သုတ္တံကျမ်း - ၁၉

သုတ္တံကျမ်း - ၁၉ (အနက်ဖွင့်)

1ကောက်လိမ်သော စကားကို သုံးတတ်သောလူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲသူသည် သာ၍ကောင်း၏။ 2စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေကောင်း။ အလျင်အမြန်သွားသောသူသည်လည်း မှားယွင်းတတ်၏။ 3လူသည် မိုက်သောသဘောကြောင့်၊ လမ်းလွဲ၍ စိတ်ထဲမှာ ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ်၏။ 4စည်းစိမ်ရှိလျှင် အဆွေခင်ပွန်း များတတ်၏။ ဆင်းရဲသောသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်းဖော်ရ။ 5မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသားကိုသုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ။ 6များသောသူတို့သည် မင်းကို ဖျောင်းဖျတတ်ကြ၏။ လက်ဆောင်ပေးသောသူကိုလည်း၊ လူတိုင်း မိတ်ဆွေဖွဲ့တတ်၏။ 7ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကိုမုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကိုသာ၍ ဝေးစွာရှောင်တတ်ကြ၏။ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။ 8ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဉာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။ 9မမှန်သောသက်သေသည် အပြစ်မခံဘဲ မနေရ။ မုသားကိုသုံးသောသူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ 10မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။ 11သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။ 12ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက်သကဲ့သို့ ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။ 13မိုက်သောသားသည် အဘဆင်းရဲစရာအကြောင်း ဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုးပေါက်နှင့်တူ၏။ 14အိမ်နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာ ဖြစ်၏။ သမ္မာသတိရှိသော မယားမူကား၊ ထာဝရဘုရား ပေးသနားတော်မူရာဖြစ်၏။
15ပျင်းရိသောသဘောသည် လွန်ကျူးစွာ အိပ်ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။ 16ပညတ်တရားကို စောင့်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်းတို့ကို မထီလေးစား ပြုသောသူမူကား၊ အသေခံရ၏။ 17ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍၊ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။ 18မျှော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမလော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ် မရှိစေနှင့်။ 19ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင် အဖန်ဖန် ကယ်နုတ်ရမည်။ 20နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှာ၊ ဆုံးမသောစကားကို နားထောင်၍ နည်းဥပဒေကို ခံယူလော့။ 21လူသည် အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။ 22လူသည် စေတနာရှိလျှင် ကျေးဇူးပြုရာရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသားသုံးသောသူထက် သာ၍ကောင်း၏။ 23ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့် ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလိုဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ်နှင့် ကင်းလွတ်လိမ့်မည်။ 24ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်းသော်လည်း တစ်ဖန်နုတ်၍ မိမိပါးစပ်သို့ မခွံ့လို။ 25မထီမဲ့မြင်ပြုသောသူကိုရိုက်လျှင် ဉာဏ်တိမ်သောသူသည် သတိရလိမ့်မည်။ ဉာဏ်ကောင်းသောသူကို ဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည်လိမ့်မည်။ 26အဘဥစ္စာကိုဖြုန်း၍ အမိကို နှင်ထုတ်သောသားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကို ခံစေသောသားဖြစ်၏။ 27ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှာ၊ သွန်သင်သောသူ၏စကားကို နားမထောင်နှင့်။ 28အဓမ္မသက်သေသည် တရားကို မထီမဲ့မြင်ပြုတတ်၏။ မတရားသောသူသည်လည်း၊ ဒုစရိုက်ကိုစား၍ မျိုတတ်၏။ 29မထီမဲ့မြင်ပြုသောသူတို့အဖို့ အပြစ်စီရင်ခြင်း၊ မိုက်သောသူတို့၏ကျောအဖို့ ဒဏ်ပေးခြင်းသည် အသင့်ရှိ၏။

၁၉: ဆင်းရဲ၍ ဖြောင့်မတ်သူနှင့် လိမ်လည်တတ်သောလူမိုက် (လူချမ်းသာ ဖြစ်နိုင်သည်)တို့ကို နှိုင်းယှဉ်ပြထားသည်။ ထိုသူနှစ်ဦးတွင် ဆင်းရဲသော်လည်း ဖြောင့်မတ်သူက ပိုမြတ်သည်။

