တောလည်ရာကျမ်း - ၁၃

သူလျှိုများ
(တရား၊ ၁:၁၉-၃၃)
1တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 2ဣသရေလအမျိုးသားတို့အား ငါပေးသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ၊ အမျိုးအနွယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တစ်မျိုးတစ်ယောက်စီရွေးကောက်၍ စေလွှတ်လော့ဟု၊ 3ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။ 4သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသား ရှမွာ။ 5ရှိမောင်အမျိုး၊ ဟောရိသား ရှာဖတ်။ 6ယုဒအမျိုး၊ ယေဖုန္နာသား ကာလက်၊ 7ဣသခါအမျိုး၊ ယောသပ်သား ဣဂါလ။ 8ဧဖရိမ်အမျိုး၊ နုန်သား ဩရှေ။ 9ဗင်္ယာမိန်အမျိုး၊ ရာဖုသား ပါလတိ။ 10ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။ 11ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။ 12ဒန်အမျိုး၊ ဂေမလ္လိသား အမျေလ။ 13အာရှာအမျိုး၊ မိက္ခေလသား သေသုရ။ 14နဿလိအမျိုး၊ ဝါဖသိသား နာဘိ။ 15ဂဒ်အမျိုး မာခိသား ဂွေလတည်းဟူသော၊ 16ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှာ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
17ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့တက်ကြလော့။ 18ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။ 19သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့် နေကြသလော။ ခိုင်ခံ့သောမြို့နှင့် နေကြသလော။ 20ထိုမြေသည် ကောင်းသလော၊ မကောင်းလော။ တောများသလော၊ နည်းသလောဟု ကြည့်ရှုကြလော့။ ရဲရင့်သောစိတ် ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီးမှည့်စ ကာလဖြစ်သတည်း။ 21ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကိုစူးစမ်းကြ၏။ 22တောင်မျက်နှာ၌လျှောက်သွား၍ အာနကအမျိုးသား အဟိမန်၊ ရှေရှဲ၊ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မီ ခုနစ်နှစ်ကတည်သောမြို့ ဖြစ်သတည်း။ 23ဧရှကောလချိုင့်သို့ရောက်လျှင် အသီးတစ်ပြွတ်ပါသော စပျစ်နွယ်ပင် အခက်တစ်ခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းပိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။ 24ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီးပြွတ်ကိုထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသောအမည်ဖြင့် မှည့်သတည်း။ 25အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကိုစူးစမ်းသောအမှု ပြီး၍ ပြန်လာကြ၏။
26မောရှေနှင့်အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။ 27မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသောအသီး ဖြစ်ပါ၏။ 28သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သောမြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။ 29အာမလက်အမျိုးသားတို့သည် တောင်ဘက်၌လည်းကောင်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌လည်းကောင်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌လည်းကောင်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ၏။ 30ကာလက်ကလည်း ချက်ချင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကိုငြိမ်းစေ၏။ 31သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍လည်းကောင်း၊ 32ငါတို့သွား၍စူးစမ်းသောပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ 33ကိုယ်ကြီးသောလူအမျိုးအနွယ်၊ အာနကအမျိုးအနွယ်ဖြစ်၍ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ သူတို့အထင်အတိုင်းလည်း ထိုသို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ မိမိတို့စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသတင်းကို ကြားပြောကြလေ၏။

တောလည်ရာကျမ်း - ၁၃ (အနက်ဖွင့်)

(ကတိတော်မြေသို့ သူလျှိုစေလွှတ်ခြင်း (အခန်း ၁၃၁၄)

       ၁၃:၂၀ လွှတ်လိုက်သော ရှေ့ပြေးသူလျှိုများသည် ဘုရားရှင်အမိန့်တော်အတိုင်းဖြစ်သည်။ တရား ၁:၁၉-၂၂ တွင် လူထုက စေလွှတ်သည်ဟုဆိုသည်။ လူများ၏ တောင်းဆိုချက်အရ ဘုရားသခင်က ခွင့်ပြုခြင်းဖြစ်သည်။ သူလျှို(၁၂)ယောက်၏ အမည်စာရင်းကို (အငယ် ၄-၁၅)တွင် မှတ်တမ်းတင်ထားသည်။ ဩရှ ( ငယ်၈ )တို့ကိုသီးသန့်မှတ်ထားပါ။ ကာလက်(ငယ် ၆)၊ ဩရှေ (ငယ်၈) တို့ကို သီးသန့်မှတ်ထားပါ။ ဩရှေကို မောရှေက ယောရှု(ငယ် ၁၆)ဟု မှည့်ခေါ်သည်။ ထိုသူလျှိုများအား ကတိတော်မြေအကြောင်း အသေးစိတ်လေ့လာကြ၍ တွေ့မြင်သမျှ အကြောင်းဆုံကို ပြန်လည် သတင်းပို့ရန် မောရှေက မှာကြားစေလွှတ်လိုက်သည် (ငယ် ၁၇-၂၀)။ ပထမဦးစွာ တောင်ပိုင်းအရပ်ရှိ အချက်အချာကျသော နိကပ်သို့သွားကြသည်။

