တောလည်ရာကျမ်း - ၁၁

တဗေရအရပ်
1တစ်ဖန် လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်၊ ထာဝရဘုရားသည် သူတို့စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ရှိသော သူအချို့တို့ကို သေစေလေ၏။ 2လူများတို့သည် မောရှေအားအော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။ 3ထာဝရဘုရား၏မီးသည် သူတို့တွင်လောင်သောကြောင့် ထိုအရပ်ကို တဗေရဟူသောအမည်ဖြင့် မှည့်လေ၏။
အသက်ကြီးသူခုနစ်ကျိပ်
4ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက်ပါသော တစ်ပါးအမျိုးသားတို့သည် တောင့်တသောစိတ်စွဲလမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တစ်ဖန်ငိုကြွေးလျက် ငါတို့စားစရာဖို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။ 5အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသောငါးသား၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။ 6ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတစ်ပါး တစ်စုံတစ်ခုကိုမျှမမြင်ရဟု ဆိုကြ၏။ 7မန္နသည်နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။ထွ၊ ၁၆:၃၁။ 8လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့်ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော်အရသာနှင့်တူ၏။ 9စခန်းချရာအရပ်၌ ညအခါနှင်းနှင့်အတူ မန္နကျတတ်၏။ထွ၊ ၁၆:၁၃-၁၅။
10ထိုအခါ လူများအသီးအသီးတို့သည် မိမိတဲတံခါးဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊ 11ဤလူအပေါင်းတို့ကိုထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာတင်၍ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌မျက်နှာမရဘဲ နေရပါသနည်း။ 12သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသောပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီလျက် ဆောင်လော့ဟု အကျွန်ုပ်အားမိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင်ပါသလော။ ဖွားမြင်ပါသလော။ 13ဤလူအပေါင်းတို့အား ကျွေးစရာဖို့အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့စားစရာဖို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။ 14ဤလူအပေါင်းတို့ကို အကျွန်ုပ်တစ်ယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသောဝန်လည်း လေးလွန်းပါ၏။ 15ထိုသို့ အကျွန်ုပ်၌ပြုတော်မူလျှင်လည်းကောင်း၊ စိတ်တွေ့တော်မူလျှင်လည်းကောင်း၊ အကျွန်ုပ်ကို အလျင်အမြန်သေစေတော်မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ထာဝရဘုရားအားလျှောက်ဆို၏။
16ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးသူခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာစုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ခေါ်ခဲ့၍ သင်နှင့်အတူရပ်နေကြစေလော့။ 17ငါသည်လည်း ထိုအရပ်သို့ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာတင်မည်။ ဤလူတို့ကို သင်တစ်ယောက်တည်းသာ ဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက်ရကြမည်။ 18သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဖို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲသားကို စားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့အား အမဲသားကိုပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌နေစဉ်၊ ငါတို့သည်ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက်ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသားကိုပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။ 19တစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်သာ စားရကြမည်မဟုတ်။ 20သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာဖြစ်သည်တိုင်အောင် တစ်လပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရကြသနည်းဟု ရှေ့တော်၌ငိုကြွေးလျက် ပြောဆိုကြပြီတကားဟု မောရှေအားမိန့်တော်မူ၏။ 21မောရှေကလည်း၊ အကျွန်ုပ်နှင့်ဆိုင်သော လူယောက်ျားပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တစ်လစားစရာဖို့ သူတို့အားအမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊ 22သူတို့ကိုဝစွာကျွေးခြင်းငှာ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှာ၊ ပင်လယ်ငါးရှိသမျှတို့ကို စုဝေးရပါမည်လောဟု လျှောက်လျှင်၊ 23ထာဝရဘုရားက၊ ထာဝရဘုရားလက်တိုသလော။ ငါ့စကားတည်မည်၊ မတည်မည်ကို သင်သိလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
24မောရှေသည်ထွက်၍ ထာဝရဘုရား၏စကားတော်ကို လူများတို့အားဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ်စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။ 25ထာဝရဘုရားသည် မိုးတိမ်ဖြင့်ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုယူ၍ အသက်ကြီးသူခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။ 26ထိုလူစု၌ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာနေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်းပရောဖက်ပြု၍ တပ်ထဲမှာဟောကြ၏။ 27လုလင်တစ်ယောက်သည်လည်း မောရှေထံသို့ပြေး၍၊ ဧလဒဒ်နှင့်မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက်ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊ 28မောရှေ၏လက်ထောက်ဖြစ်သော လုလင်နုန်သားယောရှုက၊ သခင်မောရှေ၊ သူတို့ကိုဆီးတားတော်မူပါဟုဆိုသော်၊ 29မောရှေက၊ သင်သည် ငါ့အတွက်ငြူစူသောစိတ်ရှိသလော။ ထာဝရဘုရား၏လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာတင်တော်မူပါစေသောဟု ဆိုပြီးမှ၊ 30ဣသရေလအမျိုးသား အသက်ကြီးသူတို့နှင့်အတူ တပ်ထဲသို့ပြန်သွားလေ၏။
ငုံးငှက်များ
31ထိုအခါ ထာဝရဘုရားသည်လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တစ်ရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။ 32လူများတို့သည် တစ်နေ့လုံး၊ တစ်ညလုံး၊ နက်ဖြန်လည်းတစ်နေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်းသိမ်းသောသူသည် ဆယ်ဟောမဲကိုသိမ်းရ၏။ တပ်ပတ်လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။ 33သို့ရာတွင် ငုံးသားကိုကိုက်၍မဝါးမီ၊ ထာဝရဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်းသောဘေးနှင့် ဒဏ်ခတ်တော်မူ၏။ 34တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်ဟတ္တဝါဟူသော အမည်ဖြင့်မှည့်လေ၏။ 35လူများတို့သည် ကိဗြုတ်ဟတ္တဝါအရပ်မှ ထွက်ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။