၁၉: အသိဉာဏ်ပညာမရှိဘဲ၊ ကြိုးစားအားထုတ်ခြင်းသည် အချည်းနှီး ဖြစ်သည်။ ထိုသူသည် ဖြစ်ချင်စိတ်သာရှိသည်။ မည်သို့မည်ပုံ လုပ်ရမှန်းမသိ။ ထို့ကြောင့် လုပ်သမျှသည် အထမမြောက်။

ကဗျာကယာလုပ်ကိုင်ခြင်းသည်လည်း အမှားကြုံရသည်။ မည်သို့လုပ်ရမှန်း အသေအချာမသိ၊ ဘယ်ဘက်သို့လိုက်ရမှန်း မသိဘဲ အလျင်စလို လုပ်ခြင်းကြောင့် အမှားမှားအယွင်းယွင်း ဖြစ်ရသည်။

၁၉: လူများသည် ဆုံးရှုံးခြင်းနှင့်ကြုံတွေ့သောအခါ မိမိအပြစ်ကို မမြင်ဘဲ၊ ဘုရားသခင်ကို အပြစ်တင်ချင်ကြသည်။ အာဒံသည် မိမိအပြစ်ဖုံးဖို့ ဘုရားသခင်ကို အပြစ်တင်စကားဆိုခဲ့သည်။ “ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်” (က ၃:၁၂)ဟု ဆိုသည်။

ထိုထက်ပြောရလျှင် ဘုရားသခင်ကို အပြစ်တင်စကားပြောခြင်းသည် စိတ်ဓါတ်ညံ့ဖျင်းခြင်း ဖြစ်သည်။ စိတ်သဘောထား နိမ့်ကျပုံအမျိုးမျိုး ရှိပါသည်။ မိမိအပြစ်ကို ဝန်ခံမည့်အစား ခရစ်ယာန်လောကမှ စွန့်ခွာခြင်းဖြင့် ဘုရားသခင်ကို ဆန့်ကျင်ကြသောကြောင့် တပူပေါ်နှစ်ပူဆင့် နှစ်ထပ်ကွမ်း အပြစ်သင့်ကြသည်။ W.E Adeney   က “ဘုရားသခင်၏ တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်သည့် အပြစ်အစဉ် ထောက်ပံ့လုပ်ကျွေးသော ဘုရားရှင်ကို အပြစ်ရှာချင်ကြသည်”ဟု မိန့်ဆိုသည်။

၁၉: ကြွယ်ဝချမ်းသာသောသူများသည် ခင်မင်ချင်သူ မိတ်ဆွေပေါများသည်။ ထိုသို့ ခင်မက်ပေါင်းသင်းကြသည်မှာ မျှော်လင့်ချက်ထားရှိခြင်း ဖြစ်သည်။ ဆင်းရဲသားများမှာမူကား မျှော်လင့်စရာ မရှိသောကြောင့် အပေါင်းအသင်းမလုပ်လိုကြ။

          ၁၉: မုသားစကားသုံး၍ သက်သေခံခြင်း သို့မဟုတ် မရိုးမသားလုပ်ဆောင်ခြင်းများသည် လူများက မဖမ်းမိလျှင်လည်း ဘုရားသခင်က အလွတ်မပေး၊ ဘုရားသခင်အပြစ်ပေးမည်မှာ သေချာသည်။

၁၉: အရေးပါအရာရောက်သောသူဆိုသည်မှာ ပေးကမ်းလှူဒါန်းနိုင်သူ သို့မဟုတ် လုပ်ပိုင်ခွင့်ရှိသော အာဏာရှိသူကို ဆိုလိုသည်။ လူအများသည် ထိုသူထံမှ တစုံတခုမျှော်လင့်သောကြောင့် အပေါင်းအသင်း ဆက်ဆံချင်ကြသည်။ ထိုသို့ ပေါင်းသင်းရခြင်းမှာ အကျိုးမျှော်လင့်ကြခြင်း ဖြစ်သည်။

