ယောဘ၀တ္ထု - ၄၀

1တစ်ဖန် ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသောသူသည် ဆန့်ကျင်ဘက်ပြုဦးမည်လော။ 2ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြောစေတော့ဟု ယောဘအားမိန့်တော်မူလျှင်၊
ယောဘ၏တုံ့ပြန်ချက်
3ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။ 4ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။ 5တစ်ကြိမ် ပြောမိပါပြီ။ တစ်ဖန် မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍လျှောက်လေ၏။
ဘုရားသခင်၏စိန်ခေါ်ချက်
6တစ်ဖန် ထာဝရဘုရားသည် မိုးသက်မုန်တိုင်းထဲက ယောဘအား မိန့်တော်မူသည်ကား၊ 7လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။ 8သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန် ရှိစေခြင်းငှာ၊ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။ 9သင်သည် ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သောအသံနှင့် မိုးချုန်းနိုင်သလော။ 10ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သောဂုဏ်အသရေနှင့် တန်ဆာဆင်လော့။ 11သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။ 12မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊ 13သူတို့ကိုမြေမှုန့်၌ တစ်စုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။ 14သို့ပြုလျှင် သင်၏လက်ယာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
15သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်မြင်းကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကိုစားတတ်၏။ 16သူ၏တန်ခိုးသည် ခါး၌လည်းကောင်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌လည်းကောင်း တည်လျက်ရှိ၏။ 17သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။ 18အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီးတို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။ 19ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကိုပေးပြီ။ 20မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုးသည် သူ၏ကျက်စားရာအရပ် ဖြစ်၏။ 21အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံပုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။ 22ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်းနားမိုးမခပင်တို့သည် ဝိုင်းကြ၏။ 23မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။ 24ထိုမြင်းကို ထင်ရှားစွာဖမ်းယူမည်လော။ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော။

ယောဘ၀တ္ထု - ၄၀ (အနက်ဖွင့်)

၄ဝး၁-၂ ဘုရားသခင်က ယောဘအား အပြစ်တင်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်များအပြစ် ရှာခြင်းမပြုရန်တားမြစ်သည်။ အကယ်၍ပညာတရားနှင့်ပြည့်စုံ၍ အစွမ်းအစပြည့်ဝလျှင် ဘုရားသခင်က သူကိုယ်ခန္ဓာပေါ်တွင် အနာရောဂါကျရောက်စေ သည့်အကြောင်း နားလည်လာလိမ့်မည်ဟု ဆိုသည်။

(ခ) ယောဘ၏တုန့်ပြန်စကား (၄ဝး၃-၅)

၄ဝး၃-၅ ဘုရားသခင်က ယောဘအား အပြစ်ဝန်ခံခိုင်းသည်။ အသိဥာဏ်ကင်း မဲ့ကြောင်းနှင့် ဘုရားသခင်အား အပြစ်ရှာခြင်း ဝန်ခံခိုင်းသည်။ ယောဘသည်လည်း ကျေနပ်စွာဝန်ခံသည်။ “အကျွန်ုပ်သည် ဆိုးပါသည်။ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ ကိုယ်နှုတ်ကို ကိုယ့်လက်နှင့် ပိတ်ပါမည် တကြိမ်ပြောမိပြီး နောက်တစ်ခါမပြောတော့ပါ” ဟုကတိပေးလိုက်သည်။ ယောဘသည် ဘုရားသခင်၏ စကားတော်ကို နားလည်သဘောပေါက်သောကြောင့် နောက်တဖန် လျှာမရှည်ဝံ့။ မြည်တွန်တောက်တီးမပြောဝံ့တော့ပါ။ နှုတ်ဆိတ်သွားသည်။

(ဂ) ဒုတိယမ္မိ စိန်ခေါ်ခြင်း (၄ဝး၆-၄၁:၃၄)


၄ဝး၆-၁၄ ယောဘက နောင်တရပါပြီ မှားမိပါသည်ဟု ဝန်ခံပြီးသောအခါ ဘုရားသခင်သည် မိုးသက်မုန်တိုင်းထဲက အသံဖြင့် ယောဘအား ဆက်လက်စိန်ခေါ်သည်။ သူသားကဲ့သို့ သဘောထားတုန့်ပြန်ခိုင်းသည် ။ ယောဘက ဘုရားသခင် မတရားအကြောင်း အမျိုးမျိုးစွပ်စွဲပြီး သူ့ကိုသူဖြောင့်မတ်မှန်ကန် သူဟု ခံယူသည်။ ထိုအသံများကို ဘုရားရှင်ကြားသိပြီးသောအခါ မိုးကြိုးကဲ့သို့ ပြင်းထန်သောစကား ဖြင့်ယောဘကို စိန်ခေါ်သည် ။ ဘုရားကဲ့သို့ လက်ရုံးရည် နှလုံးရည် ရှိသလော။ ထူးဆန်းသောတန်ခိုးအာနုဘော်ရှိသလော။ မိုးကြိုးကဲ့သို့ ထက်သလော။ ဂုဏ်အသရေရှိသလော။ မာနထောင်လွှားမှုကို ဝန်ခံ၍ အောက်ကျို့နှိမ်ချသလော။ အကယ်၍ ဤအချက်အလက်များကို လိုက်နာဆောင်ရွက်နိုင်လျှင် ယောဘ အရည်အချင်းများကို ဘုရားသခင်က ယုံကြည်အသိအမှတ်ပြုလိုက်မည်။