တောလည်ရာကျမ်း - ၁၁ (အနက်ဖွင့်)

(တပ်တွင်းတွင် ပုန်ကန်ကြခြင်း (အခန်း ၁၁)

       ၁၁: လူအပေါင်းတို့သည် ဘုရားသခင်၏ ဆောင်ရွက်ပေးခဲ့မှုများကို စောဒကတက်ချင်ကြသည်။ ထိုအကြောင်းကို အပိုဒ်ငယ်(၁)တွင် တဖန်လူတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်” ဟု သဲလွန်စပေးထားသည်။ မကျေနပ်သူများမှာ ပဋိညာဉ်သေတ္တာနှင့် အလှမ်းဝေးသူများ ဖြစ်သည်။ ဘုရားသခင်၏ အမျက်တော်မီးကျရောက်သဖြင့် တပ်အစွန်အဖျားရှိလူများ သေကြေပျက်စီးကြသည်။ ထိုသို့ မီးလောင်သော အရပ်ကို တဗေရ (မီးလောင်ခြင်း)ဟု ခေါ်တွင်သည်။ KJV နှင့် NKJV ကျမ်းများတွင် မကျေမနပ်ဖြစ်နေသူအချို့ မီးလောင်သေဆုံးကြသည်ဟု ဆိုသည်။ ASV ကျမ်းက တပ်ပြင်နားရှိ လူများမီးလောင်သေဆုံးကြသည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်သည် ဘုရားသခင်က သက်ညှာစွာ သတိပေးခြင်းဖြစ်သည်။

၁၁: တဖန် တပ်အတွင်းစည်းရှိ လူများ မကျေမနပ်ဖြစ်ကြပြန်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရောနှောလျက်ပါသော တပါးအမျိုးသားစုဟု ဆိုထားသည်။ အဲဂုတ္တုပြည်မှ ထွက်လာကြစဉ် မယုံကြည်သူအချို့ အုတ်ရောရော ကျောက်ရောရော ပါလာကြသည်။ ဣသရေလတို့အမျိုးထဲတွင် ရောနှော၍ ဣသရေလအချို့ကို သွေးထိုးကြသည်။ အဲဂုတ္တုပြည်မှ ထွက်လာကတည်းက နေ့စဉ်မန္နမုန့် တစ်မျိုးတည်းသာ စားရသောကြောင့် ငြီးငွေ့သည်ဟု ဆန္ဒပြကြသည် (ဆာ ၇၈:၁၇-၃၃ တွင်ဤအဖြစ်အပျက်ကို ရည်ညွှန်းထားသည်)။

