ယောဘ၀တ္ထု - ၃၈

ဘုရားသခင်၏အဖြေ
1ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုးသက်မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊ 2ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ်သူနည်း။ 3လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။ 4မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဖော်ပြလော့။ 5မြေကြီးအတိုင်းအရှည် ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင် ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ ချသနည်း။ 6မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။ 7နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွတ်ကျောက်ကို အဘယ်သူတင်ထားသနည်း။ 8သမုဒ္ဒရာသည် အမိဝမ်းထဲက ဖွား၍ထွက်လာသောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။ 9သမုဒ္ဒရာကို မိုးတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌လည်းကောင်း၊ 10သင်သည် ဤအရပ်တိုင်အောင် လာရ၏။ 11တိုး၍မလွန်ရ၊ ဤအရပ်၌ သင်၏ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌လည်းကောင်း၊ အဘယ်သူသည် ဝိုင်း၍ကူညီသနည်း။ယေ၊ ၅း၂၂။ 12သင်သည် တစ်သက်လုံးတွင် တစ်ခါမျှ နံနက်ကို မှာထားဖူးသလော။ မိုးသောက်လင်းကို နေရာချဖူးသလော။ 13နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှာ စီရင်ဖူးသလော။ 14မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။ 15လူဆိုးတို့၏အလင်းသည် ကွယ်၍ ချီကြွသောလက်လည်း ကျိုးတတ်၏။ 16သင်သည် သမုဒ္ဒရာစမ်းရေပေါက်ထဲသို့ ဝင်ဖူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဖူးသလော။ 17သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဖူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဖူးသလော။ 18မြေကြီးမျက်နှာ တစ်ပြင်လုံးကို ကြည့်ရှုဖူးသလော။ အလုံးစုံကို သိမြင်လျှင် ဖော်ပြလော့။ 19အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။ 20အကယ်စင်စစ် သင်သည် အလင်းအမိုက်အပိုင်းအခြားသို့ ငါတို့ကို ပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။ 21သင်သည် ရှေးကာလ၌ဖွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
22သင်သည် မိုးပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဖူးသလော။ 23ဘေးရောက်ရာ အချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဖို့၊ ငါသိုထားသော မိုးသီးဘဏ္ဍာများကို မြင်ဖူးသလော။ 24အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည် မြေကြီးပေါ်မှာ အဘယ်ကြောင့်လွင့်သနည်း။ 25လူမရှိသောမြေနှင့် လူမနေသောတော၌ မိုးရွာစေခြင်းငှာလည်းကောင်း၊ 26လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှာလည်းကောင်း၊ 27လျှံသောမိုးရေစီးရာလမ်း၊ မိုးကြိုးနှင့်ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။ 28မိုးရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူ ဖြစ်ပွားစေသနည်း။ 29ရေခဲသည် အဘယ်သူ၏ဝမ်းထဲက ထွက်လာသနည်း။ မိုးကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။ 30ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာ တင်းမာလျက်ရှိ၏။ 31သင်သည် ခိမကြယ်စု၏ သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။ယောဘ၊ ၉:၉၊ အာ၊ ၅:၈။ 32မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ်ဖော်နိုင်သလော။ အာရှကြယ်နှင့် သူ၏သားတို့ကို ပဲ့ပြင်နိုင်သလော။ 33မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကိုအုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော။ 34များစွာသောမိုးရေသည် သင့်ကို လွှမ်းမိုးစေခြင်းငှာ မိုးတိမ်တို့ကို အသံလွှင့်နိုင်သလော။ 35လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြလိမ့်မည်လော။ 36ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်းသနည်း။ နားလည်နိုင်သောဉာဏ်ကို အဘယ်သူပေးသနည်း။ ပညာရှိ၍ မိုးတိမ်တို့ကို အဘယ်သူ ရေတွက်နိုင်သနည်း။ 37မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊ 38မိုးကောင်းကင်၏ ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
39သင်သည် ခြင်္သေ့မအဖို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။ 40ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံပုတ်အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။ 41ကျီးအသူငယ်တို့သည် စားစရာမရှိသောကြောင့် လှည့်လည်၍ ဘုရားသခင်ကို အော်ဟစ်သောအခါ၊ စားစရာကို အဘယ်သူပေးသနည်း။

ယောဘ၀တ္ထု - ၃၈ (အနက်ဖွင့်)

၄။ဘုရားသခင်၏ ဗျာဒိတ်တော် (၃၈:၁-၄၂:၆)

(က)ယောဘအားပထမအကြိမ်စိန်ခေါ်ခြင်း။(၃၈:၁-၄၀:၂)

