ယောဘ၀တ္ထု - ၃၃

ယောဘကိုဧလိဟုဆုံးမခြင်း
1သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။ 2ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသောအခါ၊ 3ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကားဖြောင့်လိမ့်မည်။ ငါ့နှုတ်သည် ရှင်းလင်းသောပညာစကားကို မြွက်ဆိုလိမ့်မည်။ 4ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။ 5သင်သည်တတ်နိုင်လျှင် ငါ့ကိုပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။ 6ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။ 7သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဖွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။ 8အကယ်စင်စစ် သင့်စကားသံကို ငါကြားသည်အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊ 9ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှားခြင်းကို မပြုတတ်။ ငါ၌ အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။ 10ဘုရားသခင်သည် ငါ၌အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။ 11ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိသမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။ 12ထိုသို့ဆိုသော် မှားပြီ။ ငါပြန်ပြောသောစကားဟူမူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက်ကြီးမြတ်တော်မူ၏။ 13ဘုရားသခင်နှင့် အဘယ်ကြောင့် ဆန့်ကျင်ဘက်ပြုသနည်း။ ပြုတော်မူသောအမှုတို့၏ အကြောင်းကို ပြတော်မမူ။
14ဘုရားသခင်သည် တစ်ကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။ 15လူသည် အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော်လျက်နေသောအခါ အိပ်မက်မြင်၍၊ ညရူပါရုံကို ခံရသောအားဖြင့်၊ 16ဘုရားသခင်သည် လူ၏နားကိုဖွင့်၍ ဆုံးမပေးတော်မူတတ်၏။ 17ထိုသို့ လူသည်မိမိအကြံကို စွန့်စေခြင်းငှာလည်းကောင်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ 18သူ၏အသက်ကို သင်္ချိုင်းတွင်းမှ ကွယ်ကာ၍၊ ဓားဘေးဖြင့် မသေစေခြင်းငှာ စောင့်မတော်မူ၏။
19လူသည် အိပ်ရာပေါ်မှာ နာခြင်းဝေဒနာကို ခံရ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊ 20မုန့်နှင့်မြိန်သော ခဲဖွယ်စားဖွယ်တို့ကို သူ၏စိတ်ဝိညာဉ်သည် ရွံရှာ၏။ 21အသားအရေ ပိန်လျော့ကွယ်ပျောက်၍၊ မထင်ရှားဖူးသော အရိုးတို့လည်း ပေါ်ကြ၏။ 22အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့လည်းကောင်း၊ ဖျက်ဆီးသော တမန်လက်သို့လည်းကောင်း ရောက်လုပြီ။ 23သို့ရာတွင် လူတို့အားတရားလမ်းကို ပြစေခြင်းငှာ၊ တစ်ထောင်တွင် အထွတ်ဖြစ်၍၊ တရားစကားကို ပြန်တတ်သောတမန်ရှိလျှင်၊ 24ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ ထိုသူကိုမဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊ 25ထိုသူသည် သူငယ်ထက် အသားအရေနုထွား၍ ပျိုသောအသက်နှင့် တစ်ဖန်ပြည့်စုံလိမ့်မည်။ 26ဘုရားသခင်ကို ဆုတောင်း၍ ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။ 27သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သောတရားကို မှောက်ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊ 28သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင်တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့်လွတ်လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။ 29ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင်တော်မူသဖြင့်၊ 30သင်္ချိုင်းတွင်းမှနုတ်ယူ၍၊ အသက်ရှင်သောသူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
31အိုယောဘ၊ ငါ့စကားကို သတိနှင့် နားထောင်လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။ 32သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှာ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။ 33ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကို ငါသွန်သင်ပါမည်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၃၃ (အနက်ဖွင့်)

(ခ)ယောဘသို့ ဧလိဟုစကား (အခန်း ၂၂)

