ယောရှုမှတ်စာ - ၁၃
ယောရှုမှတ်စာ - ၁၃ (အနက်ဖွင့်)
၂။ ကတိတော်မြေပေါ်တွင်အခြေချခြင်း (အခန်း ၁၃–၂၄)
(က) ကတိတော်မြေပိုင်ဆိုင်ခြင်း (၁၃း၁–၁၇)
၁၃:၁–၆ ယောရှုသည် အသက်ကြီးအရွယ်ထောက်လာပြီ။ ကတိတော်ပြုထားသော နယ်မြေအား သိမ်းပိုက်ရန်လည်း ကျန်ရှိနေသေးသည်။ သိမ်းပိုက်ရမည့် နယ်မြေများသည် အနောက်တောင်နှင့် အနောက်မြောက်အရပ်မြေများဖြစ်သည် (အပိုဒ်ငယ် ၂-၆တွင် ကြည့်ပါ)။ ကတိတော်မြေသည် အရှေ့ဘက်တွင် ဥဖရတ်မြစ်ထိ ကျယ်ဝန်းသည်။ သို့သော်လည်း ပိုင်ပိုင်နိုင်နိုင်ပိုင်ဆိုင်ခြင်း မရှိကြသေး။၁၂
၁၃:၇ ယော်ဒန်မြစ်အနောက်ဘက်ကမ်း သိမ်းပိုက်နယ်မြေအား လူများ ၉ ၁/၂ မျိုးသို့ ခွဲဝေပေးရန် ဘုရားရှင်က ယောရှုသို့ညွှန်ကြားသည်။
(ခ) ကတိတော်မြေခွဲဝေကြခြင်း (၁၃:၈–၁၉:၅၁)
၁။ ရုဗင်၊ ဂဒ်နှင့်မနာရှေလူတစ်ဝက် (၁၃:၈–၃၃)
လူမျိုးနှစ်မျိုးနှင့်တစ်ဝက်တို့အား ယော်ဒန်မြစ်အရှေ့ခြမ်းတွင် နေရာထိုင်ခင်းချထားသည်။ ထိုသူမျိုးအသီးသီးတို့၏ ပိုင်မြေနယ်နိမိတ်ကို အငယ် ၈-၁၃တွင် ရှင်းပြထားသည်။ ရုဗင်လူ (ငယ်၁၅-၂၃)၊ ဂဒ်လူ (ငယ် ၂၄-၂၈) နှင့် မနာရှေလူတစ်ဝက် (ငယ် ၂၉-၃၁) တို့ဖြစ်သည်။
လေဝိလူများသည် နယ်မြေအမွေမရကြ (ငယ်၁၄)။ လေဝိတို့သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်အမျိုး ဖြစ်ကြသောကြောင့် သီးသန့်အမွေ စီရင်ထားသည်(ငယ်၃၃)။ လေဝိအမျိုးဖယ်လိုက်လျှင် တစ်ဆယ့်တစ်မျိုးသာ ရှိသော်လည်း ယောသပ်၏သားများဖြစ်ကြသော ဧဖရိမ်နှင့်မနာရှေလူတို့ကို ယောသပ်အမျိုးတွင် ထပ်မံခွဲခြားကြသောကြောင့် တစ်ဆယ့်နှစ်မျိုးပြန်ဖြစ်သည်။ ထိုသို့ထည့်သွင်းရေတွက်ရခြင်းမှာ ယာကုပ်သေခါနီးတွင် သူ့သားများအဖြစ် ကောင်းကြီးမင်္ဂလာပေးခဲ့သည် (က၄၈:၅)။
အပိုဒ်ငယ် ၂၂တွင် ယော်ဒန်ပြည်ဝင်ရောက်စဉ် ပရောဖက်ဗာလမ်ကွပ်မျက်ကြသည့် အကြောင်းကို တကူးတကရေးထားသည်။ ဘုရားသခင်၏ ပရောဖက်ဖြစ်ပါလျက် ဘုရားသခင်၏ လူများအပေါ် ပြစ်မှားခဲ့ချက်များကို ဘုရားသခင်က အမှုမဲ့အမှတ်မဲ့မနေ(တော ၂၃-၂၅ ကိုကြည့်ပါ)။ “သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည့်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍မှီလိမ့်မည်” (တော ၃၂:၂၃)။
အပိုဒ်ငယ် ၂၅တွင် စိတ်ပါဝင်စားစရာ ပြဿနာကြုံတွေ့ရသည်။ တရား၂:၁၉ တွင် မသိမ်းယူရန် တားမြစ်ထားသောမြေကို ဂဒ်လူမျိုးများက တချို့တစ်ဝက်သိမ်းယူပိုင်ဆိုင်ကြောင်း အပိုဒ်ငယ် ၂၅တွင် တွေ့ရသည်။ ဤမြေသည် အမ္မုန်လူတို့ မူလပိုင်မြေမဟုတ်။ အာမောရိဘုရင်ရှိဟုတ်ထံမှ သိမ်းပိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ဣသရေလတို့သည် ရှိဟုန်မင်းပိုင်မြေ သိမ်းယူရရှိခဲ့သည်။
အပိုဒ်ငယ် ၂၆တွင်ပါရှိသည့် ဒေဗိရသည် အခန်းကြီး ၁၂မှ ဒေဗိရမဟုတ်ပါ။ ဤမြို့သည်ယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိမြို့ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။