ယောဘ၀တ္ထု - ၃၁

1ငါသည်အပျိုကိုမျှ မကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။ 2သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကိုလည်းကောင်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကိုလည်းကောင်း ပေးတော်မူမည်နည်း။ 3ဆိုးသောသူတို့သည် ပျက်စီးခြင်းသို့လည်းကောင်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့လည်းကောင်း ရောက်ရကြမည် မဟုတ်လော။ 4ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင်တော်မူသည် မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။ 5မုသားလမ်းသို့ ငါလိုက်မိသော်လည်းကောင်း၊ လှည့်စားခြင်းငှာ ငါပြေးမိသော်လည်းကောင်း၊ 6မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။ 7ငါသည် လမ်းလွှဲမိသော်လည်းကောင်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့ လိုက်မိသော်လည်းကောင်း၊ ငါ့လက်၌ အညစ်အကြေးကပ်မိသော်လည်းကောင်း၊ 8ငါကြဲသော မျိုးစေ့၏အသီးအနှံကို သူတစ်ပါးစားပါစေ။ ငါ့ပျိုးပင်များကို သူတစ်ပါးနုတ်ပါစေ။ 9သူ့မယားကို ငါတပ်မက်မိသော်လည်းကောင်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်းမိသော်လည်းကောင်း၊ 10ငါ့မယားသည် သူတစ်ပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ။ သူတစ်ပါးသည် ငါ့မယားကို ရှုတ်ချပါစေ။ 11ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ 12ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှကို သုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။ 13ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာအမှု ရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊ 14ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။ 15ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။ တစ်ပါးတည်းသောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည် မဟုတ်လော။
16ငါသည် ဆင်းရဲသားတောင့်တသောအရာကို မပေးဘဲနေဖူးသလော။ မုဆိုးမမျက်စိကို ပျက်စေခြင်းငှာ ပြုဖူးသလော။ 17မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ၊ ငါတစ်ယောက်တည်း စားဖူးသလော။ 18ဆင်းရဲသားသည် အဘထံမှာနေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်းကို ခံပြီ။ ငါသည် ဖွားမြင်သောနေ့မှစ၍ မုဆိုးမကို မစပြီ။ 19အဝတ်မရှိသောကြောင့် သေခြင်းသို့ရောက်သော သူတစ်စုံတစ်ယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသောသူ တစ်စုံတစ်ယောက်ကို ငါမြင်၍၊ 20သူ၏ခါးသည် ငါ့ကိုကောင်းချီးမပေး။ ငါ့သိုးမွေးအားဖြင့် မနွေးဘဲနေသော်လည်းကောင်း၊ 21ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည်မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်လည်းကောင်း၊ 22ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုး ကျိုးပါစေ။ 23ငါသည် ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲနေပါပြီ။ 24ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟု ဆိုမိသော်လည်းကောင်း၊ 25ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ်သောကြောင့်၊ ငါဝါကြွားဝမ်းမြောက် မိသော်လည်းကောင်း၊ 26ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက်သွားသောလကို ငါကြည့်ရှုသောအခါ၊ 27ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာနူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်လည်းကောင်း၊ 28ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။ 29ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။ 30ငါသည် သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှာ အခွင့်မပေး။ 31ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။ 32ဧည့်သည်သည် လမ်း၌ညကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသောသူတို့အား ကိုယ်တံခါးကို ဖွင့်ထားပြီ။ 33ငါသည် လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကို ဝှက်ထားဖူးသလော။ 34ထိုသို့ပြုမိလျှင်၊ ကြီးသောပရိသတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။ 35တစ်စုံတစ်ယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကို ငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာရေးသားထားပါစေ။ 36အကယ်စင်စစ် ထိုစာကို ပခုံးပေါ်မှာ ငါတင်ထားပါမည်။ ဗောင်းကဲ့သို့ ဆောင်းပါမည်။ 37ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဖော်ပြပါမည်။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည်။ 38ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့်၊ အော်ဟစ်၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော်လည်းကောင်း၊ 39စရိတ်မကုန်ဘဲ မြေအသီးအနှံကိုငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်လည်းကောင်း၊ 40စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယောပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။

