ယောဘ၀တ္ထု - ၃၂

ဧလိဟု၏ဆုံးမခြင်း
1ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။ 2ထိုအခါ ဗုဇအမျိုး အာရအနွယ်ဖြစ်သော ဗာရခေလသားဧလိဟုသည် အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကို ပြသောကြောင့်၊ ယောဘကို အမျက်ထွက်၏။ 3ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။ 4ဧလိဟုသည် သူတို့ထက် အသက်ငယ်သောကြောင့်၊ ယောဘပြောသော စကားမကုန်မီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။ 5ထိုသူသုံးယောက်တို့သည် ပြန်၍ပြောစရာစကား မရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ၏။ 6ထိုအခါ ဗုဇအမျိုး ဗာရခေလသားဧလိဟု မြွက်ဆိုသည်ကား၊ ငါသည် အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကိုမပြဝံ့ဘဲ နေပါပြီ။ 7နေ့ရက်ကာလ တာရှည်သောသူသည် စကားပြောအပ်၏။ နှစ်ပေါင်းများစွာ လွန်သောသူသည် ပညာကို သွန်သင်အပ်၏။ 8သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဉာဏ်ရှိ၏။ 9လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။ 10သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြပါမည်။
11သင်တို့စကားကို ကြားရအံ့သောငှာ ငါဆိုင်းလင့်ပြီ။ သင်တို့သည် ပြောစရာကိုရှာဖွေ၍ ဆွေးနွေးသောစကားကို ငါနားထောင်ပြီ။ 12စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ်သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။ 13သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။ 14ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီမဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။ 15ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။ 16ငါဆိုင်းလင့်သည်တွင် သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။ 17သို့ဖြစ်၍ ငါသည်ကိုယ်အတွက် ပြန်ပြောမည်။ ကိုယ်သဘောကို ပြမည်။ 18ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်းဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။ 19ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့် တူ၏။ အသစ်သောသားရေဘူး ကွဲလုသကဲ့သို့ ဖြစ်၏။ 20ငါသည် သက်သာခြင်းငှာ မြွက်ဆိုရမည်။ နှုတ်ကိုဖွင့်၍ ပြန်ပြောရမည်။ 21အဘယ်သူ၏မျက်နှာကိုမျှ မထောက်၊ အဘယ်သူကိုမျှ ချီးမွမ်းသောစကားနှင့် မချော့မော့။ 22သူတစ်ပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရားသည် ငါ့ကို ချက်ချင်းပယ်ရှားတော်မူမည်။

ယောဘ၀တ္ထု - ၃၂ (အနက်ဖွင့်)

၃။ဧလိဟုကြားဝင်ခြင်း (အခန်း ၃၂-၃၇)

(က)ယောဘ၏မိတ်ဆွေသုံးဦးသို့ဧလိဟုစကား (အခန်း၃၂)

၃၂:၁-၆ ယောဘနှင့်သူ့မိတ်ဆွေသုံးဦး၏အပြန်အလှန်စကားဆွေးနွေးချက်များ မီးခိုးတိတ်သွားပြီး။ တတိယအချီစကားဇောဖာရောက်ရှိလာကြောင်း ရောက်ရှိလာမည်။ သို့သော် မပြောဖြစ်။ကြားလူ ဖောက်ဝင်လာသောကြောင့်ဖြစ်ပေမည်။

ထိုအခိုက် ပုဇအမျိုးအာရအနွယ်ဝင်ဗာရခေလ၏သားဧလိဟုလူရွယ်သည် ယောဘတို့၏စကား ဖွဲ့ငြင်းခုံသံများကို နားပြင်းကပ်သောကြောင့် စကားဝင်ဖောက်သည်။ ကျမ်းအတတ်ပညာရှင်များက ဧလိဟုကိုယေရှုခရစ်တော် အောင်သွယ်တော်အဖြစ်မြင်ကြသည်။ ယောဘနှင့်သူ့မိတ်ဆွေများ၏စကားရေတင်မရငြင်းခုံချက်များကို အချက်ကျကျ သုတေသနပြုပြီး မိတ်ဖက်ပေါင်းစပ်တည့်မိတ်ပေးသည်။ ခပ်တိုတိုပြောရလျှင် ကြားလူဖြစ်သည်။ လူနှင့်ဘုရားသခင်အကြားငြိမ်းချမ်းပြေလည်အောင် ယေရှုခရစ်တော် စေ့စပ်ပေးသကဲ့သို့ လက်ဆက်ပေးသည်။

အချို့ကျမ်းစာပညာရှင်များကမူ ထိုသို့မမြင် မိမိကိုကိုယ် အထင်ကြီးသူ လူကြီးများအကြားတွင် အလိုက်ကမ်းဆိုးမသိ ဝင်ရောက်လာသော မနူးမနပ်သူငယ်အဖြစ် မြင်သည်။

မည်သို့ဖြစ်သစေ ဧလိဟု (ငါ၏ဘုရားသခင်သည် ထာဝရဘုရားဖြစ်သည်ဟု အနက်ရသည်)  ကယောဘအား မိမ်ကိုယ်ကို ဘုရားသခင်ထက် ဖြောင့်မတ်ကြောင်းဆိုလိုသလားဟု အမျက်ထွက်သည်။ လူကြီးသူကောင်း ပီသစွာ ပြောဆိုခြင်းမပြုသောကြောင့် ယောဘ၏မိတ်ဆွေများကို စိတ်ဆိုးသည်။ သူစကားများကို ဆက်လက်ကြည့်ရှုကြပါစို့။

၃၂:၇-၂၂ အသက်အရွယ်ကွာခြားလွန်းသောကြောင့် အစောပိုင်းတွင် ဧလိဟုသည် တစ်ခွန်းမ မဟပဲ တိတ်ဆိတ်စွာနားထောင်နေသည်။ သို့သော် ကြားပြင်းကပ်လာသည်နှင့်အမျှ မအောင့်အီးနိုင်တော့ပဲ ဝင်ဖောက်လိုက်သည်။

လူကြီးများ(အသက်ကြီးသူများ NKJV Morg) သည်အမြဲတမ်းပညာရှိစကားပြောသူများမဟုတ်။ ကြီးပေါ်များလည်းရှိကြသည်။ သို့ကြောင့် လူငယ်လူရွှယ်များတို့သည် ဘုရားသခင်က အသိဉာဏ် ပညာပေးသည် ယောဘ၏စကားကို သူ့မိတ်ဆွေများ ကအချက်ကျကျ မချေပနိုင်။ “အမေး နွားကောင်း အဖြေဘုရားလောင်း” စကားများသာထွက်သည်။ ပြောချင်စရာများ ရင်မှာပြည်၍ လည်ချောင်းထိတစ်ဆို့နေပြီ။ ယောဘမျက်နှာကိုလည်း မထောက် ဘယ်သူကိုမှ မချီးမွမ်းဘဲ ဟုတ်တိုင်းမှန်ရာထွက်ဆိုပါမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။