၁၉: ဆင်းရဲနွမ်းပါးသူသည် ဆွေမျိုးသားရင်းများ၏ မျက်ကွယ်ပြုခြင်း ခံရသည်။ မိမိမှ လိုက်လံပေါင်းသင်းသော်လည်း ဆေးဖော်ကြောဖက်မလုပ်ကြ။ အကူအညီ လိုက်တောင်းသော်လည်း သနားကြင်နာခြင်း မပြုကြ။ လမ်းမှာတွေ့လျှင်လည်း အကူအညီတောင်းရမ်းမည်စိုးသောကြောင့် ခပ်ဝေးဝေးမှ ရှောင်ကြဉ်ကြသည်။

၁၉: ဉာဏ်ပညာကို ရှာဖွေသူသည် အသက်ဝိညာဉ်ရသည်။ ဘဝအလင်းရသည်။ သတိပညာရှိသောကြောင့် စိတ်ချသေချာသော လမ်းမှန် တွေ့ရှိသည်။

          ၁၉: ဤကျမ်းပိုဒ်ကို ထပ်ခါတလဲလဲ တွေ့ရသည်။ အံ့ဩစရာမဟုတ်။ နေ့စဉ်အသက်တာတွင် မကြာခဏတွေ့မြင်ရသော အမှုကိစ္စဖြစ်သောကြောင့် ထပ်ခါတလဲလဲ သတိပေးသည်။ အစမူလမှာ ပညတ်တော်ဆယ်ပါးကတည်းက ပြဌာန်းထားသည် (ထွ ၂၀:၁၆)။

          ၁၉:၁၀ စည်းစိမ်ဇိမ်ခံခြင်းသည် လူမိုက်များနှင့်မဆိုင်။ လူပုံအလယ်တွင် လှပတင့်တယ်အောင် မည်ကဲ့သို့ ဝတ်စားဆင်ယင်ရမှန်းမသိ။ ပြောဆိုနေထိုင်ရမှန်းနားမလည်။ ထိုကဲ့သို့ပင် အစေခံကျွန် အသိဉာဏ်ရှိသူကိုလည်း လုပ်ပိုင်ခွင့် အမိန့်အာဏာ မအပ်နှင်းရ။ စိတ်ရိုင်းထင်ရာ လုပ်တတ်သည်။

၁၉:၁၁ သမ္မာသတိရှိသူသည် အမျက်ဒေါသ အပြင်ဘက်သို့မထွက်။ သူတပါးက ပြစ်မှားမိလျှင်လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်သည်။ စိတ်သဘောထားပြည့်ဝသော ဒါဝိဒ်က ရှောလုအပေါ် တုံ့ပြန်ပုံကို သင်ခန်းစာ ယူကြည့်ပါ။

၁၉:၁၂ ရှင်ဘုရင်၏ အမျက်ဒေါသသည် ခြင်္သေ့ဟောက်သံကဲ့သို့ ကြောက်လန့်စရာကောင်းသည်။ နာခံခြင်းရှိသူများသည် ယဉ်ကျေးသိမ်မွေ့သူများဖြစ်သောကြောင့် နှင်းခမြက်ခင်းလွင်ပြင်ကဲ့သို့ ကျေးဇူးတော် ခံစားရသည်။

အုပ်စိုးသူမင်းအပေါ် ပြုကျင့်ရမည့်လက္ခဏာကို ရော ၁၃:၁-၇တွင် ရှင်းပြထားသည်။ “ရာဇဝတ်ကို ကြောက်သောကြောင့်သာ မင်းအာဏာစက်အုပ်စိုးခြင်းကို ဝန်ခံရမည်မဟုတ်။ ကိုယ့်ကိုယ်ကိုသိသောစိတ်ကို ထောက်၍ ဝန်ခံရမည်။

၁၉:၁၃ ကောင်းကျိုးမပေး ဒုက္ခပေးသောသားနှင့် ကြောင်မြီးမီးတပူပူလုပ်တတ်သော မိန်းမတို့ကို ယှဉ်ပြထားသည်။ ထိုသားသည် အဘတို့ စိတ်နှောင့်အယှက် ဖြစ်စေသကဲ့သို့ မြည်တွန်တောက်တီးတတ်သော မိန်းမသည် တညလုံး တပေါက်ပေါက်ကျနေသော မိုးရေစက်နှင့် တူသည်။

