နေဟမိမှတ်စာ - ၃

မြို့ရိုးကိုပြန်လည်တည်ဆောက်ခြင်း
1ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါးကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။ 2သူတို့နောက်မှ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဣမရိသား ဇက္ကုရပြင်၏။ 3ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ 4သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ် ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသားဖြစ်သော ဗေရခိ၏သား မေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။ 5သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏အမှုကို ဝိုင်းညီ၍မပြုကြ။ 6တံခါးဟောင်းကိုကား၊ ပါသာသား ယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ 7သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ၏။ 8သူတို့နောက်မှ ဟာဟာယသား ပန်းထိမ်သမားဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့စေကြ၏။ 9သူတို့နောက်မှ၊ ယေရုရှလင်မြို့တစ်ပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖာယပြင်၏။ 10သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ဟာရှဗနိသား ဟတ္တုတ်ပြင်၏။ 11ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ်တို့သည် ပြင်ကြ၏။ 12သူတို့နောက်မှ၊ ယေရုရှလင်မြို့တစ်ပိုင်းကို အုပ်သောသူ၊ ဟာလောဟတ်သား ရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။ 13ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင် တစ်ထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။ 14ဗေသက္ကရင်မြို့တစ်ပိုင်းကို အုပ်သော ရေခပ်သားမာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။ 15မိဇပါမြို့တစ်ပိုင်းကို အုပ်သော ကောလဟောဇသား ရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထားပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင် တည်၏။ 16သူ့နောက်မှ ဗက်ဇုရမြို့တစ်ပိုင်းကိုအုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်း တစ်ဖက်တစ်ချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်းအိမ်တိုင်အောင် ပြင်၏။
မြို့ရိုးတည်ဆောက်သူလေဝိအနွယ်ဝင်များ
17သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင်၏။ သူ့နောက်မှ၊ ကိလမြို့တစ်ပိုင်းကို အုပ်သော ဟာရှဘိသည် မိမိတာကိုပြင်၏။ 18သူ့နောက်မှ၊ ကိလမြို့တစ်ပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီ ဗာဝဲပြင်၏။ 19သူ့နောက်မှ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရသည်၊ လက်နက်စုံတိုက်သို့တက်ရာ တစ်ဖက်တစ်ချက်၊ မြို့ထောင့်ထိအောင် ပြင်၏။ 20သူ့နောက်မှ၊ ဇဗ္ဗဲသားဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ် အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။ 21သူ့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ်သည်၊ ဧလျာရှိပ်အိမ်တံခါးမှ အိမ်ထောင့်တိုင်အောင် ပြင်၏။
မြို့ရိုးတည်ဆောက်သူယဇ်ပုရောဟိတ်များ
22သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ၏။ 23သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်ကြ၏။ သူတို့နောက်မှ၊ အာနနိသားဖြစ်သော မာသေယ၏သား အာဇရိသည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်၏။ 24သူ့နောက်မှ၊ ဟေနဒဒ်သား ဗိနွိသည်၊ အာဇရိအိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင် ပြင်၏။ 25ဥဇဲသား ပါလလသည် မြို့ရိုးကွေ့ရာ တစ်ဖက်တစ်ချက်ကိုလည်းကောင်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာရှိသော ပြအိုးကိုလည်းကောင်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။ 26ထိုမှတစ်ပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တစ်ဖက်တစ်ချက်၌၊ မိမိတို့နေရာ ဩဖေလရဲတိုက်ကိုလည်းကောင်း၊ ပြင်သို့ထွက်သော ပြအိုးကိုလည်းကောင်း ပြင်ကြ၏။
အခြားတည်ဆောက်သူများ
27သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တစ်ဖက်တစ်ချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။ 28မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တစ်ဖက်တစ်ချက်၌ အသီးအသီးပြင်ကြ၏။ 29သူတို့နောက်မှ၊ ဣမေရသားဇာဒုတ်သည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနိသား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။ 30သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသားမေရှုလံသည် မိမိအိပ်ရာခန်း တစ်ဖက်တစ်ချက်၌ ပြင်၏။ 31သူ့နောက်မှ၊ ပန်းထိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တစ်ဖက်တစ်ချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာအရပ် တိုင်အောင်လည်းကောင်း၊ မြို့ထောင့်တက်ရာအရပ် တိုင်အောင်လည်းကောင်းပြင်၏။ 32မြို့ထောင့်တက်ရာ အရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းထိမ်သမားများနှင့် ကုန်သည်များတို့သည် ပြင်ကြ၏။