(၁) နိဒါန်းစကား (၃၈း ၁-၃)

၃၈:၁-၃ ဘုရားသခင်ကိုယ်တိုင်က မိုးသက်မုန်တိုင်းကြားမှ ယောဘအား စကားဆိုသည်။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်အား ကိုယ်တွေ့မျက်မြင် ရင်ဆိုင်ရိုးထုံစံမရှိ။ဘုရားသခင်၏စကားတော်များသည် လူများ၏ စိတ်ဝိဉာာဥ်ငြိမ်သက်ချမ်းသာရာ ဖြစ်ကြောင်း ယခင်ကျမ်းပိုဒ်များတွင် ဖတ်ရှုသိရှိခဲ့ကြ ပြီ၊ ယောဘ၏ အသိတရားသည် တိမ်သလ္လာဖုံးလွှမ်း၍ မှောင်မိုက်သဖြင့် ဘုရားသခင်က လူသားများ ဆက်ဆံပုံကို ရှင်းလင်းစွာ မမြင်။ သို့ကြောင့် နားလည်သဘောပေါက်စေရန် ဘုရားသခင်၏ မေးခွန်းဖြင့် စမေးသည်။ ဖြေကြားဖို့ပြင်ဆင်ပေတော့။

မေးခွန်းထဲတွင် ယောဘ၏ အနာရောဂါ ဆင်းရဲဒုက္ခခံစားရခြင်းအကြောင်း အသေးစိတ်မပါရှိပါ။ သွယ်ဝိုက်သောအားဖြင့် အရာခပ်သိမ်းကို ဘုရားသခင် တတ်စွမ်းနိုင်ကြောင်း ပြောပြသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးကြွယ်ဝပုံ၊ ဉာဏ်ပညာကြီးများပုံ၊ စကြဝဠာပိုင်စိုးပုံများကို အုပ်မေးသည်။

“ပညာမရှိဘဲနှင့်ငါ့အကြံကို မိုက်မဲစကားပြောသူ သည်အဘယ်သူနည်း။ လူယောက်ျားကဲ့သို့ ခါးစီးလော့။ ငါမေးသောပြဿနာကို ဖြေလော့” ဟုအသံတော်လာသည်။ ထိုကျမ်းစကားအရ ယောဘသည် အစွမ်းအစမရှိသူ၊ မလေးစားလောက်သူ၊ ဥာဏ်ပညာမပြည့်စုံသူ၊ မသေချာသူမှန်းသိလာသည်။

ဘုရားသခင်၏ စကားတော်နှင့် ပတ်သတ်၍ Ridout က ဤသို့ဆိုသည်။

ဤနေရာတွင် တထွာတမိုက် လူ့ဉာဏ်နှင့်မဆင်ခြင်ရ ယောဘ၏မိတ်ဆွေများ၏ လူ့အတွေး အမြင်စကားမဟုတ် ဘုရားတရားယုံကြည်သူ ယောဘ၏ဒုက္ခ ငိုယိုသံလည်းမဟုတ်။ လူ့အလိမ္မာစကားဆိုသူ ဧလိဟုအသံလည်းမဟုတ်။ ယေဟောဝါဘုရားသခင်က ယောဘနှင့်အတူ လူသားအားလုံးသို့ပြောနေပါသည်။

ဘုရားသခင်၏ မေးခွန်းစကားက လူများအား မိမိကိုယ်ကို ပြန်လည်ဆေးကြောခိုင်းပါသည်။ သို့သော ထိုမျှမကပါ။ ထိုထက်လေးနက်သော ဝိညာဉ်ရေးရာ စကားဖြစ်သည် မိမိ ကိုယ်ကို ဆန်းစစ်လျှင် လူသည်အမှောင်ထုထဲတွင် မှန်ကြည့်နေသူနှင့်တူသည်။

      တချို့က ခေတ်သစ် သိပ္ပပညာကို အားကိုးတကြီးဖြင့် ဘုရားသခင်၏ မေးခွန်းကိုဖြေကြားနိုင်ကြောင်း မိုက်မိုက်ကန်းကန်းဆိုချင်ဆိုကြမည်။ ထိုအကြောင်းနှင့် ပတ်သတ်၍ Baron Alexander က ဤသို့ဆိုသည်။

     ယောဘ မဖြေနိုင်သကဲ့သို့ ခေတ်သစ်သိပ္ပပညာကလည်း မဖြေနိုင်ပါ။ အဘယ်ကြောင့်နည်း။ သိပ္ပပညာရှင်များသည် တွေးခေါ််တွက်ချက် လိမ္မာကြသော်လည်း ရှိပြီးသားအရာပေါ်တွင် ထပ်ဆင့်လိမ္မာသိရှိကြခြင်းဖြစ်သည်။ အစမူလအကြောင်း ရှာကြသောအခါ လက်မိူင်ချရသည်။ အကြောင်းရင်းကို ရှာမရနိုင်သကဲ့သို့ အစမူလအကြောင်းရင်းကို သိရှိလိုချင်စိတ်လည်း မရှိကြ။ 

