နေဟမိမှတ်စာ - ၂

ယေရုရှလင်မြို့သို့နေဟမိသွားခြင်း
1အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လတွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက်လေ၏။ 2အထက်က တစ်ခါမျှ ရှေ့တော်၌ ညှိုးငယ်သောမျက်နှာကို မပြဖူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်းနည်းဟန် ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊ 3ငါသည် အလွန်ကြောက်၍၊ ရှင်ဘုရင် အသက်တော် အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာမညှိုးငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊ 4-5ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။ 6ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှကာလ ကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည်နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက်ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ်လိုက်တော်မူ၏။ 7တစ်ဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ်အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကိုမဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။ 8ဥယျာဉ်တော်မှူး အာသပ်သည် ဗိမာန်တော်ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဖို့လည်းကောင်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဖို့လည်းကောင်း၊ သစ်ကိုပေးရမည်အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏။
9ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကို ပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့်အတူ စေလွှတ်တော်မူသတည်း။ 10ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစုခြင်းငှာ၊ လူတစ်ယောက်လာကြောင်းကို၊ ဟောရနိလူ သမ္ဘာလတ်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့သည် ကြားသော်၊ အလွန်နှလုံးမသာ ရှိကြ၏။
11ငါသည်လည်း၊ ယေရုရှလင်မြို့သို့ရောက်၍ သုံးရက်နေပြီးမှ၊ 12ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညအခါထ၍ ယေရုရှလင်မြို့အဖို့ ပြုခြင်းငှာ၊ ငါ၏ဘုရားသခင်သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတစ်ယောက်အားမျှ မပြော၊ ကိုယ်စီးသော မြင်းမှတစ်ပါး အဘယ်အရာမျှမပါဘဲ၊ 13ညအခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်းတစ်ဖက်တစ်ချက်၊ နောက်ချေးတံခါးတိုင်အောင် သွားသဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊ 14စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင်အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊ 15တစ်ဖန် ထိုည၌ ချောင်းနားတွင်လျှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန်လေ၏။ 16အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည်ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သောသူ တစ်စုံတစ်ယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။
17နောက်တစ်ဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရုရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြကုန်အံ့ဟု သူတို့အားဆိုလျက်၊ 18ငါ၏ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကိုလည်းကောင်း၊ ရှင်ဘုရင်မိန့်တော်မူသော စကားကိုလည်းကောင်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည် ထ၍တည်ကြကုန်အံ့ဟု ဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှာ၊ တစ်ယောက်ကိုတစ်ယောက် နှိုးဆော်ကြ၏။ 19ထိုသတင်းကို ဟောရနိလူ သမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသားတောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့သည် ကြားလျှင်၊ ပြက်ရယ်ပြု၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။ 20ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။

နေဟမိမှတ်စာ - ၂ (အနက်ဖွင့်)

()ယေရုရှလင် စုစည်းတည်ထောင်ရန် အခွင့်အာဏာ (:)

: ယုံကြည်ခြင်း၏ ဆုလက်ဆောင် မရှိမီ ၃/၄လတွင် နေဟမိသည် မမျှော်လင့်သော အဖြစ်အပျက် ကြုံတွေ့ခဲ့သည်။ တနေ့တ၌ ရှင်ဘုရင်အား သောက်တော်ဝိုင်ဖလားပေးကမ်းစဉ် မျက်နှာညှိုးယော်နေသည်။ အမှန်ဆိုလျှင် ရှင်ဘုရင်ရှေ့တွင် မျက်နှာညှိုးငယ်ခြင်းမရှိရသော နန်းထုံးစံရှိသည်။ ဘုရင်ကြီးက ညှိုးနွမ်းရသည့် အကြောင်းမေးသောအခါ ကြောက်လန့်တုန်လှုပ်သွားသည်။ (ဧသ ၄:၂)။

ထိုအကြောင်းကို George William က ဤသို့ရှင်းပြသည်။

အရှေ့တိုင်းနိုင်ငံ သက်ဦးဆံပိုင် ဘုရင်များသည် အစားအစာ စားသုံးရာတွင် အဆိပ်ခတ်ခံရမှာ စိုးသောကြောင့် အပါးသောမြဲ စားတော်ကဲများက ဦးစွာ မြည်းစမ်းလေ့ရှိသည်။အထူးသဖြင့် အပါးတော်မြဲ စားတော်ကဲ မျက်နှာမရွှင်လျှင် မယုံသင်္ကာဖြစ်ရသည်။

သို့သော် နေဟမိသည် မယုံသင်္ကာစွပ်စွဲခြင်းမခံရပါ။ သူ၏ မျက်နှာညှိုးနွမ်းခြင်းသည် ယေရုရှလင်မြို့ရိုးပြိုပျက်မှု၊ နေပြည်တော် မလုံခြုံမှုကြောင့် စိတ်အားငယ်ခြင်းဖြစ်သည်။