၁၃:၂၁၂၉ သူလျှိုများသည် တောင်ပိုင်းအရပ်ဇိနတောမှစ၍ မြောက်ပိုင်းအရပ်ရှိ ရဟောဘမြို့ထိ နယ်ခွင်တလျှောက် စူးစမ်းထောက်လှမ်းကြသည် (ငယ် ၂၁)။ အငယ် ၂၂-၂၄ သည် တောင်ပိုင်းအရပ်တွင် သူလျှိုများ၏ လုပ်ဆောင်ချက်ဖြစ်သည်။ ဟေဗြုန်သို့ရောက်သောအခါ အာနပ်၏သားသုံးယောက်ကို တွေ့ကြသည်။ တရား ၂:၁၀-၁၁ တွင် ထိုသူများသည် ဘီလူးအသက်မျှ ထွားကျိုင်းသူများ ဖြစ်သည်ဟု ဆိုသည်။ သူလျှိုများသည် သက်သေခံပစ္စည်းများအဖြစ် ဧရှကော ချိုင့်ဝှမ်းမှ လူနှစ်ယောက်ထမ်း စပျစ်နွယ်အပြွတ်ကို သယ်လာကြသည်။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ယူဆောင်လာကြသည်။ ထိုအရပ်ကို ဣသရေလတို့က ဧရှကောချိုင့် (အပြွတ်အခိုင်ဟု အနက်ရသည်)ဟု မှည့်ခေါ်ကြသည်။ သူလျှိုများ၏ အဓိကအစီရင်ခံစာမှာ ထိုအရပ်ဒေသမှာ မြေဩဇာ အဆီအနှစ်ပြည့်ဝသော်လည်း ဒေသခံလူများသည် ဘီလူးကြီးများပမာ ခွန်အားဗလထွားကျိုင်းသူများဖြစ်သည်။ သူလျှိုများ အတွေးတွင် ထိုဒေသခံလူများအား ဣသရေလလူများက တိုက်ခိုက်အောင်မြင်နိုင်စွမ်းရှိမည်ဟု မထင်ကြ။ (သို့သော်လည်း ကတိတော်ရှိသည့်အတိုင်း ဘုရားသခင်က ဖယ်ရှားပေးသည်)။

၁၃:၃၀၃၂ နိဖိလိမ်(ဟေဗြဲကျမ်းမူ ငယ် ၃၃)ဟူသော စကားသည် ဤလူ့ဘီလူးကြီးများသည် ရေလွှမ်းမိုးခြင်းမှ လွတ်မြောက်လာသူများဟု ဆိုလိုခြင်းမဟုတ်။ ထိုလူများသည် ရေလွှမ်းမိုးခြင်း မတိုင်ခင်က ဣသရေလလူများက ကြားသိပြီးဖြစ်သည်။ ကာလက်ကမူ (သူနှင့် ယောရှုကိုယ်စား) ချက်ချင်းသွားရောက် တိုက်ခိုက် အငိုက်ဖမ်းလျှင် အောင်မြင်မည်ဟု ရဲဝံ့စွာ တင်ပြသည်။ အခြားသူလျှိုများကမူ ကန့်ကွက်ကြသည်။ ထိုဒေသခံလူများသည် ခွန်အားဗလထွားကျိုင်းကြသောကြောင့် အောင်မြင်နိုင်မည်မဟုတ်ဟု ဆိုကြသည်။

၁၃:၃၃ သူလျှိုဆယ်ဦးသည် အဆိုးမြင်သမားများဖြစ်သည်။ ခါနန်ပြည်သားများ၏ ခွန်အားဗလအပြင်ပန်း လက္ခဏာကို ကြည့်၍ ကြောက်ရွံ့ကြသည်။ ကာလက်နှင့်ယောရှုသည် ဘုရားသခင်၏ လူမျိုးဣသရေလလူဟူသော အသိစိတ်ဓာတ် ခံယူချက်ဖြင့် ရဲစွမ်းသတ္တိ ပြည့်စုံသူများဖြစ်သည်။ လက်ရုံရည်၊ နှလုံးရည်ရှိသူများဖြစ်သည်။ ယုံကြည်စိတ်မရှိသူ သူလျှိုဆယ်ယောက်က အခက်အခဲကြီး ဘီလူးသဘက်ကြီး သဖွယ် ရှုမြင်သူများကို ယုံကြည်သူနှစ်ဦးက ပုရွတ်ဆိတ်အဖြစ် ရှုမြင်တတ်သူများဖြစ်သည်။ သူတို့က ဘုရားသခင်၏ ကတိတော်ကို စိတ်ချသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။