ယောဘ၀တ္ထု - ၂၉

ချေပချက်ကိုအဆုံးသတ်ခြင်း
1ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆိုသည်ကား၊ 2ငါသည် လွန်လေပြီသောနှစ်၊ လ၊ ဘုရားသခင်စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ။ 3ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြုလျက်၊ မိုက်သောအရပ်၌ လျှောက်သွားနိုင်၏။ 4ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရသော အခွင့်ရှိသောကာလ၌၊ ငါဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ။ 5ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက်နေကြ၏။ 6ထိုအခါ ငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဖို့ ဆီကိုသွန်းလောင်းလေ၏။ 7ငါသည်မြို့အလယ်၌ လျှောက်၍၊ မြို့တံခါးသို့သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊ 8လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ မတ်တတ်နေကြ၏။ 9မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်ကြ၏။ 10မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ ကပ်လေ၏။ 11လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းချီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။ 12အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသောသူ အော်ဟစ်သောအခါ ကယ်တင်တတ်၏။ 13ပျက်လုသောသူ ကောင်းချီးပေးခြင်းကို ငါခံရ၏။ မုဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။ 14ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ်ဆင်၏။ တရားသည် ငါ့ဝတ်လုံ၊ ငါ့ပေါင်းဖြစ်၏။ 15မျက်စိကန်းသောသူတို့အား ငါသည် မျက်စိဖြစ်၏။ ခြေဆွံ့သော သူတို့အား ခြေဖြစ်၏။ 16ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိအကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။ 17မတရားသောသူ၏ အစွယ်တို့ကို ငါချိုး၍၊ သူလုယူကိုက်စားသော အရာကိုနုတ်၏။ 18ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သောနေ့ရက်တို့သည် သဲလုံးနှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။ 19ငါ့အမြစ်သည် ရေနားမှာပြန့်ပွား၏။ ဆီးနှင်းသည် တစ်ညလုံး ငါ့အခက်အလက်၌ကျ၏။ 20ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါ့လေးသည်လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။ 21သူတစ်ပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။ 22ငါပြောပြီးသည်နောက် သူတို့သည် ပြန်၍မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။ 23မိုးရေကိုငံ့လင့်သကဲ့သို့ ငါ့ကိုငံ့လင့်လျက်၊ နောက်ကျသော မိုးရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်လျက် နေကြ၏။ 24ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။ 25ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသောနေရာ၌ ထိုင်၏။ ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ညှိုးငယ်သောသူတို့ကို နှစ်သိမ့်စေသောသူကဲ့သို့လည်းကောင်း ငါဖြစ်၏။

ယောဘ၀တ္ထု - ၂၉ (အနက်ဖွင့်)

၂၉:၁-၁၇ ယောဘသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာခံစားခဲ့သည် နေ့ရက်များကို ပြန်လည်တမ်းတ မိန်းမောဆွတ်ပျံ့သည်။ ဘုရားသခင်၏ လမ်းညွှန်ပြသမှုတွင် ကျေနပ်တင်းတိမ်ခဲ့သည်။ သားသမီးရတနာများ ထွန်းကားခဲ့သည်။ ဇိမ်ရှိရှိနေထိုင်၍ မြို့မျက်နှာဖုံးဖြစ်ခဲ့သည်။ သက်ကြီးရွှယ်လက်မရွေးလေးစားကြသည်။ ဖြောင့်မတ်ခြင်း၊ စေတနာသဒ္ဒါ ရက်ရောခြင်း၊ တရားမျှတခြင်းတို့ကြောင့် လူကြီးသူကောင်းပြုခြင်းခံရသည်။

၂၉:၁၈-၁၅ လောကစည်းစိမ်ဥစ္စာကြွယ်ဝ၍ခွန်အားပြည့်စုံခဲ့သည်မှာ သစ်ကိုင်းပေါ်မှာ တညဉ့်လုံးဆီးနှင်းကျသကဲ့သို့ ပြည့်လျှံသည် ဘုန်းတန်ခိုးများသည်လည်း အမြဲသစ်လွင်လန်းဆန်းသဖြင့် ငြိမ်းအေးစွာ ဘဝချုပ်ငြိမ်းမည်ဟု ထင်မှတ်ခံယူခဲ့သည်။ လယ်သမားများက မိုးဦးစောင့်သကဲ့သို့ သူ့အကြံများကို တခြားလူများက စောင့်မျှော်ကြသည်။ သူ့ပီတီအပြုံးသည် ယုံကြည်ခြင်းအသစ်ဖြစ်သည်။သူ၏ ဦးစီးခေါင်းဆောင်မှုသည် အကြီးအမှူး၊ စစ်သူကြီး ၊ စစ်ဘုရင်ကဲ့သို့ဖြစ်သည်။ အားနွဲ့သူများကိုလည်း ယုံကြည်ခြင်းခိုင်မာစေသည်။ မျက်ရည်ကို အားအင်သို့ပြောင်းလဲစေနိုင်စွမ်းရှိသည်။ ထိုကဲ့သို့သောလူကိုဘုရားသခင်က အနာရောဂါကျရောက်စေသည်မှာ နားလည်ရခက်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။