 

(

၂)ဩကာသလောကသို့စိန်ခေါ်ခြင်း ( ၃၈း၄-၃၈)

၃၈:၄-၇  ဤကျမ်းပိုဒ်သည်ကဗျာလင်္ကာမဆန်ပါ။ လူ့အသိဉာဏ်ဖြင့် နားလည်အောင် တည့်တိုးပြောထားသည်။ ဘုရားသခင်က ငါကမ္ဘာတည်စတွင် အတိုင်းအတာမည်မျှရှိကြောင်း မည်သူသိသနည်း။ မည်သူတိုင်းတာသနည်း ဟုဆိုသည်။ ထိုသို့ တည်စဉ်တွင် ကောင်းကင်သားများက ကြွေးကြော်ချီးမွမ်းကြသည်။ အသင်ဘယ်ရောက်နေသနည်း။

၃၈:၈-၁၁ အာကသာ စကြာဝဠာပြင်မှ ဘူမိဗေဒပထဝီနှင့်ပင်လယ်သမုးဒ္ဒရာအကြောင်း ထောက်ပြသည်။ ပင်လယ်သမုဒ္ဒရာဖန်ဆင်းစဉ်က ကမ္ဘာမြေပေါ်သို့ ရေလျှံမတက်အောင် ကမ်းမြေကုန်းမြေမည်သူ ဆီးတားသနည်။ သမုဒ္ဒရာကို မိုးတိမ်မြင့်ကလေး ထောင်လွားသကဲသို့ မည်သူပါဝင်ကူညီသနည်။

၃၈:၁၂-၁၈ နေ၏အလင်းရောင်လင်းစေပုံကို ထပ်ရှင်းပြသည် နံနက်မိုးသောက်အာရုဏ်လင်းသော အခါ ထက်ကောင်းကင်ယံအလင်းပေးလျက် ကမ္ဘာတခွင် အလင်းမြင်ရစေသည်။ သို့သော် အမှောင်ထု ကိုခိုလှုံသောလူများအတွက်မူ လင်းလွန်းသည်။ ရွှံသေးမြေပေါ်မှာစာရေးသကဲ့သို အထင်အရှားဖြစ်စေသည်။ ပင်လယ်သမုဒ္ဒရာ၏ အနက်ကို သိပါသလား။ သေခြင်းတရား၏နက်ရှိုင်းမှု ကမ္ဘာမြေ၏အသက်ကို သိသလားဟုမေးသည်။

၃၈:၁၉-၂၄ ဆက်လက်၍ မူလအရင်းအမြစ်နှင့် အလင်း၏ သဘောသဘာဝကို ဖြတ်မေးသည်။ ထိုမေးခွန်းတွင်နေသည် လုံလောက်သောအဖြေမဟုတ်။ အလင်းရောင်သာဖြစ်သည် (က ၁း၃)။ နေကိုဘုရားသခင်ဖန်ဆင်းသည် (က ၁း၁၆)။ ယောဘသည် ထိုစဉ်ကာလတွင် ရှိနေပြီလား ထိုအရာများကို သိရှိပါသလား။ ဆီးနှင်းနှင့်မိုးသီးများအကြောင်း စုံလင်စွာမသိရှိနိုင်လျင် စစ်နှင့်ဘေးဒုက္ခရောက်သည် အကြောင်းမည်သို့သိနိုင်မည်နည်။ အလင်းရောင်နှင့် အရှေ့လေက ကမ္ဘာကြီးတစ်ခုလုံးလွှမ်းခြုံသည့် အကြောင်းမည်သို့သိနိုင်မည်နည်း။

၃၈:၂၅-၃ဝ နောက်တဖန် ရာသီဥတုအကြောင်း ဆက်မေးသည်။ မိုးရွာသွန်းခြင်း မိုးချိန်းခြင်း မြစ်ချောင်းများ သစ်ပင်ပေါက်ရောက်စေခြင်း ဆီးနှင်း၊ မိုးရေ၊ ရေခဲ နှင့်မြူများ၏ အရင်းအမြစ်ကိုမေးသည်။ ရေကို ကျောက်တုံးကဲ့သို့မာကြော အောင် ရေမျက်နှာပြင်ကို မှန်ကဲ့သို့ မာတောင့်အောင် မည်သူက ပြုလုပ်သနည်။