၃၃:၁-ရ ယောဘက သူ့စကားအား အလေးထားဂရုစိုက်ရန် “အိုးယောဘ” ဟု ချောင်းဟန့်လိုက်သည်။ ယောဘသည် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်မှန်ကန်သူဖြစ်ကြောင်း သူ့ကိုသူ သက်သေထူလိုသည်။ ယောဘနှင့်ဧလိဟုသည် ဘုရားသခင်က ရွံ့ဆေးဖြင့် ဖန်ဆင်းခြင်းဖြစ်၍ ဘုရားသခင်ရှေ့တွင်ဘဝတူများဖြစ်သည်။ ထိုစကားကို စိတ်ဆိုးခြင်းမရှိပဲ ဟုတ်တိုင်းမှန်ရာစကားတုန့်ပြန်ခိုင်းသည်။ နှစ်ယောက်စလုံး စိတ်မဆိုး ဗွေမယူကြေး ရင်းနှီးပွင့် လင်းစွာပြောဆိုဖို့ စကားစိမ်ခေါ်သည်။

၃၃:၈-၁၈ သူ့တွင့် အပြစ်တစုံတရာမရှိသော်လည်း ဘုရားသခင်က ရမယ်ရှာ၍ သူ့အား အရေးယူ အပြစ်ပေးပါသည်ဟူသော ယောဘ၏ စကားကို မကျေနပ်သဖြင့် ယောဘအားအပြစ်တင်သည်။ ဘုရားသခင်သည် လူထက် ကြီးမြတ်မြင့်မားသည်ဖြစ်၍ ပုံနှိုင်းစရာမဟုတ်။ ထိုသို့ ကြီးမြတ်သော်လည်း လူသားများနှင့်ဆက်ဆံသည်။ အိပ်မက်များဖြင့်၊ ဗျာဒိတ်ရူပါရုံဖြင့်၊ အတိတ်နမိတ်ဖြင့်၄င်း၊ နည်းမျိုးစုံသုံး၍ လူတို့၏မာန်မာနများကို သတိပေးသည်သေခြင်းမှကွယ်ကာသည်။

၃၃:၁၉-၃ဝ လူမမာလူနာများက ရသာမြိန်သောထမင်းကို အော့အန်ချင်သကဲ့သို့ ဘုရားသခင်သည် လူများက မခံချင်မလိုချင်လောက်အောင် ဖျားနားရောဂါစွဲကပ်ခြင်းဖြင့် စကားပြောတတ်ပါသည်။ ကောင်းကင်တမန်တော် (သို့) စေစပ်ငြိမ်းချမ်းပေးသူက သခ်ျိုင်းတွင်းသို့ဝင်တော့မည့်သူအား ရွေးနှုတ်ခပေး၍ ကယ်တင်မည့်အချိန်အခါ (ယုံကြည်ခြင်းသစ္စာရှိလျင်) ရောက်လာချင်ရောက်လာမည်။ ဧလိဟုက ရွေးနှုတ်ခအကြောင်းကိုမရှင်းပြသော်လည်း မိမိကိုယ်ကို  ရွေးနူတ်ခအဖြစ်ခံယူသော တပါးတည်းသောသားတော်ကို ရည်ညွှန်းသည် (၁တိ ၂း၆)။ဘုရားသခင်၏အသံတော်ကိုကြား၍ ပြန်ထူးသူသည် ခန္ဓာကိုယ်ကျန်းမာခြင်းနှင့် စိတ်ဝိညာဉ်ချမ်းမြေ့ခြင်းခံစားရသည်။ မိမိအပြစ်ကို ဝန်ခံသူသည် စိတ်ဝိညာဉ် ငြိမ်သက်ခြင်း ခန္ဓာကိုယ်ဝပြောခြင်းနှင့်ပြည့်စုံသည်။ သေခြင်းမှ ကယ်တင်ခြင်းခံရသည်။

၃၃:၃၁-၃၃ ဤပြောသမျှတွင် ယောဘကစကားဝင်စွက်လိုလျှင်ပြောနိုင်သည်။ သို့သောမပြောပဲနေလိုပါက ဧလိဟုစကားဆက်ပြောမည်။ သေချာစွာနားထောင်ပါ။ ငြိမ်သက်ချမ်းသာရ၍ ဉာဏ်ပညာတိုးပွားမည် စကားဆက်ဆိုမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။