ယောဘ၀တ္ထု - ၆

တရားသောညည်းတွားခြင်း
1တစ်ဖန် ယောဘမြွက်ဆိုသည်ကား၊ 2ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသော ဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။ 3သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။ 4အနန္တတန်ခိုးရှင် ပစ်တော်မူသော မြားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကို မွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဖွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။ 5တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည် စားစရာရှိသောအခါ အော်တတ်သလော။ 6မမြိန်သောအရာကို ဆားမပါဘဲ စားနိုင်သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။ 7လက်နှင့်မျှ မတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
8ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင် ပေးသနားတော်မူပါစေ။ 9တောင့်တသောအရာ ဟူမူကား၊ ဘုရားသခင်သည် ငါ့ကို ဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကို ဆုံးစေတော်မူပါစေ။ 10ထိုသို့ဖြစ်လျှင် ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကို နှမြောတော်မမူပါစေနှင့်။ သန့်ရှင်းတော်မူသောသူ၏ စကားတော်ကို ငါမငြင်းမဆန်ပြီ။ 11ငါမျှော်လင့်စရာအခွင့် ရှိရမည်အကြောင်း၊ ငါ့ခွန်အားကား အဘယ်သို့နည်း။ ငါသည် ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။ 12ငါ့ခွန်အားသည် ကျောက်ခွန်အား ဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။ 13ငါသည် ကိုယ်ကိုမ မစနိုင်။ ငါ့ဉာဏ်လည်း ကုန်ပြီ။
14ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။ 15ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ ရွေ့သွားကွယ်ပျောက် တတ်ကြ၏။ 16ထိုချောင်းရေသည် ရေခဲကြောင့်လည်းကောင်း၊ မထင်ရှားသော မိုးပွင့်ကြောင့်လည်းကောင်း၊ 17အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်းခြောက်တတ်၏။ 18ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။ 19တေမန်အမျိုးသား အစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူ အစုအဝေးတို့သည် မျှော်လင့်လျက် လာကြ၏။ 20မျှော်လင့်၍ စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။ 21ထိုအတူ သင်တို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။ 22ငါ့ထံသို့ လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။ 23ရန်သူလက်မှ ငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှရွေးနုတ်ကြပါဟု ငါပြောသလော။ 24ငါ့ကို ဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဖော်ပြကြပါ။ 25မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာ နေရာကျသနည်း။ 26ငါစကားပြောရုံကာမျှကို အပြစ်တင်မည် ကြံစည်ကြသလော။ မျှော်လင့်စရာမရှိသောသူ ပြောသောစကားသည် လေသက်သက်ဖြစ်၏။ 27အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဖို့ တွင်းကိုတူးကြ၏။ 28ငါ့ကိုစိတ်မရှိဘဲ ကြည့်ရှုကြပါလော့။ သင်တို့ရှေ့မှာ ငါလှည့်စားသလော။ 29ပြန်၍ ဆင်ခြင်ကြပါ။ မတရားသဖြင့် မပြုကြပါနှင့်။ ပြန်၍ ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ်ပါ၏။ 30ငါ့လျှာ၌ ကောက်သောသဘော ရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။

ယောဘ၀တ္ထု - ၆ (အနက်ဖွင့်)

၃။ ယောဘ၏တုန့်ပြန်စကား (အခန်း ၆၊၇)

၆:၁-၁၃ ယောဘက သူ့စကားလွန်ကြောင်း ဝန်ခံသည်။ သို့သော် အကျိုးအကြောင်းခိုင်လုံသည်။ သူ့ခံစားရသော ဆင်းရဲဒုက္ခသည် သောင်ပြင်ထက် ကြီးလေးသည်။ တန်ခိုးတော်ဖြင့်ပစ်သော မြှားဆိပ်တို့သည် တစ်ကိုယ်လုံးတွင် ပျံ့နှံ့သည်။ အမင်္ဂလာ ပေါင်းစုံ ကျရောက်သည် မှတ်သော်လည်း ယောဘသည် ထိုဒုက္ခသံသရာထဲမှ မင်္ဂလာစကားများကိုစာဖတ်ပရိတ်သတ်ထံသို့ ပို့ပေးနိုင်သည်။ အကျိုးအကြောင်းမခိုင်လုံဘဲ လျှာရှည်လေဖောခြင်းမဟုတ် အကောင်းမမြင်သဖြင် မြည်တွန်တောက်တီးခြင်း မဟုတ်ပါ။ တိရစ္ဆာန်များ မြည်တမ်းခြင်းမပြုခြင်းထက် နာသည်။  ဆင်းရဲဒုက္ခများ၏နောက်ဆက်တွဲသည် ငိုကြွေးခြင်းမျက်ရည်ဖြစ်သည်။ ယောဘသည် အနာရောဂါနောက်တွင် အော်မြည်နေရသည်။ သူ့တွင် အနာဂတ်မျှော်လင့်စရာမရှိ။ အသက်ရှင်ရန်အားအင်နတ္ထိ။ အသက်ရှင်လျှင်လည်း ဆန်ကုန်မြေလေးဖြစ်သည်။

၆:၁၄-၂၃ ယောဘက သူ့မိတ်ဆွေများ (ညီအကိုတို့ဟုခေါ်သည်) အားလိုချင်သည့် ပုံစံအတိုင်း မရှိကြသောအခါ စိတ်ပျက်မိသည်။ ယခုဖြင့်ယခု ကွယ်ပျောက်တတ်သော ရေစီးချောင်းနှင့် နှိုင်းလိုက်သည်။ သူ့ကိုကူညီမစရန် အကူအညီမတောင်း နားပူနားဆာ မလုပ်သော်လည်း သူ့အားအပြစ်မြင်နေကြပြီ။

၆:၂၄-၃၀- ဧလိဖတ်က လျှို့ဝှက်သော အပြစ်ရှိသည်ဟု စွပ်စွဲသည်။ ယောဘသည် စိတ်ဆိုးခြင်းမရှိ အကျိုးအကြောင့်နှင့် ဆင်ခြင်၍တုံ့ပြန်သည်။ သူ့အပြစ်များကို လက်ညှိုးထိုးပြစေချင်သည်။ ပြောမှားဆိုမှားများကို ထောက်ပြစေချင်သည်။ အငယ် ၂၇ သည် သူ့သူငယ်ချင်းအား တုံ့ပြန်ထိုးစစ်ဆင်ခြင်းဖြစ်သည်။ သူ့မိတ်ဆွေများသည် ယောဘ၏ ငယ်ကျိုးငယ်နာမှစပြီးအူမချေးခါးအထိ သိရှိနေကြသူများဖြစ်ဟန်တူသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။