ယေရှုခရစ်တော်ကျွေးသော မိုးကောင်ကင်မုန့်သည် ထူးပေစွ။

ကျေးဇူးတရားနားမလည် ပုန်ကန်ကြပေလင့်

ကိုယ်တော်ဘုရားမေတ္တာမပျက်

သာ၍ ထူးဆန်းသည်မှာ

အထံတော်မှ လေလွင့်ထွက်ပြေးချင်ကြသည်

ပုန်ကန်ခြားနားချင်ကြသည်

သို့သော်အပြစ်များကို ခွင့်လွှတ်တော်မူဆဲ။

၁၁:၁၀၁၅ မောရှေသည် ဤပုန်ကန်ဆန္ဒပြမှုကို သူ့အစွမ်းအစဖြင့် မကိုင်တွယ်နိုင်သောကြောင့် ဦးစွာ ဘုရားသခင်ကို တမ်းတဆုတောင်းသည်။ ပရိသတ်သည် မဖြစ်နိုင်သော ကိစ္စ၊ အမဲသားတောင်းဆိုကြသည်။ အဘယ်သို့ဆောင်ရွက်ပေးနိုင်မည်နည်း။ ဤပြဿနာမှ လွတ်မြောက်ခြင်းငှါ သေခွင့်ပေးပါဟု ဆုတောင်းသည်။

၁၁:၁၆၁၇ ဘုရားသခင်၏ ပထမအဖြေစကားမှာ မောရှေ၏ ဝန်ထုပ်ဝန်ပိုးအား ထမ်းကူကြဖို့ အသက်ကြီးသော ဣသရေလလူကြီး(၇၀)ကို ရွေးချယ်ခိုင်းသည်။ အချို့ကျမ်းစာပညာရှင်များက ထိုအဖြေသည် မောရှေအတွက် အကောင်းဆုံးအဖြေဟုတ်ပါသလားဟု ထောက်ကြသည်။ ဘုရားသခင် အမိန့်တော်ရှိလျှင် အရာခပ်သိမ်းဖြစ်နိုင်ပါသည်။ မောရှေသည် သူ့လုပ်ဆောင်ချက်အားနည်းသောအခါ ဝိညာဉ်တော် အစွမ်းလည်း ယုတ်လျော့သည်ဟု ဆိုကြသည်။ မောရှေသည် ယောက္ခမ၏ အကြံပေးချက်အတိုင်း စီမံခန့်ခွဲမှု အာဏာအား ခွဲဝေပေးသည် (ထွ ၁၈:၂၅၊ တရား ၁:၉-၁၅)။ အသက်ကြီးသော (လူ ၇၀)သည် ဝိညာဉ်ရေးရာ ဝန်ထုတ်ထမ်းကူဖို့ ဖြစ်သည်။ ထိုနှစ်ခုကို မရောနှောမိပါစေနှင့်။