(၂) ဗေဟမုတ်မြင်းကိုကြည့်ခိုင်းခြင်း (၄ဝး၁၅-၂၄)


ဗေဟမုတ်ဆိုသည်မှာ ဟေဗြဲဘာသာစကားတွင် အများသူငါနေ့စဉ်သုံးစကားဖြစ်၍ ကျွဲနွားတိရစ္ဆာန်ကိုဆိုလိုသည်။ ဗဟုကိန်း (behemah) ဖြစ်၍ အဟိတ်တိရစ္ဆာများကို သိမ်းကြုံးခေါ်ဆိုခြင်းဖြစ်သည်။ Meredith Kline က ဤသို့ရှင်းပြသည်။

ဗေဟမုတ်သည် ဘုရားသခင်အမြင်တွင် အကြီးမြတ်ဆုံးသတ္တဝါဖြစ်သည်။ ထိုသတ္တဝါကို နိုင်သော သူသည် ထိုအရာကိုဖန်ဆင်းရှင်တပါးတည်းသာရှိသည် (ငယ် ၁၉)။ ထိုနည်းတူပင် ရေသတ္တဝါတွင်လည်း လေဝိသန်ငါးသည် အကြီးဆုံးဖြစ်သည်( ၄၁း ၃၃-၃၄)။၃၇

အဟိတ်ရစ္ဆာန်လောကတွင် ဗေဟမုတ်သတ္တဝါ အကြီးဆုံးဟု ဘုရားသခင်သတ်မှတ်သည်။ ထိုအကြောင်းကို လူ့အသိဉာဏ်ဖြင့် အတည်ပြုနားမလည် နိုင်သော်လည်း အရွက်စား ကုန်းတစ်ပိုင်းရေတပိုင်းသတ္တဝါဖြစ်သည်။ ခွန်အားအကြီးဆုံးသတ္တဝါဖြစ်သည် ဟုသိရှိရသည်။ စိမ့်စမ်းမြေ အရိပ်ထူသောနေရာတွင် ခိုအောင်းလေ့ရှိပြီး လွယ်လင့်တကူ မတွေ့မြင်နိုင်။ ယောဘသည် ထိုသတ္တဝါကိုမျှ မစိုးမိုးနိုင်လျှင် ကမ္ဘာလောကကြီးကို မည်သို့ ပိုင်စိုးနိုင်မည် နည်းဟုမေးခြင်းဖြစ်သည်။

ဗေဟမုတ်ကို တခါတရံ ကြံ့သတ္တဝါ၃၈ နှင့် ခိုင်းနှိုင်းပြီး ပြင်သစ်ဓမ္မဆရာကြီး Louis Segond အပါအဝင် အချို့ကျမ်းစာဆရာကြီးများက ကျမ်းစာသားပါအတိုင်း ကောက်ယူကြသည်။ သို့သော်ဘုရားသခင်အမြင်တွင် ကြံ့သတ္တဝါကဲ့သို့မဟုတ်သည်မှာ သေချာသည်။ ဆင် (သို့) မျိုးတုံးသွားပြီဖြစ်သော အမွေးရှည်ဆင်မျိုးဟုယူဆရသည်။ အချို့က ရေမြင်းနှင့်တူသည်ဟု ဆိုကြသည်။ ရေမြင်း၏အမြီးသည် အာရဇ်ပင်နှင့် မတူပြန်။

ခရစ်ယာန်သိပ္ပံပညာရှင်များက ဗေဟမုတ်သည် ထူးခြားသော သတ္တဝါတမျိုးဖြစ်ရမည်။ အာဖရိက တော်ကြီးမျက်မည်းထဲတွင် ခိုအောင်းတတ်သောသတ္တဝါဖြစ်မည်ဟုဆိုသည်။ ယခုကာလတွင် မတွေ့မြင်ရ တော့သော တွားသွားဒိုင်နိုဆောကဲ့သို့ သတ္တဝါမျိုးဖြစ်ရမည်ဟု ဆိုကြသည်။၅၉ တချို့က အမျိုးတုန်းသွားသော သတ္တဝါဟုဆိုကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။