: ဘုရားသခင်ထံတော်သို့ နေဟမိ၏ နေ့ရက်စဉ်ဆက် ဆုတောင်းချက်များသည် အချည်းနှီးမဖြစ်။ ဘုရင်မင်းက သူ့ဆုတောင်းချက်အား ဖြည့်ဆည်းပေးရုံသာမက မြို့တော်ဝန်ရာထူးပါ ပေးလိုက်သည် (၅:၁၄)။ ဒံယေလသို့ဘုရားသခင်၏ နှုတ်ကပါတ်တော် ပြည့်စုံ(ဒံ ၉:၂၅) သကဲ့သို့ အာတဇေရဇ်မင်း၏ အမိန့်သည်လည်း နေဟမိထံသို့ ပြည့်စုံသည်။ ယေရမိ၏ ပရောဖက်ပြုချက် ကုရုမင်းဖြင့် ပြည့်စုံခြင်းမျိုးဖြစ်သည် (ယေ ၂၉:၁၀၊ ဧဇ ၁)။

: အချိန်ကာလ မည်မျှကြာညောင်းမည့်အကြောင်း ရှင်ဘုရင်၏ မေးခွန်းကို ပါးနပ်လိမ္မာစွာ ဖြေကြားခဲ့သည်။ လိုအပ်သော ပစ္စည်းများနှင့် လမ်းခရီးအဟန့်အတားများကို တပါတည်း ဖြေရှင်းလိုက်သည်။ နေဟမိသည် (၁၂)နှစ်တိုင်တိုင် ကြာညောင်းခဲ့သည် (၅:၁၄)။ နေဟမိ၏ ကြံဆောင်လုပ်ရည်ကိုင်ရည်ဟူသမျှသည် ဘုရားသခင်၏ လက်တော်ပါရှိ ထင်ရှားခြင်းဖြစ်သည်။

(ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်ခြင်း (:-၆း၁၉)

၁။ စစ်ဆေးကြပ်မတ်ခြင်းနှင့် အများပြည်သူ၏ ဆန့်ကျင်မှု (:၂၀)

:၁၆ အာတဇေရဇ်မင်းသည် အနောက်ဖက်ကမ်းရှိ လူများအား ယေရုရှလင် မြို့ရိုးတည်ဆောက်ဖို့ ဘဏ္ဍာငွေထည့်ဝင်ကြရန် အမိန့်စာရေးလိုက်သည်။ ထိုစာပေးသော နေဟမိကိုလည်း လုံခြုံရေး အစောင့်အရှောက်စစ်တပ် ထည့်ပေးလိုက်သည်။  ယေရုရှလင်မြို့တော်ဝန်သစ် နေဟမိသည် ချက်ချင်းယေရုရှလင်သို့ ပြန်လာ၍ မြို့ရိုးတည်ဆောက်ရေးအားသိုသိပ်စွာ စီစဉ်သည်။ သူကိုယ်တိုင် အဖော်မပါဘဲ အမှောင်ထဲတွင် နေရာလိုက်လံကြည့်ရှုသည်။ ထိုလုပ်ငန်းသည် ကြီးကျယ်သောပမာဏဖြစ်၍ အချိန်မရောက်မီ ပေါက်ကြားလျှင် အုတ်အော်သောင်းနင်းဖြစ်နိုင်သည်။ ပြည်သူများ သဘောမပေါက်လျှင် ထောက်ခံမှု မရရှိဘဲ နေနိုင်သည်။ အဖျက်အမှောက်သမားများ ပေါ်ပေါက်လာနိုင်သည်။

:၁၇၂၀ အသေအချာ ကွင်းဆင်းလေ့လာပြီးသောအခါ မြို့မိမြို့ဖလူကြီးသူမများကို ခေါ်၍ စီမံကိန်းကို အကျိုးအကြောင်းနှင့်တကွ ရှင်းပြသည်။ ဘုရားသခင်၏ လက်တော်ဆန့်တန်းမှုနှင့် ရှင်ဘုရင်၏ အမိန့်များကိုလည်း ပြသသည်။ ယုဒလူကြီးများက ဘဝင်ကျသဖြင့် လှိုက်လှဲစွာ ထောက်ခံ၍ လုပ်ငန်းစကြသည်။ သို့သော် နေရာတကာတွင် စုန်းပြူးရှိစမြဲ။ သမ္ဘာလတ်၊ တောဘိနှင့် ဂေရှင်တို့က လုပ်ငန်းရပ်စဲရန် ရှင်ဘုရင်ကို ပုန်ကန်ခြားနားချင်သလားဟု ပြက်ရယ်ပြုကြသည်။ နေဟမိက ကောင်းကင်ဘုံရှင် ဘုရားသခင်က ကတိတော်ပေးထားကြောင်း ရှင်းပြသည်။ စိတ်နှလုံးတစုတစည်းတည်း ဆောင်ရွက်သူများအား ဘုရားသခင်က ကောင်းကြီးမင်္ဂလာပေးပါသည် (ဆာ ၁၃၃:၁-၃)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။