တောလည်ရာကျမ်း - ၁၂

မိရိအံကိုဒဏ်ခတ်ခြင်း
1မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဖက်သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့်အာရုန်သည် မောရှေကိုအပြစ်တင်လျက်၊ 2အကယ်၍ထာဝရဘုရားသည်၊ မောရှေအားဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရဘုရားကြားတော်မူ၏။ 3မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက်သာ၍ နူးညံ့သိမ်မွေ့သောသဘောရှိ၏။ 4ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက်သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြလော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ချင်းမိန့်တော်မူ၍ သူတို့သည်ထွက်သွားကြ၏။ 5ထာဝရဘုရားသည် မိုးတိမ်တိုင်ဖြင့်ဆင်းသက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ရပ်လျက်၊ အာရုန်နှင့် မိရိအံကိုခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။ 6ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသောရူပါရုံအားဖြင့် ကိုယ်ကိုပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။ 7အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန်မောရှေသည် ထိုသို့မဟုတ်။ဟေဗြဲ၊ ၃:၂။ 8သူ၌ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူလျက်၊ 9အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွားတော်မူသဖြင့်၊ 10မိုးတိမ်သည် တဲတော်အပေါ်မှကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊ 11အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကိုပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။ 12ဖွားစကပင် ကိုယ်အသားတစ်ဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်းပန်လျှင်၊ 13မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကိုပျောက်စေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။ 14ထာဝရဘုရားကလည်း၊ သူ၏အဘသည် သူ၏မျက်နှာကို တံတွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည်မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေစေ။ ထိုနောက်မှ တပ်ထဲသို့တစ်ဖန်ဝင်စေဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊တော၊ ၅:၂-၃။ 15မိရိအံကိုနှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရ၏။ မိရိအံအနာမပျောက်မီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲနေကြ၏။ 16ထိုနောက် ဟာဇရုတ်အရပ်မှပြောင်း၍ ပါရန်တော၌တဲဆောက်ကြ၏။

တောလည်ရာကျမ်း - ၁၂ (အနက်ဖွင့်)

(အာရုန်နှင့် မိရိအံတို့ ပုန်ကန်ကြခြင်း (အခန်း ၁၂)

       ၁၂: ဣသရေလသမိုင်းတွင် ဝမ်းနည်းဖွယ်ကောင်းသော အမျိုးသားခေါင်းဆောင်နှစ်ဦး အာရုန်နှင့် မိရိအံတို့၏ ဘုရားရှင်အား ပုန်ကန်ခြားနားခြင်းအကြောင်းဖြင့် စတင်သည်။ မောရှေ၏ ညီအကိုမောင်နှမများဖြစ်သော်လည်း မောရှေက အဲသရောပိအမျိုးသမီးလက်ထပ်ခြင်းနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကြသည်။ ထိုအချက်သည် ရမယ်ရှာဖို့အကြောင်းပြချက်ဖြစ်သည်။ အတွင်းစိတ်ထဲမှာမူ မောရှေ၏ ခေါင်းဆောင်မှုကို မနာလိုကြခြင်းဖြစ်သည်။ ထိုခေတ်ကာလက အဲသရောပိအမျိုးသမီးများကို လက်မထပ်ရသော ပညတ်ချက်မရှိ။ ကတိတော်မြေသို့ ခြေချကြပြီးသောအခါမှသာလျှင် ယုဒလူမျိုးမှတစ်ပါး အခြားလူမျိုးလက်ထပ်ခြင်းမပြုရန် ပိတ်ပင်သည်။

၁၂: မောရှေသည် ပြန်လည် ချေပခြင်းမပြု။ ဘုရားသခင်ကိုသာ အားကိုးသည်။ ဘုရားသခင်ပေးထားသော ခေါင်းဆောင်မှု အရည်အချင်းကိုပြသသည်။ သူ့မိသားစု (အခန်း ၁၂)၊ ခေါင်းဆောင်မှု (ငယ် ၁၆)၊ ဘဝတစ်ခုလုံး (၁၆:၄၁-၄၂)ဘုရားကောင်းကြီးပေးထားသည်။ မောရှေသည် တုံ့ပြန်ခြင်းမပြု၊ ဘုရားသခင်၏ စီရင်ချက်ကိုသာ နားထောင်သည်။ မောရှေသည် လောကလူသားများထဲတွင် စိတ်နှလုံးသိမ်မွေ့နူးညံ့၍ မိမိကိုယ်ကို နှိမ့်ချတတ်ဆုံးလူဖြစ်သည်။ ထိုအကြောင်းကို မောရှေက ထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း (၂ပေ ၁:၂၁)တွင် သန့်ရှင်းဝိညာဉ်တော်ပြောပြချက်ဖြင့် မှတ်တမ်းတင်ထားသည်။