၁၉:၁၄  လူသည် လယ်မြေအိုးအိမ်နှင့် ငွေကြေးများကို သခင်ထံမှ အမွေဆက်ခံနိုင်ပါသည်။ သို့သော် မယားကောင်းမူကား ဘုရားပေးလက်ဆောင် ဖြစ်သည်။ ဇနီးကောင်းသည် ဘုရားသခင်၏ အထူးလက်ဆောင် ဖြစ်သည်။

ဤအကြောင်းနှင့်ပတ်သက်၍ ဣဇာက်နှင့် ရေဗဣတို့ လင်မယားစုံတွဲကို နမူနာယူနိုင်သည်။ “ဤအမှုအရာသည် ထာဝရဘုရားစီရင်တော်မူသော အမှုဖြစ်၏” (က ၂၄:၅၀ )။ အိမ်ထောင်ပြုခြင်းသည် ကောင်းကင်တရားတော် ဖြစ်သည်။

၁၉:၁၅  ပျင်းရိခြင်းသည် မူးယစ်ဆေးဝါးနှင့်တူသည်။ လွန်ကျူးစွာ အိပ်စက်သဖြင့်  အလုပ်လုပ်ချိန် မရှိ။ အပျင်းထူသူသည် ဆင်းရဲမွဲတေသည်။ ထမင်းငတ်သည်။

၁၉:၁၆ ဘုရားသခင်၏ပညတ်တော်များကို လိုက်နာစောင့်ထိန်းသူသည် ဘဝအသက်တာကို အကောင်းဆုံးပြင်ဆင်သူ ဖြစ်သည်။ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်ပါးစလုံး ကျန်းမာကြံ့ခိုင်သည်။ ထိုသို့မနေဘဲ၊ နမော်နမဲ့ ပစ်စလက်ခတ် နေထိုင်သူသည် အသက်တိုသည်။

၁၉:၁၇ မရှိဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲခြင်းသည် ဘုရားသခင်အား ချေးငှားခြင်းနှင့် တူသည်။ ဘုရားသခင်သည် ယူထားသည့်အတိုင်း အရင်းပမာဏဖြင့် ပြန်ပေးရိုးမရှိ။ အတိုးအဆများစွာ ပေးလေ့ရှိသည်။ ကိုယ်တော်၏နာမတော်၌ သောက်ရေတခွက် ပေးကမ်းသူသည် ဆုလက်ဆောင်ရရှိကြသည် (မ ၁၀:၄၂) ။ ထိုအကြောင်းကို Henry Bosch က ဤသို့ ရှင်းပြသည်။

ဖခင်က သားငယ်အား ဒေါ်လာပြားငါးဆယ် ပေးလိုက်ရာ ဝမ်းသာရွှင်မြူးသည်။ ရက်အတန်ကြာ၍ ထိုပိုက်ဆံအား မေးမြန်းသောအခါ သားငယ်က လူတယောက်အား ချေးငှားလိုက်သည်ဟု ဆိုသည်။ ဖခင်က “ကောင်းကောင်းမသိမ်းထားဘူးလားဟု ဆိုသည်။ “ဟုတ်ကဲ့၊ ငတ်မွတ်နေသော သူတောင်းစားအား ပေးကမ်းသိမ်းယူခိုင်းပါသည်ဟုဆိုရာ “မိုက်မဲလိုက်တဲ့သားရယ်၊ သူတောင်းစားကိုပေးရင်၊ ဘယ်လိုပြန်ရတော့မလဲဟု ဆိုသည်။ “ဖေဖေရယ်၊ သူတောင်းစားကို ပေးခြင်းသည် ဘုရားသခင်သို့ ချေးငှားခြင်းဖြစ်၍ လုံခြုံမှုအကောင်းဆုံးဖြစ်သည်ဟု ကျမ်းစာတွင် တွေ့သည် ထိုစကားကိုကြားသောအခါ ဖခင်သည် စိတ်နှလုံးချမ်းမြေ့သောကြောင့် နောက်ထပ် တဒေါ်လာ ထပ်ပေးလိုက်သည်။ သားငယ်က “တွေ့ပြီမဟုတ်လား၊ ဖေဖေ သားသား မမျှော်လင့်ဘဲ အရင်းနှင့်အတိုးပါ ရလာပြီဟု ဆိုသည်။၃၃ မိမိထံမှ လက်လွတ်ကုန်ဆုံးသည်ဟုတ်ရသော်လည်း ဘုရားသခင်လက်ထဲသို့ ချေးငှားခြင်းသည် ကုန်ခမ်းခြင်းမရှိ၊ ပေး၍မကုန်၊ လှူ၍မခမ်းနိုင်သော ရတနာဖြစ်သည်။ ရှိသမျှလှူဒါန်းကြပါ။