၃၈:၃၁-၃၃ မည်သည့် သိပ္ပံပညာရှင်ကမှ နက္ခတ်တာရာ စကြဝဠာဖွဲ့စည်းပုံကို မတိုင်းတာနိုင်ကြပါ။ ဂြိုလ်နတ်က္ခတ်တာရာများနှင့်အစွမ်းသတ္တိများကို ဘုရားရှင်က ထိန်းချုပ်သည်။ ကမ္ဘာမြေတခုလုံးကို ပိုင်သည်။ လောကတွင် မည်သည့်အစွမ်းအစရှိပါသနည်း။ နားလည်နိုင်စွမ်းရှိပါသလား။

ခေတ်သစ်ကာလတွင် သိပ္ပပညာရှင်များက စကြဝဠာအား ထိန်းချုပ်ရန် ကြိုးပမ်းကြပုံကို KJV ကျမ်းမူအငယ် ၃၁ အပေါ်အခြေတည်၍ Spurgeon ဤသို့ဆိုသည်

“Canst thou bind the sweet influence of Pleiades, or loose the bende os Orion” 38;31

လူ့အစွမ်းအစများကို ဟုတ်လှပြီဟု အထင်ကြီး အဟုတ်မှတ်နေလျှင် သဘာဝတရားကြီးက ဟားတိုက်ရယ်ချပေမည်။ မှိတ်တုတ်မှိတ်တုတ်လင်းလက် နေသောကြယ်ပွင့်အကြောင်းကို အသေအချာမသိနိုင်။ နေ၏ အလင်းရောင်အကြောင်း ကိုစုံလင်စွာမသိနိုင်ကြ။ မိမိ အစွမ်းအစကို ချီးမွမ်းခြင်းသည် ကောင်းကင်သားများ၏ ပြောင်လှောင်သရော်စရာဖြစ်သည်။ အထက်မိုးကောင်ကင်ရှိ နေ၊လ၊ကြယ်များ၏ လွှမ်းမိုးမှုကိုခံနေရကြောင်းကိုလည်း သေချာစွာ မသိကြ။ သဘာဝတရားကြီး၏ ပရိယာယ်ကို နားမလည်နိုင် လှည့်စားမှု ခံနေကြရသည်။ မိုးလေဝသ ရာသီဥတုများသည် ဘုရားသခင်စီမံရာဖြစ်သည်။ လူမျိုးရိုးသည်လည်း ဘုရားသခင်လက်ထဲမှာရှိသည်။ ဘုရားသခင်မျက်မှောက်တော်တွင်လည်း လူသည် အဘယ်မျှသောသတ္တဝါဖြစ်သနည်း။၃၅

၃၈:၃၄-၃၈ ဘုရားသခင်၏ ဉာဏ်ပညာတော်ကြီးမားပုံကို မည်သူမှန်းဆတိုင်းထွာနိုင်သနည်။ မိုးရွှာဖို့ အိမ်မိုးဖို့၊ လျှပ်စီးလက်ဖို့ မည်သည့်လူသားက အမိန့်ပေးနိုင်သနည်း။ ဘုရားသခင်၏ ဉာဏ်ပညာကျယ်ပြန့်မြင့်မားပုံကို ယောဘတွေးဆမိပါသလား။ ဘုရားသခင်ကဲ့သို့ ရာသီဥတုကို စေခိုင်းနိုင် သူတဦးတစ်ယောက်မှမရှိ။ မိုးရွှာမည့်အကြောင်းသိ အောင် ဖားပြုပ်နှင့်မိုးစွေဌက်ကို မည်သူအသိတရား ပေးသနည်။ မြေတစ်ပြင်လုံး ပြန်လည်ကြပ်ခဲအောင်မည်သူပြုလုပ်သနည်။

(၃) သတ္တလောကသို့ စိန်ခေါ်ခြင်း (၃၈:၃၉-၄ဝး၂)

၃၈:၃၉-၄၁ ဩကာသလောကအကြောင်းမေးမြန်းသောအခါ ဘုရားသခင်သည် ယောဘအား သတ္တလောကအကြောင်း ဆက်မေးသည်။ ဘုရားသခင်က ဝေနေယျသတ္တဝါအပေါင်းအပေါ်သို့ လက်တော်ဆန့်တန်း၍ အစာရေဆာကျွေးမွေးပုံကို ရှင်းပြသည်။ တောဘုရင်ခြင်္သေ့မင်းအား မည်သူအစာကျွေးသနည်။ ဂူအောင်းနေသောသားငယ်များ မည်သို့ အစာစားကြသလဲ သိပါသလား။ ကျီးကန်းကျီးအများသားသမီးကျွေးမွေးပုံကို သိပါသလားဟုဆိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။