ယောဘ၀တ္ထု - ၃၆

ဘုရားသခင်၏ကောင်းမြတ်ခြင်း
1တစ်ဖန် ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊ 2ငါ့ကို သည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဖို့ ပြောစရာရှိသေး၏။ 3ငါသည် ဝေးသောအရပ်က ကိုယ်ပညာကိုဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။ 4အကယ်စင်စစ် မမှန်သောစကားကို ငါမပြော။ ပညာအတတ် စုံလင်သောသူသည် သင်၌ရှိ၏။
5ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဉာဏ်သတ္တိနှင့် ပြည့်စုံတော်မူ၏။ 6မတရားသောသူတို့၏အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။ 7ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေတော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရနေရာချ၍ ချီးမြှောက်တော်မူ၏။ 8သူတို့သည် အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည်နှောင်ခြင်းကို ခံရလျှင်၊ 9သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသောအပြစ်များတို့ကို ပြတော်မူ၏။ 10ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။ 11စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့် ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။ 12နားမထောင်လျှင် ဓားဘေးဖြင့်ဆုံး၍၊ ပညာအတတ်မရှိဘဲ သေတတ်ကြ၏။ 13အဓမ္မသဘောရှိသောသူတို့သည် အမျက်တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသောအခါ မအော်ဟစ်တတ်ကြ။ 14အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သောသူတို့နှင့်အတူ ဆုံးတတ်ကြ၏။ 15အမှုရောက်သော ဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေခြင်းငှာ ပြုတော်မူ၏။ 16ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်းလင်းသောအရပ်သို့ ပြောင်းစေ၍၊ သင်၏စားပွဲပေါ်မှာ ကောင်းသောအရသာနှင့်ပြည့်စုံသော ခဲဖွယ်စားဖွယ်ကို တင်ထားတော်မူလိမ့်မည်။ 17သို့မဟုတ် မတရားသောသူကဲ့သို့ အပြစ်နှင့်ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကို ခံရမည်။ 18အမျက်တော် ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှ များသောအဖိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနုတ်နိုင်။ 19သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကိုလည်းကောင်း၊ များစွာသော စည်းစိမ်ကိုလည်းကောင်း ပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။ 20ညကို မတောင့်တနှင့်။ ညအခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။ 21သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သောအမှုကို ဆင်းရဲခြင်းထက် သင်သည် အလိုရှိလေပြီတကား။
ဘုရားသခင်၏ကြီးမြတ်ခြင်း
22ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူအုပ်ချုပ်နိုင်သနည်း။ 23ကြွတော်မူရသောလမ်းကို အဘယ်သူစီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။ 24လူတို့သည် ချီးမွမ်းအပ်သောအမှုတော်ကို ချီးမြှောက်ခြင်းငှာ သတိပြုလော့။ 25လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။ 26ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်းကို စစ်၍မကုန်နိုင်ကြ။ 27ရေကို သုန်ဖျင်းစေ၍၊ အထက်သို့ ဆွဲယူတော်မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုးရွာတတ်၏။ 28မိုးတိမ်မှ လူတို့အပေါ်သို့ မိုးပေါက်ကျ၍၊ များစွာသောမိုး ရွာတတ်၏။ 29မိုးတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည်ခြင်းကို အဘယ်သူ နားလည်သနည်း။ 30တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်းတော်မူ၏။ 31ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏။ 32အလင်းကို လက်တော်နှင့်ကွယ်ကာ၍၊ တစ်ဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။ 33ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။

ယောဘ၀တ္ထု - ၃၆ (အနက်ဖွင့်)

၃၆:၁-၁၂ ဧလိဟု၏ စတုတ္ထစကားဖြစ်သည်။ ဆင်းရဲဒုက္ခနှင့်ပတ်သတ်၍ ဘုရားသခင်၏ သစ္စာတရားကို အကြေအလည်ရှင်းပြသည်။ ဘုရားသခင်သည် မတရားသော ဒုစရိုက်သမားများနှင့် ဖြောင့်မတ်သောသူများကိုလည်း တရားတော်နှင့်အညီ စီရင်ပါသည်(ငယ် ၇-၉)။ ရှင်ဘုရင်သည် ရာဇပလ္လင်ပေါ်တွင်စိုးစံစေ၍ချုပ်နှောင်ခံထိုက်သူများကိုထောင်နန်းစံစေသည်။ဖြောင့်မတ်သူများ မတရားပြုမှုလုပ်လျှင် လမ်းမှန်ကမ်းမှန်ပြန်ရောက်ဖို့ ဘေးဒုက္ခပေး၍ ဆွဲမသည်။ နာခံခြင်းရှိသူများကို ငြိမ်သက်ချမ်းသာခြင်းပေးသည်။ ဘုရားသခင်ကိုပစ်ပယ်၍ ဖောက်ပြန်ကြလျှင် ကိုယ်အားဓါးဖြင့်မွှန်းတတ်ပါသည်။

၃၆:၁၃-၂၁ ယောဘသည်လည်း အပြစ်ဝန်ခံ၍ နောင်တရလျှင် ဆင်းရဲဒုက္ခ အနာရောဂါသည် ဘဝမှ ဘုရားသခင်က ပြန်လည်ကယ်တင်မည်။ စိတ်ပျက်အားငယ်ခြင်းအား စိတ်နှလုံးရွှင်လန်းစေမည်၊ယခုအတိုင်း မိမိ ကိုယ်ကို လူကောင်းသူမြတ်သူတော်စင်ဟု လူမိုက်များနည်းတူ ဘဝင်လေဟပ်နေလျှင်တရားစီရင်ခြင်းခံစားနေရဦးမည်။ မိုက်လက်စနှင့် ဆက်မိုက်နေလျှင် အနာဆင်းရဲမှ ရွှေးနှုတ်စရာမရှိ။ ကံကြမ္မာဂြိုလ်စီးဥိးမည် ဟုသတိပေးသည်။ (အငယ် ၁၈ သည် လူမိုက်များအားလုံးကို သတိပေးခြင်းဖြစ်သည်။)

၃၆:၂၂-၃၃ ဘုရားသခင်သည် သဗ္ဗုညှတဥာဏ်တော်ရှင်ဖြစ်ကြောင်း ယောဘသိရှိသည်။  မိုးလေဝသ၊ တိမ်တောင် တိမ်လိပ်၊ မိုးကြိုးနှင့် လျှပ်ပစ်ခြင်းမှစ၍ ဘုရားသခင်၏လက်တော်ထဲတွင်ရှိသည်။ ဘုရားသခင်၏ ဉာဏ်ပညာကြီးမားပုံကို လူ့အသိဖြင့်လိုက်မမှီနိုင်။ သို့သော်လူသားများအပေါ် ကျေးဇူးတော် မကုန်ခန်းနိုင်ကြောင်းကို သိရှိနိုင်သည်။ ထိုအကြောင်းကို Andreaseက ဤသို့ဆိုသည်။

တဘက်တွင် လေမုန်တိုင်းထန်၍ ကမ္ဘာလောက လူသားများကို ပျက်စီးအောင် အရေးယူအကြံပေး တတ်သော်လည်း တခြားတဘက်တွင် ကောင်းကြီးမင်္ဂလာ ကြွယ်ဝစွာပေးပါသည်။ ကောင်းကြီး မင်္ဂလာအသီးအပွင့်များ ဝေဆာစွာသီးပွင့်စေသည်။ မတရားသူများ အရေးယူအပြစ်ပေးသော်လည်း နာခံကျိုးနွံသောသားသမီးများအား စဥ်ဆက်မပြတ် ကျေးဇူးတော်ပြုပါသည်။၃၁

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။