Christopher Wordsworth

၁၉:၁၈  သင်ကြားပုံစံသွင်းရန် လွယ်ကူသည့် ငယ်ရွယ်စဉ်ဘဝတွင် သားသမီးကို စည်းကမ်းတကျ သွန်သင်ပါ။ မြောက်ပေးသင့်သည့်အခါ မြောက်ပေး၍ ချီးမွမ်းသင့်သည်အခါလည်း ချီးမွမ်းပါ။ အပြစ်ပေးဖို့ကိုလည်းမမေ့နှင့်။ ပတ်ဝန်းကျင်နှင့် ကိုက်ညီခေတ်မီအောင် ဆုံးမပါ။ ကောင်းသောနမူနာကို ပြသ၍ ပဲ့ပြင်ဆုံးမပါ။

အကျိုးနည်းအောင် သနားစိတ်မရှိနှင့် ဆိုသည်မှာ အလိုလိုက်အကြိုက်သာဆောင်ပြီး “ဖူးဖူး”မမှုတ်နှင့်ဟု ဆိုသည်။ ဆုံးမသင့်သည့်အခါ ဆုံးမ၍ အပြစ်ပေးသင့်သည့်အခါ အပြစ်ပေးရမည်။ နေရာတကာ သီးခံခွင့်လွှတ်ခြင်းသည် သားသမီးကိုချစ်ခြင်း မဟုတ်။ နှစ်ခြင်းဖြစ်သည်။ သို့သော် သားသမီးကို ဆုံးမရာတွင် ဒေါသနှင့်ယှဉ်၍ မဆုံးမရ။ လွန်ကျူးအောင်မဆုံးမရ။ လိမ္မာရေးခြားရှိဖို့ အသိတရားနှင့် ယှဉ်၍ ဆုံးမပါ။

၁၉:၁၉  ဒေါသမျက်ကြီးသူသည် အပြစ်ဒဏ်ခံရမည်။ တကြိမ်တခါ ကယ်ဆယ်လိုက်လျှင်မပြီးသေး။ ထိုအဖြစ်မျိုး နောက်တခါထပ်မံ ကျူးလွန်ဦးမည်။ ထို့ကြောင့် နောက်တဖန် ထပ်မံကယ်ဆယ်ရာကိန်း ကြုံဦးမည်။

၁၉:၂၀ ငယ်ရွယ်နုပျိုစဉ်အခါ ပညာသင်ယူ၍ အကြံကောင်းဉာဏ်ကောင်း လက်ခံသူသည် အသက်အရွယ်ရလာသောအခါ ပညာပြည့်စုံသူ ဖြစ်လာသည်။ သုခမိန်တပါးက “ဉာဏ်ပညာသည် နှစ်ရှည်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်”ဟုဆိုသည်။

