ယောဘ၀တ္ထု - ၃၉

1သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဖွားခြင်းဝေဒနာ ခံရသောအချိန်ကို မှတ်နိုင်သလော။ 2ကိုယ်ဝန်ဆောင်ရသော နေ့လတို့ကိုရေတွက်၍၊ ဖွားရသော အချိန်ကာလကို သိသလော။ 3သူတို့သည် ကျောကိုင်း၍ သားငယ်ကိုမွေးဖွားသဖြင့် ဝေဒနာငြိမ်းကြ၏။ 4သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွားတတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။ 5တောမြည်းကို အဆီးအတားမရှိစေခြင်းငှာ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။ 6တောကို သူ့အိမ်ဖို့လည်းကောင်း၊ လွင်ပြင်ကို သူ့နေရာဖို့လည်းကောင်း ငါခန့်ထားပြီ။ 7မြို့၌ဖြစ်သော လူတို့၏အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူ အော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။ 8တောင်ရိုး၌ ကျက်စား၍၊ စိမ်းသောအပင် အမျိုးမျိုးကို ရှာတတ်၏။
9ကြံ့သည် သင်၏အမှုကို ဆောင်ရွက်၍၊ သင်၏တင်းကုပ်၌ နေခြင်းငှာ အလိုရှိလိမ့်မည်လော။ 10ကြံ့ကို ထွန်ကြောင်းသို့ လိုက်စေခြင်းငှာ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ် သင့်နောက်သို့လိုက်၍ ချိုင့်၌ လယ်ထွန်လိမ့်မည်လော။ 11ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည်လော။ သင်လုပ်ရသောအလုပ်ကို သူ၌အပ်မည်လော။ 12သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
13ကုလားအုတ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။ 14သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။ 15သူ့ခြေသည် အဥတို့ကိုနင်းမိမည်၊ သားရဲခွဲလိမ့်မည်ဟု မစိုးရိမ်။ 16သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာပြုတတ်၏။ စိုးရိမ်ခြင်း မရှိ။ သားဖွားခြင်းဝေဒနာကို အချည်းနှီးခံတတ်၏။ 17အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့စေခြင်းငှာ ဖန်ဆင်းတော်မူ၏။ ဉာဏ်ကို ပေးတော်မမူ။ 18သို့သော်လည်း ကိုယ်ကိုချီကြွသောအခါ၊ မြင်းနှင့် မြင်းစီးသောသူကိုပင် ရယ်တတ်၏။ 19သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုးကြိုးလက္ခဏာကို သွင်းသလော။ 20ကျိုင်းကောင်ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဖွယ်ဖြစ်၏။ 21လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကိုတွေ့အံ့သောငှာ သွားတတ်၏။ 22ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက်လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ဓားဘေးကို မရှောင်တတ်။ 23သူ့တစ်ဖက်၌ မြားတောင့်လှုပ်သံမြည်၍၊ လှံနှင့်ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။ 24မာနကြီး၍ ပြင်းထန်သောစိတ်နှင့် မြေကိုမျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာမနေနိုင်။ 25တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟု ဆိုတတ်၏။ ဗိုလ်ခြေအော်ဟစ်၍ အသံဗလံပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
26သင်ပေးသောဉာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကိုဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ်သလော။ 27သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။ 28သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။ 29ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။ 30သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။

ယောဘ၀တ္ထု - ၃၉ (အနက်ဖွင့်)

၃၉:၁-၈ ကျေးဌက်တို့၏ အသက်ရှင်ပုံ၊ တောင်ဆိတ်တို့၏ သားမွေးပုံ၊ ဆက်သမင်တို့၏ ဘဝကျင်လည်ပုံ မည်သူမှ အသေအချာမသိကြသော်လည်း ဘုရားသခင်အကုန်သိသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းသောလက်ရာများဖြစ်သည်။ တောမြင်းရိုင်းများကို အပြေးသန်အောင်မည်သူလေ့ကျင့်ပေးသနည်။ ထိုတော တိရစ္ဆာန်များသည် မြို့ပြ လူတန်းစား၏အသံဗလံ ဆူညံမှုကို မနှစ်သက် တိတ်ဆိတ်ငြိမ်သက်ခြင်းကို ကြိုက်ကြသည်။ မြက်ခင်းလွင်ပြင်နှင့် စိမ်းလန်းသောတောင်ကုန်းတောင်တန်းများတွင် မွေ့လျော်ကြသည်။ မည်သူက စီမံခန့်ခွဲပေးသနည်။

၃၉:၉-၁၈ တောနွားရိုင်းကို ထွန်ယက်စိုက်ပျိုးဖို့ လှည်းဆွဲဖို့ခိုင်းနိုင်ပါသလား။ ဌက်ကုလားအုပ်၏ တောင်ပံ အရေးကြီးပုံကို သိသလား။ ဌက်ကုလားအုပ်သည် ရောက်လေရာမှာ ပြွက်ကနဲဥချထားပစ်၍ မိုက်မဲသည်ဟု ဆိုနိုင်သော်လည်း၊  အပြေးတွင်မြင်းများက လိုက်မမှီနိုင်သည်ကို သိပါသလား။ ဘုရားသခင်၏ လက်ရာတော်များဖြစ်သည်။

၃၉:၁၉-၂၅ တိုက်ပွဲဝင် စစ်မြင်းများ အကြောင်းသိပါသလား။ ကုန်းနှီးတင်ခံရသောအခါတိုက်ပွဲဝင်ရမှန်းသိကြသည်။ (ဇောင်းထကြသည် NKJV Marg)။  စိုးရိမ်ကြောက်လန့်ခြင်းမရှိ။ စစ်ခရာတံပိုး မူတ်သံကြားလျှင် တိုက်ပွဲရှိရာသို့ ဒုန်းစိုင်းပြေးကြသည်။ ခုန်ပေါက်ပြေးလွားကြသည်။ ဓါးနှင့်လှံဘေးရန်ကိုလည်း မကြောက်ကြ။

၃၉:၂၆-၄ဝ ကြိုက်ရာအရပ်သို့ ပျံသန်းနိုင်အောင် စွန်ရဲကို ယောဘက သင်ပြပေးပါသလား။ ရွေလင်းယုန် ငှက်၏ကျောက်တောင်ထိပ်ပေါ်သိုက်မြုံတည်ခြင်းသည်လည်။ ယောဘ၏ သွန်သင်ခြင်းလား။ အဝေးမှသားကောင်ကို ရှာကြည့်တတ်သည်။ သားသမီးများကိုလည်း အစာရှာတတ်အောင်သင် ပေးတတ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။