၁၁:၁၈၂၃ လူများ တောင်းဆိုကြသည့်အတိုင်းအသားဝလင်စွာ စားကြရမည်ဟု ဘုရားရှင်က အဖြေပေးသည်။ တစ်နပ်တလေစားရခြင်း မဟုတ်။ နှာခေါင်းမှ အမဲသားနံ့ ထွက်အောင် တစ်လလုံး စားရမည်ဟု ဆိုသည်။ မည်သို့ဖြစ်နိုင်မည်နည်းဟု မောရှေက ဘုရားရှင်ကို ပြန်မေးသောအခါ ငါ့ကတိတော် ဘယ်အခါ ပျက်ဘူးသလဲ၊ ကြုံတွေ့ခံစားခဲ့ကြပြီ မဟုတ်လောဟု ဘုရားရှင်ဖြေသည်။ သိနာတောင် ခရီးတလျှောက် ဘုရားသခင်က အံ့ဩဖွယ်ကောင်းအောင် ကျွေးမွေး ထောက်ပံ့ခဲ့သည်မဟုတ်လော။ အမှန်စင်စစ် မောရှေသည် ဘုရားသခင်အား စောဒကမတက်သင့်ပါ။ ယနေ့ယုံကြည်သူများသည်လည်း ဆင်ခြင်တုံတရား လွတ်ကင်းသောအခါ ဘုရားသခင်အား လျှပ်တပြတ် မေးခွန်းထုတ်တတ်ကြသည်ကို သတိပြုရမည်။

၁၁:၂၄၃၀ အသက်ကြီးသော လူ(၇၀)စုဝေးကြသောအခါ ဘုရားသခင်၏ ဝိညာဉ်တော် ဆင်းသက်လာပြီး မောရှေသို့ ပေးထားသော ဝိညာဉ်တော်တချို့တစ်ဝက်ကို ထိုလူအုပ်သို့ မျှဝေပေးလိုက်သည်။ ထိုလူကြီး(၇၀)များသည် ဝိညာဉ်တော်နှင့် ပြည့်ဝသွားကြသဖြင့် ပရောဖက်ပြုကြသည်။ ထိုလူ(၇၀)ထဲတွင် စာရင်းပါသော်လည်း ရှေ့သို့ထွက်မလာဘဲ တပ်ထဲတွင် ကျန်ရစ်နေသော ဧလာဒပ်နှင့် မေဒပ် တို့သည်လည်း တပ်ထဲတွင် ပရောဖက်ပြုကြသည်။  ဤအံ့ဖွယ်အမှုအရာသည် မောရှေနှင့်သာ သက်ဆိုင်သည်ဟု မောရှေ၏လက်ထောက် ယောရှုက ထင်မှတ်သဖြင့် မောရှေအား တားခိုင်းသည်။ သို့သော် မောရှေက မတား။ ဘုရားရှင်နာမတော်၌ အမှုတော်ပြုခြင်းကျယ်ပြန့်မှု ဖြစ်သည်ဟုဆိုသည်။

၁၁:၃၁၃၅ ကတိတော်ပြုထားသည့် အမဲသားကို ငုံးအုပ်ဖြင့် ပြည့်စုံစေသည်။ အပိုဒ်ငယ် ၃၁တွင် ထုနှစ်တောင် ဆိုသည်မှာ ငုံးသားရံထားလျှင် ထုသုံးပေရှိသည်ဟု ဆိုသည်။ တစ်နေ့ ခရီးပတ်လည် တစ်ခုလုံး ငုံးဖြင့်ပြည့်နှက်သည်။ ပင်လယ်မှ ဆောင်ခဲ့သည်ဆိုသည်မှာ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ငုံးသည် ကုန်းသတ္တဝါဖြစ်သည်။ သင်္ဘောနစ်လုမတတ်ဟုဆိုလိုသည်။ သို့မဟုတ် ဘယ်အရပ်က ရောက်လာမှန်းမသိဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ လူပရိသတ်အပေါင်းသည် အသားငတ်ကြီးကျသဖြင့် အလုအယက်သိမ်းဆည်းကြသည်။ သို့သော် ထိုသူများ၏ အပြုအမူကို ဘုရားရှင်စိတ်တော်နှင့် မတွေ့သဖြင့် ငုံးသားစားသူများ ပလိပ်ရောဂါကျစေပြီး သေကြေကြသည်။ ထို့ကြောင့် ထိုအရပ်ကို သင်္ချိုင်းကုန်းမြေဟု အဓိပ္ပါယ်ရသော တိဗြုတ်ဟတ္တဝါဟု နာမည်တွင်သည်။ ထိုမှ ဆက်သွားကြသော် ဟာဇရု၏ အရပ်သို့ စခန်းချကြပြန်သည်။ (ငယ် ၃၅)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။