နေဟမိမှတ်စာ - ၃ (အနက်ဖွင့်)

၂။ ဘုရားသခင်၏ အလုပ်သမားများနှင့် လုပ်ဆောင်ချက်များ (အခန်း )

ယဇ်ပုရောဟိတ် ဧလျာရှိပ်ခေါင်းဆောင်သော ပုရောဟိတ်များက အရှေ့မြောက်ဘက်တောင့်ရှိ သိုးတံခါးကို စတင်ဆောက်လုပ်သည်။ ယဇ်ပလ္လင်တွင် ပူဇော်မည့် သိုးများကို ထိုတံခါးပေါက်မှ  ယူဆောင်လာရသောကြောင့် သိုးတံခါးဟု အမည်တွင်သည်။ တံခါးပေါက်နာမည်များကို အနွတ္တ နာမည်ပီသအောင် မှည့်ခေါ်ကြသည်။ သိုးတံခါး (ငယ် ၁၊၂) ငါးတံခါး (ငယ် ၃-၅) တံခါးဟောင်း (ငယ် ၆-၁၂)။ ချိုင့်တံခါး (ငယ် ၁၃)၊ ဘေးမဲ့တံခါး (နောက်ချေးတံခါး) (ငယ် ၁၄)၊ စမ်းရေတွင်းတံခါး (ငယ် ၁၅-၂၅)၊ ရေတံခါး (ငယ် ၂၆)၊ မြင်းတံခါး (ငယ် ၂၈)၊ အရှေ့တံခါး (ငယ် ၂၉)၊ မိဖကဒ်(စစ်ဆေးရေးတံခါး NASB) (ငယ် ၃၁)တို့ဖြစ်သည်။ အငယ် (၃၂) တွင်ပါရှိသည့် သိုးတံခါးသည် မြို့ရိုးတပတ်လည် တံခါးဖြစ်သည်။ ၈:၁၆ တွင် ပါရှိသော ဧဖရိမ်တံခါးနှင့် NASB ကျမ်းမူ ၁၂:၃၉တွင်ပါရှိသော လုံခြုံရေးဂိတ်တံခါးပေါင်း (၁၂)ခု ရှိသည် (ဗျာ  ၂၁:၁၂)။ မြို့ရိုးတံခါး တည်ဆောက်သူများအား ဘုရားသခင်က စနစ်တကျ မှတ်တမ်းထားရှိသည်။မြို့တံခါးဦးဆောင် ပြင်ဆင်သူများ၏ အမည်နာမကိုလည်း ကမ္ဗည်းတင်ထားသည်။

အငယ် ၁၆ တွင် ပါရှိသည့် ဒါဝိဒ်မြို့သည် ယေရုရှလင်မြို့၏ အချက်အချာဒေသကို ရည်ညွှန်းတင်စားထားသည်။

ယောင်္ကျား၊ မိန်းမမရွေး ၊ ကျွမ်းကျင်ပညာရှင်များနှင့် အလုပ်ကြမ်းသမားများမချန်၊ မှူးမတ်များမှစ၍ ပြည်သူအားလုံးသည် မိမိတို့ကျရာတာဝန်ကို တက်ကြွစွာ လုပ်ဆောင်ကြသည်။ အပါးခိုသော သူများမှာ အငယ် (၅)တွင်ပါရှိသည့် နေကောမြို့သားများသာ ရှိသည်။ မြို့တံခါး တည်ဆောက်ပြီးစီးသူများသည် မြို့ရိုးကို ဆက်လက်ဆောက်လုပ်ကြသည် (ငယ် ၄:၂၁၊၅ နှင့် ၂၇ တို့ကို ယှဉ်ဖတ်)။ ယနေ့ခေတ်ကာလတွင်လည်း ဘုရားသခင်က ယုံကြည်သူများအားဝိညာဉ်ဆုတမျိုးစီ ပေးထားပါသည်။ ကျွမ်းကျင်ရာ လိမ္မာပါးနပ်စွာ လုပ်ဆောင်ကြရသည်။ မိမိတို့ အရည်အချင်းရှိသည့်အလျောက် ပါဝင်ကြရန် ဖိတ်ခေါ်နေပါသည်။ အပါးခိုသူများနှင့် သူတပါး ဝန်ပါထမ်းဆောင်ရသူများကိုလည်း မှတ်သားထားပါသည်။ “အသီးသီးလုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်း လုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည် စုံစမ်းစစ်ကြောလိမ့်မည်” (၁ကော ၃:၁၃)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။