ယောဘ၀တ္ထု - ၃၀

1ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည်ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှ နေရာမပေး။ 2သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။ 3ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတစ်ပါးများနှင့် မပေါင်းဖော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာအရပ်သို့ ပြေးကြ၏။ 4စားစရာဖို့ ချုံပုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။ 5လူနေရာမှ နှင်ထုတ်ခြင်းကိုခံရ၍၊ သူခိုးကိုလိုက်သကဲ့သို့ သူတစ်ပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။ 6ကြောက်မက်ဖွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။ 7ချုံပုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင်အောက်မှာ စုဝေးလျက်နေကြ၏။ 8လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။
9ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ်ပါသည်တကား။ 10ငါ့ကိုရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့မျက်နှာကို တံတွေးနှင့်မထွေးဘဲ မနေကြ။ 11ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲတော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာဇက်ကြိုးကို လွှတ်တတ်ကြ၏။ 12သူငယ်တို့သည် ငါ့လက်ယာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှာ လမ်းဖို့ကြ၏။ 13ငါ့လမ်းကိုဖျက်၍ ငါ့ကိုလဲစေခြင်းငှာ ကြိုးစားကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။ 14ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကိုတိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ ငါ့ထံသို့ တစ်ဟုန်တည်း ပြေးလာကြ၏။ 15ကြောက်မက်ဖွယ်သော အရာတို့သည် ငါ့အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက်သဖြင့်၊ ငါ့စည်းစိမ်သည် မိုးတိမ်ကဲ့သို့ လွင့်ကုန်ပြီ။
16ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုမီပြီ။ 17ညအခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်း မရှိရကြ။ 18ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့်ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကိုဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ၏။ 19ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့် မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။ 20ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော်လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော်လည်း မှတ်တော်မမူ။ 21အကျွန်ုပ်ကို ကြမ်းတမ်းစွာပြု၍၊ အားကြီးသောလက်တော်နှင့် ညှဉ်းဆဲတော်မူ၏။ 22အကျွန်ုပ်ကိုချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။ 23သေခြင်းသို့လည်းကောင်း၊ အသက်ရှင်သောသူခပ်သိမ်းတို့အဖို့ စီရင်သောနေရာသို့လည်းကောင်း၊ အကျွန်ုပ်ကို ပို့ဆောင်တော်မူမည်ဟု အကျွန်ုပ်သိပါ၏။ 24ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်း အချည်းနှီးဖြစ်၏။ ဖျက်ဆီးတော်မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။ 25အမှုရောက်သော သူအတွက် ငါငိုကြွေးဖူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြည်းဖူးပြီ မဟုတ်လော။ 26သို့သော်လည်း၊ ငါသည် ကောင်းကျိုးကို မျှော်လင့်သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တသောအခါ မှောင်မိုက်ဖြစ်၏။ 27ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။ 28နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။ 29မြေခွေးတို့နှင့် ညီအစ်ကိုတော်၏။ ကုလားအုတ်ငှက်တို့နှင့် ပေါင်းဖော်ရ၏။ 30အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ 31ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာ ပေးတတ်၏။

ယောဘ၀တ္ထု - ၃၀ (အနက်ဖွင့်)

၃ဝး၁-၈ ယခုမူကားမလောက်လေးမလောက်စား၊ မိမဆုံးမ ၊ ဖမဆုံးမသားများက ငါ့ကိုစော်ကားပြောင်လှောင်နေကြပြီ။ တချိန်က သူတို့အဖေများ ငါသိုးထိန်းခွေးနေရာတွင် မထားချင်သူများဖြစ်သည်။ စုတ်ပြတ်ချိနဲ့၍ ကြုံရာကောက်စားသူများ ဖြစ်သည်။ လူတကာကို ရန်တွေ့ပစ္စည်းမဲ့ဒေါသပေါက်ကွဲသူများဖြစ်သည်။ နေရာအတည်အကျမရှိ။ခြေသလုံး အိမ်တိုင်တည်သော တေလေဂျပိုးများဖြစ်သည်။

၃ဝး၉-၁၅ ယခုတွင်မူကားယောဘသည် “လူငယ်လူရွှယ်များ၏ အဖျက်သီချင်းနောက်ပြောင်စရာ ရွံရှာဝေးဝေးရှောင်စရာ၊ ပုံနှိုင်းစရာ၊ ခြေထောက်ဖြင့်ကန်ကျောက်စရာ၊ လမ်းပိတ်ဟန့်တားစရာ” ဖြစ်နေပြီ။ မျက်နှာကို တံတွေးဖြင့်ထွေးနေကြပြီ။ တချိန်ကယောဘ၏ကျက်သရေမျက်နှာထားများသည် တိမ်သလ္လာဖုံး၍ ပျောက်ကွယ်ကုန်ပြီ။

၃ဝး၁၆:၂၃ ခန္ဓာကိုယ်ပေါ်မှ အနာစိမ်းများသည် ကိုက်ခဲနာကျင်လွန်းသဖြင့် သက်သာလိုသက်သာငြား ပြာပုံထဲလူးလိပ်နေပြီ။ သေဖို့အဆင်သင့် ပြင်စောင့်နေသည်။ သို့သော် ဆုတောင်းချက်မပြည့်စုံ။ သေလုမတတ် နာကျင်ဝေဒနာခံစား၍ သေဖို့တတွင်တွင်ဆုတောင်းသော်လည်း ဆုတောင်းမပြည်။

၃ဝး၂၄-၃၁ သေလုမတတ်ခံစား၍ သေချင်သော်လည်း မရောက်နိုင်။ အနာရောဂါသာလျှင် လူးလှိမ့်ခံစားနေရသည်။ သူတပါးကို မေတ္တာ ဂရုဏာထားသော်လည်း တန်ပြန်အကျိုးသက်ရောက်မှုမခံစားရ။ အထီးကျန်ခြင်းနှင့် လူရာမသွင်း ဝိုင်းကြဉ်ခြင်းသာခံရသည်။ အနာရှိန်ကြောင့် ခန္ဓာကိုယ်တုန်လှုပ်နေကဲ့သို့ စိတ်နှလုံးသည်လည်း ချောက်ခြားနေသည်။ ယောဘကဲ့သို့သော် လူမှန်အား ဘုရားသခင်သည် အဘယ်ကြောင့် တောခွေး၊ ကုလားအုပ်ငှက် များနှင့် ဆွေမျိုးစပ်ပေးချင်သနည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။