ယောဘ၀တ္ထု - ၄

ဧလိဖတ်မြွက်ဆိုခြင်း
1ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊ 2ငါတို့သည် သင်နှင့်နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။ 3သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။ 4သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲ့သောဒူးတို့ကိုလည်း တည့်စေပြီ။ 5ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသောကြောင့် မိန်းမောတွေဝေလျက် နေ၏။ 6သင်၏ ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မျှော်လင့်သောသဘော၊ တည်ကြည်သောသဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။ 7အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။ 8ငါသိမြင်သည်အတိုင်း၊ မတရားသောလယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။ 9ဘုရားသခင် မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည်ပျက်စီး၍၊ ရှူတော်မူသော အသက်ဖြင့်လည်း ဆုံးရှုံးရကြ၏။ 10ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။ 11ဖမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသောခြင်္သေ့သည် သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
12တစ်ရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကိုရ၍ တိုးသောအသံကို ကြားရ၏။ 13လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံ ထင်ရှားရာကာလ ညအချိန်၌ ငါအောက်မေ့စဉ်တွင်၊ 14ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါအလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။ 15ဝိညာဉ်တစ်ပါးသည် ငါ့ရှေ့၌ ကန့်လန့်လျှောက်သွား၍၊ ငါသည် ကြက်သီးမွေးညင်း ထလေ၏။ 16ထိုဝိညာဉ်သည် ရပ်နေ၍၊ ပုံသဏ္ဌာန်လည်း သေချာစွာမထင်မရှား အရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသောအသံရှိ၍ ငါကြားသောစကားသံ ဟူမူကား၊ 17သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်းတော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်းရှိရသလော။ 18အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။ 19သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင်နေတတ်သော သူတို့ကို အဘယ်ဆိုဖွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။ 20တစ်နေ့ချင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှ ပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။ 21သူတို့၏ဂုဏ်အသရေ ကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။

ယောဘ၀တ္ထု - ၄ (အနက်ဖွင့်)

၂။ ဧလိဖတ်၏ပထမားစကား (အခန်း၄၊၅)

အခန်း ၄ သည် ယောဘမိတ်ဆွေများ၏ စကားနှင့်ယောဘ၏ တုန့်ပြန်စကားများဖြစ်သည်။ထိုပြောစကားများကို Ridout ကဤသို့အတိုချုံးရှင်းပြထားသည်။

ယောဘမိတ်ဆွေ ၃ ဦး၏စကားသည် စည်းလုံးမှုရှိ၍ ယောဘ၏သဘောထားနှင့်ဆန့်ကျင်ကြသည်။ လူ့ကံကြမ္မာအတိုင်း အနာရောဂါရရှိခြင်းဖြစ်သည်။ ဘုရားသခင် ချစ်ခြင်းမေတ္တာထက် အပြစ်စီရင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း အလိုတော်တွင်မှု ဆက်စပ်နေသည်။ မည်သို့ဖြစ်စေ ဆင်းရဲဒုက္ခဝေဒနာသည် ဖြောင့်မတ်သူ အပေါ်တွင်ဖြစ်စေ မတရားသူအပေါ်တွင်ဖြစ် စေကျရောက်နိုင်သည် ဟုသင်ခန်းစာယူနိုင်သည်။၁၀

အခန်း ၄ နှင် ၅ တွင် ဧလိဖတ်၏စကားတွေ့ရသည်။ ဧလိဖတ်၏အဓိပ္ပါယ်မှာ ဘုရားသခင်သည် ငါ့ခွန်အား သို့မဟုတ် ဘုရားသခင်သည် ရွှေစင်ဖြစ်သည်။ နာမဗေဒအင်္ဂါရပ်အရ ဘုရားသခင်၏ ကြီးမြတ်ခြင်းကို တွေ့မြင်ရသူ ထင်မြင်ရသော်လည်း ကံ အကြောင်းမလှ ဘုရားတရားမသိသူဖြစ်နေသည်။ သူ့စကားများသည် ကြမ်းတမ်းသထက်ကြမ်းတမ်း၍ ဆိုးရွှားသထက်ဆိုးရွှားလာသည်။ ယောဘမိတ်ဆွေများ၏ စကားသည် နိမ့်သထက်နိမ့်ဆင်းသော်လည်း ယောဘသည် ဘုရားသခင်ဘက် ကောင်းသထက်ကောင်းလာကြောင်းတွေ့ရသည်။ အမှန်တကယ်နှိမ့်ချစွာဖြင်ဘုရားသခင်ကို လက်ခံယုံကြည်သူဖြစ်သည်။

၄:၁-၁၁ ဧလိဖတ်စကားသည် ထိမိသည်။ “သင်သည်အခြားသူများကို ကူညီမစသည်။ (ချိနဲ့သောဒူးကို ထောက်မပြီ (ငယ် ၄) James Mpffatt) သို့သော်လည်း မိမိကိုယ်ကို မကယ်တင်နိုင်ပါလား) ဟုဆိုသည်။ (သခင်ခရစ်တော်သည်လမ်း လက်ဝါးကပ်တိုင် ပေါ်တွင် ထိုစကားဖြင့် စော်ကားခြင်းကို ခံရသည်။ သူများကို ကယ်တင်နိုင်သော်လည်း မိမိကိုယ်ကို မကယ်တင်နိုင် တနည်းအားဖြင့် မိမိကိုယ်ကို မကယ်တင်နိုင်ဘဲနှင့်အခြားသူများကို တကယ်ကယ်တင်နိုင်မလားဟုအနက်ရသည်)။

၄:၁၂-၂၁ ဧလိဖတ်က တိတ်ဆိတ်စွာရရှိသော ဗျာဒိတ်တော်ကို ယောဘသို့ပြောပြသည်။ ဝိညာဉ်တပါးက ဧလိဖတ်အား “သေတတ်သောသူသည် ဘုရားသခင်ရှေ့မှာသန့်ရှင်းခြင်းရှိသလော့” ဟုဆိုသည် (ငယ် ၇)။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ စကားအားတုန့်ပြန်နိုင်စွမ်းမရှိ။ လူ၏ဆင်းရဲဒုက္ခခံစားခြင်းသည် ဘုရားသခင်နှင့်မသက်ဆိုင်။ ကိုယ့်အပြစ်ကြောင့် ခံရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် အတိုင်းအဆမရှိဖြောင့်မတ်သူဖြစ်၍ လူသားများအပေါ် ကရုမစိုက်အား။ သို့ကြောင့် ကောင်းကင်တမန်များသည်လည်း အမှားအယွင်းပြုလုပ်ကြသည်။ ထိုစကားသည် အဘယ်မျှတရားလက်လွတ်သနည်း။ လူ့ဘဝကို ခြပိုးပမာ သတ်မှတ်ရာရောက်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။