ယောဘ၀တ္ထု - ၃၁ (အနက်ဖွင့်)

၃၁:၁-၁၂ ယောဘသည် လှပသောမဒီကညာများကို မျက်စိအရသာခံ၍ လှည့်မကြည့်ပါ၊ အရာရာကို မြင်နေသော ဘုရားသခင်၏ မျက်လုံးတော်ကို စိုးရိမ်သည်။ ကောက်ကျစ်လိမ်ညာခြင်းမပြု မုသားစကားမဆို ဘုရားသခင်၏ဂုဏ်အင်ကို ဖြောင့်မတ်စွာလိုက်ကျင့်သည်။ ဖြောင့်မတ်ခြင်းတရားတော် လမ်းမှမသွေ တနည်းအားဖြင့် သူကြဲခဲ့သောမျိုးစေ့များ မရိတ်သိမ်းရ အိမ်နီးနားချင်းအမျိုးသမီးများကို လည်း တပ်မက်စိတ်ဖြင့် မပြစ်မှား။ သူ့မိန်းမသည်လည်း သူများလင်နှင့်မနေ။ သူပိုင်ဆိုင်ရာမိသားစုသည်လည်း ယောဘကဲ့သို့ ဖြောင့်မတ်ကြပါလျှက် ကံတူအကျိုးမပေးကြ။

၃၁:၁၃-၁၇ ယောဘသည် သူ့အစေခံကျွန်များကိုလည်း ကိုယ်ချင်းစာနာ၍ စေတနာထားသည် မရှိဆင်းရဲသား မုဆိုးမနှင့် ခိုကိုးရာမရှိသော မိဘမဲ့ကလေးသူငယ်များကိုလည်း ကူညီစောင့်ရှောက်သည်။ ရွေမက်၊ငွေမက်၍ လောဘဇောမတတ်။ ရုပ်ဝတ္တုပစ္စည်းများကိုလည်း တိတ်တဆိတ်မကိုးကွယ် (နေနှင့်လကိုကြည့်၍ မိမိလက်ကိုနမ်းခြင်း)။ မနာလိုမုန်းထားသူများကိုလည်း ရန်ကိုရန်ဖြင့်မတုန့်ပြန်။ မကောင်းကြံခြင်းမပြု။ ယုတ်လတ်မြတ်မရွေးလူတိုင်းသို့ ဧည့်ဝတ်ကျေပြွန်သည်။ လယ်ယာမြေကိုလည်း မတော်မတရားနယ်နိမိတ်မှတ်တိုင်း ရွှေ့ထားခြင်းမပြု။ ယောဘ မကောင်းကြောင်း အချက်အလက်ကျကျရေးသားနိုင်ကြပါက ကျေနပ်စွာခံယူပါမည်။ ခေါင်းပေါင်းသဖွယ် ခေါင်းပေါ်သို့တင်ထားမည်။

၃၁:၃၈-၄ဝ ဤအခန်းဆုံးတွင်ယောဘ၏ စကားသည်လည်း နိဂုံးချုပ်သည်။သို့သော် ယောဘတွင်း ပြောစရာစကားများကျန်အုံးမည်ဟု Ridout ကဆိုသည်။

ယောဘသည် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းစကားဆိုဖို့ရှိမည်သေချာသည် ကောင်းကြီးမင်္ဂလာကြွယ်ဝစွာပေးခဲ့သော်အရှင်သခင်အား ချီးမွမ်းဖို့အသင့်ရှိနေသည်။ သို့သော် ဤနေရာတွင် တခန်းရပ်အဖြစ်ရပ်နားကြပါစို့။၃၀

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။