ယောဘ၀တ္ထု - ၄၁

1လဝိသန်ကို ငါးမျှားနှင့်ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။ ဆာ၊ ၇၄:၁၄၊ ၁၀၄:၂၆၊ ဟေရှာ၊ ၂၇:၁။ 2သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌ သံကွင်းလျှိုမည်လော။ 3သူသည် သင့်ကိုများစွာ တောင်းပန်လိမ့်မည်လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။ 4သင်နှင့် ဝန်ခံခြင်းပဋိညာဉ်ကို ပြုလိမ့်မည်လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှာ သူ့ကိုခန့်ထားမည်လော။ 5ငှက်နှင့်ကစားသကဲ့သို့ သူနှင့် ကစားမည်လော။ သင်၏မိန်းမကလေးတို့အဖို့ သူ့ကို ချည်နှောင်မည်လော။ 6သင်၏အပေါင်းအဖော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။ 7သူ၏အရေကို မှိန်းနှင့်လည်းကောင်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်လည်းကောင်း၊ အနှံ့အပြား ထိုးဖောက်နိုင်သလော။ 8သူ့အပေါ်မှာ လက်တင်ရုံမျှသာပြုပါ။ သူ့ကိုတိုက်မည်အကြံကို နောက်တစ်ဖန် မအောက်မေ့ရ။ 9တိုက်သောသူသည် နိုင်မည်ဟု အချည်းနှီးထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။ 10သူ့ကိုနှိုးဆော်ခြင်းငှာ အဘယ်သူမျှ မရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ 11ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဖူးသနည်း။ မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။ရော၊ ၁၁:၃၅။
12လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သောတန်ဆာတို့ကို ငါသည် ဝှက်၍မထား။ 13သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည်နည်း။ 14သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဖွယ်ဖြစ်ကြ၏။ 15လုံခြုံစွာတံဆိပ်ခတ်သကဲ့သို့ တစ်ချပ်နှင့်တစ်ချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။ 16လေမျှမဝင်နိုင်အောင် တစ်ချပ်နှင့်တစ်ချပ် ပူးကပ်လျက်ရှိကြ၏။ 17တစ်ချပ်နှင့်တစ်ချပ် မခွာနိုင်အောင် တစ်ခဲနက်ယှက်တင်လျက်ရှိကြ၏။ 18သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။ 19ပါးစပ်ထဲက မီးရှူးထွက်၍ မီးပွားတို့လည်း လွင့်ကြ၏။ 20ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ်၏။ 21အသက်ရှူသောအခါ မီးခဲတောက်၍ ပါးစပ်ထဲက မီးလျှံထွက်တတ်၏။ 22လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။ 23အသားအကြောတို့သည် တစ်ခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။ 24နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ်ဆုံကျောက်ကဲ့သို့ မာ၏။ 25သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။ 26သူ့ကိုတိုက်လျှင် ဓားမခိုင်တတ်။ လှံ၊ မြား၊ သံချပ်မခိုင်တတ်။ 27သံကို ကောက်ရိုးကဲ့သို့လည်းကောင်း၊ ကြေးဝါကို သစ်ဆွေးကဲ့သို့လည်းကောင်း မှတ်တတ်၏။ 28လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲနှင့်ပစ်သော ကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။ 29တုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။ 30သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများ ရှိ၏။ ရွှံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။ 31အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဖယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။ 32သူလွန်သွားသောလမ်းသည် ထွန်းတောက်သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။ 33မြေပေါ်မှာ သူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ်၏။ 34ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြုတတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။

ယောဘ၀တ္ထု - ၄၁ (အနက်ဖွင့်)

(၃) လေဝိသန်ငါးကိုကြည့်ခိုင်းခြင်း အခန်၄၁

ဘုရားသခင်သည် ယောဘ၏ ဆင်ခြေဆင်လက်များကို တည့်တိုးအဖြေမပေးပါ။ “သင့်ထက်အဆ ပေါင်းများစွာ တန်ခိုးကြီး၍ အမှုလက္ခဏာပြုနိုင်သောသူ၏ ဉာဏ်ပညာမြင့်မားပုံနှင့် ချစ်ခြင်းမေတ္တာသည် ကျပ်ပြန့်ပုံကို သိရှိဝန်ခံစေရမည်” ဟုဆိုသည်။

