ယောဘ၀တ္ထု - ၅

ဘုရားသခင်၏ပြုပြင်ခြင်း
1ယခု ဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။ 2ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်း ငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။ 3မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ချင်းကျိန်ဆဲ၏။ 4သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကိုခံရသောအခါ ကယ်နုတ်သောသူ တစ်ယောက်မျှမရှိ။ 5သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံအထဲက ယူသွား၍ စားတတ်၏။ သူ၏ပစ္စည်းဥစ္စာကိုလည်း ရေငတ်သောသူသည် မျိုတတ်၏။ 6မြေမှုန့်ထဲက အမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။ 7မီးပွားတို့သည် အထက်သို့ ပျံတက်သည်နည်းတူ၊ လူသည် ဒုက္ခ၌ကျင်လည်ခြင်းငှာ မွေးဖွား၏။ 8ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
9ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍ မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဖွယ်သောအမှုတို့ကို ပြုတော်မူ၏။ 10မြေပေါ်မှာ မိုးရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။ 11ထိုသို့ နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော်မူ၏။ 12ပရိယာယ်ပြုသောသူတို့၏ အမှုကို မအောင်စေခြင်းငှာ သူတို့အကြံကို ဖျက်တော်မူ၏။ 13ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်းကို အချည်းနှီး ဖြစ်စေတော်မူ၏။ 14ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညအချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။ 15ထိုသူတို့စီရင်သော ဓားဘေးမှလည်းကောင်း၊ အားကြီးသောသူတို့၏ လက်မှလည်းကောင်း၊ ဆင်းရဲသားတို့ကို ကယ်နုတ်တော်မူ၏။ 16ထိုသို့ ဆင်းရဲသားတို့သည် မျှော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
17အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေးတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။ 18ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။ 19သင့်ကို အမှုခြောက်ပါးထဲက နုတ်ယူတော်မူသည် သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစ်စုံတစ်ခုမျှ မထိမခိုက်ရ။ 20အစာခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားဘေးမှလည်းကောင်း၊ သင့်ကို ရွေးနုတ်တော်မူလိမ့်မည်။ 21သင်သည် ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေး ရောက်သော်လည်း မကြောက်ရ။ 22ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။ 23အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိတ်သဟာယဖွဲ့ကြလိမ့်မည်။ 24သင်သည် ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်း မရှိရ။ 25သင်၌ သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။ 26အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ 27ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်းထားပါဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၅ (အနက်ဖွင့်)

၅:၁-ရ ဧလိဖတ်က ယောဘအားစိမ်ခေါ်လိုက်သည်။ လူဖြစ်စေ ကောင်းကင်သားဖြစ်စေ အပြစ်၏ နောက်တွင် အပြစ်စီရင်ခြင်းက လိုက်ပါရစမြဲဖြစ်သည်။ ဧလိဖတ်ကိုယ်တိုင်သည်လည်း ဆိုးညစ်ခြင်းနှင့်အပြစ်တရားစီရင်ခြင်းအကြားတွင်ရပ်တည်နေကြာင်း ဝန်ခံသည်။ ဘေးဒုက္ခဟုသည် အကြောင်းမရှိဘဲ မပေါ်ပေါက်နိုင်။ အကြောင်းရှိလျှင် အကျိုးရှိသည် အကြောင်းမရှိဘဲနှင့် အကျိုးမပေါ်ပေါက်နိုင်၊ လူသည် အပြစ်သားဖြစ်သည်။ မီးပွားသည် အပေါ်သို့ပြန်တက်နိုင်သည်နည်းတူ လူသည်လည်း အပြစ်၏အကျိုးဆက် အဖြစ်ဆင်းရဲဒုက္ခရောက်ကြသည်။

၅:၈-၁၆ သို့ကြောင့် ထာဝရဘုရားသခင်ကို ရှာဖွေ၍ မိမိ ကိုယ်ကို ဝန်ခံရမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညာနှင့်ပြည်စုံပြီးဘုန်းတန်ခိုးပြည့်ဝ၍ သတ္တလောက ဩကာသ လောကတစ်ခုလုံး ထိန်းချုပ်နိုင်စွမ်းရှိသည်။ အငယ် ၁၃ ကို ကိုးကား၍ ရှင်ပေါလုက ၁ ကော ၃:၁၉ တွင် “လောကီပညာသည် ဘုရားသခင်ရှေ့တွင် မိုက်မဲခြင်း” ဟုဆိုသည်။


ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။