၁၉:၂၁ လူသည် အကြံဉာဏ်အမျိုးမျိုးထုတ်၍ ဘဝစီမံချက် အဖုံဖုံ ရေးဆွဲကြသော်လည်း  ဖြစ်ချင်သည့်ဘဝအတိုင်း ဖြစ်ချင်မှဖြစ်သည်။ လိုချင်သည့်ပုံစံအတိုင်း ဖြစ်မြောက်ရန်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ “လူသည် ဖြစ်ချင်သည့်ဆန္ဒအတိုင်း ကြိုးပမ်းသော်လည်း ဖြစ်မြောက်အောင် ဖြည့်ဆည်းသူသည် ဘုရားသခင် ဖြစ်သည်”။ သမ္မာတရားကို ဆန့်ကျင်၍ လူသည် ဘာတခုမှမစီရင်နိုင် ( ၂ကော ၁၃:၈ ကိုကြည့်)။

၁၉:၂၂ Darby ၏ တန်ဖိုးမဖြစ်နိုင်သော အနက်ဖွင့်ဆိုချက်ကို ကြည့်ပါ။ “လူ၏ ချစ်ဖွယ်ကောင်းသော အမူအယာသည် ကရုဏာတရား ဖြစ်သည်။ မုသာပြောသောသူထက် ဆင်းရဲသော်လည်း ရိုးသားသူက ပိုမြတ်သည်။ လူတဦး၏ လူသားပီသမှုအရည်အချင်းမှာ စေတနာကရုဏာ ဖြစ်သည်။ မေတ္တာစေတနာသည် မိတ်ကောင်းဆွေမွန် ဖြစ်သည်။ အပေါင်းအသင်းလည်း များစေသည်။ ကြွယ်ဝချမ်းသာ၍ ကတိကဝတ်ခဏခဏပျက်သူ၊ သူများကို မစာနာတတ်သူထက် ဆင်းရဲမွဲတေသော်လည်း ရိုးသားဖြောင့်မတ်သူသည် ပို၍ကြီးမြတ်သည်။

၁၉:၂၃  ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်းသည် အသက်ရှည်ရာ အနာမဲ့ကြောင်း ကျင့်စဉ်ဖြစ်သည်။ အမှုအရာတိုင်းမှာ သမ္မာတရားနှင့်ယှဉ်၍ ပြောဆိုလုပ်ကိုင်သူသည် ဘေးရန်ကင်းရှင်းသည်။

၁၉:၂၄ ပျင်းရိသူသည် အိုးထဲသို့ လက်စုံနှိုက်သော်လည်း ပါးစပ်ထဲသို့ ထမင်းလုတ်မသွင်းတတ်။ အိုးထဲမှ အာလူးကြော်များကို နှိုက်ယူသော်လည်း ပါးစပ်ထဲသို့ မသွင်းချင်အောင် ပျင်းရိသည်။ ငှက်ပျောသီးကို အခွံနွှာပေးမှ စားချင်သူတွေ ဖြစ်သည်။

၁၉:၂၅ မထီမဲ့မြင်ပြုတတ်သောသူသည် ဉာဏ်တိမ်သူ ဖြစ်သည်။ ထို့ကြောင့် ထိုသူမျိုးသည် ကြိမ်လုံးဖြင့်ဆုံးမမှ ခေါင်းထဲသို့ အသိတရားဝင်သည်။ ဤကျမ်းချက်သည် ၁တိ ၅:၂၀ နှင့် ဆင်တူဖြစ်သည်။ “ကြွင်းသောသူတို့က ကြောက်စေခြင်းငှာ၊ အပြစ်ရှိသောသူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်ပေး၍ ဆုံးမလော့”။

ဉာဏ်ကောင်းသောသူမူကား ရိုက်နှက်ဆုံးမခြင်း မပြုရာ။ ဤကျမ်းပိုဒ်တွင်ပါရှိသည့် အပြစ်တင်ခြင်း ဆိုသည်မှာ အမှားကိုသိ၊ အမှန်ကိုမြင်စေရန် ပဲ့ပြင်ဆုံးမခြင်း၊ လမ်းပြခြင်း ဖြစ်သည်။

          ၁၉:၂၆ မိဘကိုစော်ကား (Berkeley ကျမ်းမူ) အမိကို မျက်ရည်ပေါက်ကျစေသော သားသမီးသည် မိမိကိုယ်ကို အကျိုးနည်းစေသူနှင့် အိမ်ထောင်မိသားစုကို အရှက်ခွဲသူဖြစ်သည်။ ဆွေမျိုး မိဘများကို ရင်ကွဲစေသူ ဖြစ်သည်။ သားသမီးများ၏ တသက်တာလုပ်ကျွေးခဲ့သမျှသည် အမေ့နို့ရည်တစက်မျှသာ တန်ဖိုးရှိသည်။