၄၁:၁-၉ ဘုရားသခင်၏ ဖန်ဆင်းထားသော သတ္တဝါများတွင် အများနှင့်မတူ တမူထူးခြားသောသတ္တဝါမှာ လေဝိသန်ငါးဖြစ်သည်။ ထိုငါး အကြောင်းကို ယောဘ အဘယ်မျှ သိရှိသနည်း။ ဘုရားသခင်က သိစေချင်သည်။ “လက်နှင့်ထိရုံမျှထိကြည့်ပါ။ နောက်တဖန်ရန်ပြုစရာ အကြောင်းရှိတော့မည်မဟုတ်”(ငယ် ၈ TEV)။ လေဝိသန်ငါးဆိုသည်မှာ ရှေးဦးခါနန်စာပေများတွင် တွေ့ရသော “ဦးခေါင်းခုနှစ်လုံးရှိသည့် ပင်လယ်နဂါးဖြစ်သည်”။ Anderson က “ဝေလိသန်ငါးသည် ဒဏ္ဠာရီပုံပြင်ထဲက ရေသတ္တဝါမဟုတ်”၄၀ ဟုဆိုသည်။

အင်္ဂလိပ်စကားလုံးတွင် အသုံးနေသော Thursday, January နှင့် Hell များသည်လည်း ဗာဟိရဝါဒီမှ ယူဆောင်လာခြင်းဖြစ်သည်။ မူရင်းစာပေတွင် အမှန်တကယ်ရှိသည် ဟုမယုံကြည်ကြ။ ယနေ့ခေတ်ကာလ တွင်ထိုသတ္တဝါရှိခဲ့သည်ဟု အတည်ပြုနိုင်သော်လည်း ဘုရားသခင်က ယောဘအား စိမ်ခေါ်ခြင်းဖြစ်သောကြောင့် မရှိတန်ရာဟု မဆိုနိုင်ပါ။ ယနေ့ကာလတွင် မြင်တွေ့နိုင်သော နိုင်းလ်မြစ်၀ှမ်းဒေသရှိ မိကျောင်းမျိုးနှင့် ဆင်တူယိုးမှားဖြစ်နိုင်သည်။


၄ဝး၁၀-၁၁ ဘုရားရှင်က မေးခွန်းအလေးအနက်ထုတ်သည်။ ဘုရားသခင်ဖန်ဆင်းထားသော ထိုသတ္တဝါရှေ့မှာ ရပ်တည်နိုင်စွမ်းမရှိကြလျှင် ထိုသတ္တဝါကို ဖန်ဆင်းသော အရှင်သခင်ရှေ့တွင် မည်သည့် လူသားရပ်တည်နိုင်စွမ်းရှိသနည်း။ အပြင်ပန်းသဏ္ဠာန် ခွန်အားဗလသာ သူ့ကိုမနိုင်လျှင် နှလုံးရည် အတွင်းခွန်အားနှင့်ပြည့်ဝသော အရှင်သခင်ကို မည်သို့ပြိုင့် ဝံ့မည်နည်း။ထိုအကြောင်းကို Kline ကဤသို့ဆိုသည်။

ကျမ်းချက်၏အဓိကအချက်ဖြစ်သည်။ ယောဘသည်သူ့ အစွမ်းအစမပြည့်စုံမှုကို သဘောပေါက်သွားသည်။ ဖန်ဆင်းထားသောသတ္တဝါကို မအောင်မြင်လျှင် ထိုသတ္တဝါဖန်ဆင်းရှင်ကို မော်ကြည့်ဖို့ရန် မထိုက်တန်။၄၁


ဤကျမ်းချက်တွင် ဒိုင်နိုဆော်နှင့် တောရိုင်းတိရစ္ဆာန်များ၏ ခွန်အားဗလကြီးမားပုံနှင့် ကြောက်မတ်ဖွယ်ရာကောင်းပုံများကို ဘုရားသခင်ကိုယ်တိုင် ထုတ်ဖော်ရှင်းပြခဲ့သည်။ ထိုသတ္တဝါများအားလုံးသည် ဘုရားသခင်၏လက်ရာတော်များဖြစ်သည်။ ခွန်အားဗလကြီးထွားကြ သည်။ ထိုသို့သော ကြောက်မတ်ဖွယ်သတ္တဝါများ ကုန်းမှာ ဗေဟမုတ်၊ ရေမှာလေဝိသန် ရှိကြသကဲ့သို့ လူများကို ဘေးရန်မပြုနိုင်သော သမင်ဒရယ်များနှင့် တွားသွားသတ္တဝါငယ်များလည်း ရှိသည်။ ဘုရားသခင်၏လက်ရာတော် ဘုန်းတန်ခိုး ဉာဏ်ပညာတော်များသည် လူ့အသိစိတ်ဖြင့် လိုက်မမှိအောင် ကြီးမားလွန်းသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။