံး မှတ်မိသွားသည့်ပုံစံ ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။