ယောဘ၀တ္ထု - ၃၇

1ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိနေရာမှ ရွေ့သွား၏။ 2မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက်သောအသံကို စေ့စေ့နားထောင်ကြလော့။ 3မိုးကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။ 4လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုးချုန်းတော်မူ၏။ အသံတော်မြည်သောအခါ မိုးသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။ 5အံ့ဩဖွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့် မိုးချုန်းတော်မူ၏။ ကြီးသောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။ 6မြေပေါ်မှာဖြစ်စေဟု မိုးပွင့်ကိုလည်းကောင်း၊ သုန်ဖျင်းသောမိုးရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုးရေကိုလည်းကောင်း မိန့်တော်မူ၏။ 7ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သောအလုပ်ကို ဆီးတားတော်မူ၏။ 8ထိုအခါ သားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။ 9လေပွေသည် တောင်မျက်နှာမှလည်းကောင်း၊ အချမ်းသည် မြောက်မျက်နှာမှလည်းကောင်း ထွက်လာတတ်၏။ 10ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။ 11မိုးတိမ်မှ မိုးရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုးတိမ်ကို ပျောက်လွင့်စေတော်မူ၏။ 12လောကဓာတ် မြေကြီးတစ်လျှောက်လုံးကို မှာထားတော်မူသမျှအတိုင်း ပြုစေခြင်းငှာ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
13ဒဏ်ခတ်သော်လည်းကောင်း၊ မြေတော်ကို ပြုစုသော်လည်းကောင်း၊ ချမ်းသာပေးသော်လည်းကောင်း လာစေတော်မူ၏။ 14အို ယောဘ၊ ဤစကားကို နားထောင်လော့။ ဘုရားသခင်၏ အံ့ဖွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့။ 15ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုးတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။ 16ပညာစုံလင်သော ဘုရား၏အံ့ဖွယ်သော အမှုတော်တည်းဟူသော မိုးတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကိုလည်းကောင်း၊ 17မြေပေါ်မှာ တောင်လေဖြင့် အချမ်းပျောက်စေတော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သောအားဖြင့် နွေးသည်ကိုလည်းကောင်း နားလည်သလော။ 18သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုးကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။ 19ငါတို့သည် အဘယ်သို့ လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။ 20ငါပြောသောစကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍လူသည် ဘုရားသခင်ကိုလျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ 21လေသည်လာ၍ မိုးကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။ 22မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဖွယ်သော ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။ 23အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်လည်းကောင်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ။ 24သို့ဖြစ်၍ လူတို့သည် ကြောက်ရွံ့စရာအကြောင်း ရှိကြ၏။ ဉာဏ်ကောင်းသောသူ တစ်စုံတစ်ယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၃၇ (အနက်ဖွင့်)




သို့ကြောင့် လူသည် ဘုရားသခင်ကို ချစ်ကြောက် ရိုသေအပ်သည်။ စိတ်နှလုံးအရင်းဖြင့် အကြွင်းမဲ့ချစ်ကြောက်ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။