၁၂: ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝတွင် မောရှေ၊ အာရုန်နှင့် မိရိအံတို့အား ဘုရားသခင်က တွေ့ဆုံသည်။ အာရုန်နှင့် မိရိအံတို့အား အပြစ်ဆိုသည်။ မောရှေသည် အခြားပရောဖက်များ မစွမ်းဆောင်သည့် အမှုတော် ထမ်းဆောင်သူဖြစ်သကဲ့သို့ ဘုရားရှင်နှင့် နီးကပ်စွာ အသက်ရှင်သူဖြစ်သည်။ ထိုအကြောင်းကို အခြားသူများသို့လည်း ရူပါရုံ၊ အိပ်မက်များဖြင့် သတိပေးသည်။ မောရှေသို့မူ မျက်နှာချင်းဆိုင်(ငယ် ၈သည် ကြားခံလူမရှိ၊ တိုက်ရိုက်ဖော်ပြသကဲ့သို့ လူ့မျက်စိဖြင့် မမြင်သာသော်လည်း ပြောပြလေ့ရှိသည်။ မိရိအံသည် ပရောဖက်မ (ထွ ၁၅:၂၀)ဖြစ်သော်လည်း မောရှေနှင့် အခြားပရောဖက်များ သွေးကွဲအောင်ပြုလုပ်သူဖြစ်သည်။ မရိအံ၏ လုပ်ဆောင်ချက်ကို ဤနေရာတစ်ချက်၌သာ ပေါ်လွင်ထင်ရှားပြီး (တော ၂၀:၁)တွင် ကွယ်လွန်သည့်အကြောင်း ရေးထားသည်။

၁၂:၁၀ ဘုရားသခင်သည် စိတ်ဆိုးတော်မူသဖြင့် ထိုနေရာမှကြွသွားသည်။ မိရိအံသည် ပုန်ကန်ခြားနားမှု အပြစ်ဒဏ်အဖြစ် နူနာစွဲသည်။ အာရုန်ကို အပြစ်ဒဏ်မသင့်သဖြင့် ထိုပြဿနာသည် မိရိအံ မီးမွှေးခြင်းဖြစ်သည်ဟု ယူဆရသည်။ အာရုန်၏အပြစ်ဒဏ်သည်လည်း သူ့နှမက ခံစားခြင်းဖြစ်သည်ဟု အချို့က ထင်မြင်ယူဆကြသည်။ အာရုန်သည် လူအပေါင်းအား ယဇ်ပူဇော်ပေးသည့် ယဇ်ပုရောဟိတ် ဖြစ်သောကြောင့် သက်ညှာမှုခံရခြင်းလည်း ဖြစ်နိုင်သည်။ ရာထူးရာခံအရ အပြစ်ဒဏ်သက်ညှာမှု ခံရသော်လည်း သူ့နှမတွင် ပိုမိုဝန်ပိခြင်းဖြစ်နိုင်ပါသည်။

၁၂:၁၁၁၆ အာရုန်က မောရှေထံ အပြစ်ဝန်ချတောင်းပန်သည်။ မိရိအံကိုလည်း မွေးစကပင် ဘဝတပိုင်းပျက်သူပမာ၁၀ မခံစားစေဖို့ လျှောက်ပေးသည်။ မောရှေကလည်း ဘုရားသခင်ထံ ဆက်လက်တောင်းလျှောက်ပေးရာ၊ ဘုရားသခင်က နူနာရောဂါပြန်လည် ပျောက်ကင်းစေသော်လည်း နူနာစွဲနေသည့် ()ရက်ကာလအား တပ်ပြင်သို့ မောင်းထုတ်ခိုင်းသည်။ ဖခင်၏မျက်နှာကို တံတွေးဖြင့် ထွေးသူသည် ဖခင်က ခွင့်လွှတ်သော်လည်း ထပ်တူထပ်မျှ အကုသိုလ် ခံစားရသည်ဟု ဘုရားရှင်က မိန့်မှာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။