၁၉:၂၇ ဤသုတ္တံစကားသည် စိန်ပွင့်ကဲ့သို့ တောက်ပသည်။ ဘယ်ဘက်ကကြည့်ကြည့် အလင်းရောင် တောက်ပသည်။ အကောင်းဆုံးအနက်ဖွင့်ဆိုချက် (၃)ခုကို တင်ပြပါမည်။

KJV ကျမ်းမူက “ယနေ့ခေတ်ကာလတွင် သမ္မာကျမ်းစာကို ပစ်ပယ်ကြသော စာသင်ကျောင်းနှင့် တက္ကသိုလ်များတွင် လူငယ်လူရွယ်များအတွက် တန်ဖိုးကြီးမားသော သင်ခန်းစာ ဖြစ်သည်။ တက္ကသိုလ်ကျောင်းတော်တွင် သင်ယူရသော ဘာသာထက် မိမိကိုယ်တိုင် သိရှိနားလည်ရမည့် လက်တွေ့သင်ခန်းစာ ဖြစ်သည်။ သံသယကင်းရှင်း၍ စိတ်ချယုံကြည်စွာ လက်ခံပါဟု ဆိုသည်။

RSV နှင့် Beskeley ကျမ်းမူက “ငါ့သားနားထောင်လော့၊ ပညာစကားများကို နားထောင်ရုံမျှသာ နားမထောင်နှင့်”ဟု ဆိုကြသည်။ အသိဉာဏ်ပညာစကားများကို နားထောင်ရုံမျှသာ နားထောင်၍ လက်တွေ့ဘဝတွင် အသုံးမပြုလျှင် အချည်းနှီးဖြစ်သည်။ အချိန်ကုန် လူပမ်းဖြစ်သွားမည်။ ဆရာသမား၏ အချိန်ကိုလည်း လုယူဖျက်ဆီးရာ ရောက်သည်။ “သိ၍ လိုက်မလုပ်သူထက် မသိခြင်းက ပိုကောင်းပါသည်”‘

တတိယအနက်ဖွင့်ဆိုချက်မှာ NKJV ကျမ်းမူဖြစ်သည်။ “ငါ့သားပညာဆည်းပူးမှုကို ရပ်စဲလျှင် မိမိခံယူရရှိထားသော အသိပညာကိုပင် မေ့လျှော့သွားမည်”။

၁၉:၂၈  သူတပါးအကျိုးယုတ်အောင် တမင်ထွက်ဆိုသည့်သက်သေသည် တရားဓမ္မကို မထီမဲ့မြင်ပြုသူ ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟသမား လူမိုက်များသည် ဒုစရိုက်ပြစ်မှုကို အရည်ဖျော်သောက်တတ်ကြသည်။ ယောဘ ၁၅:၁၆ တွင် ဧလိဖက်က “ရေကို သောက်သကဲ့သို့ ဒုစရိုက်ကို သောက်လျက် ဆိုးညစ်ရွံရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ်ရှိသနည်း”ဟု ဆိုထားသည်။

၁၉:၂၉ လူ့သမိုင်းစဉ်တလျှောက်တွင် မထီမဲ့မြင်ပြုတတ်သော မောက်မာသူများနှင့် လူမိုက်များကို တရားရုံးနှင့် လက်ထိတ်က အဆင်သင့်စောင့်ကြိုလေ့ရှိသည်။ လူဆိုးလူမိုက်များကို ဖုံးကွယ်ထားသော ကလာကာ၊ မျက်နှာဖုံးဖွင့်လှစ်သောအခါ ထိုသူများ၏ အပြစ်ဒုစရိုက် ကျူးလွန်ခဲ့မှုများသည် ရေပေါ်တွင် ဗူးသီးပေါ်သကဲ့သို့ အထင်အရှားပေါ်လွင် ထင်ရှားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။