ယောဘ၀တ္ထု - ၂၈

ပညာကိုအဘယ်မှာရသနည်း
1ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။ 2သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကိုချက်၍ ကြေးနီကို ရတတ်၏။ 3လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်လည်းကောင်း မှောင်မိုက်ကျောက်၊ သေမင်းအရိပ်တိုင်အောင်လည်းကောင်း လိုက်၍စစ်တတ်၏။ 4တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကိုမထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။ 5မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။ 6သူ၏ကျောက်တို့သည် ကျောက်နီ နေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။ 7အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင်သေးသောလမ်းရှိ၏။ 8ထိုလမ်းကို သားရဲမနင်း၊ ခြင်္သေ့မလျှောက်သေး။ 9လူသည်ကျောက်ပေါ်မှာ လက်တင်၍၊ တောင်တို့ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။ 10ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင်တတ်၏။ 11စီးသောရေကို တစ်ဖန်ဖြတ်၍၊ ဝှက်ထားသောအရာတို့ကို ထုတ်ဖော်တတ်၏။
12သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည်နည်း။ ဉာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။ 13ဉာဏ်ပညာအဖိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။ 14နက်နဲသောအရပ်က ငါ၌မရှိ။ ပင်လယ်ကလည်း၊ ငါ၌မရှိဟု ဆိုတတ်၏။ 15ရွှေစင်ကိုပေး၍ ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဖိုးကို မမီနိုင်။ 16ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာကျောက်နှင့် ဝယ်သော်လည်း မရနိုင်။ 17ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေ မမီနိုင်။ ရွှေစင်တန်ဆာများနှင့် ဖလှယ်၍မရနိုင်။ 18သန္တာနှင့်ပုလဲကို ပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဖိုးကြီး၏။ 19ကုရှဥဿဖရားသည် မမီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။
20သို့ဖြစ်၍၊ ပညာသည် အဘယ်ကလာသနည်း။ ဉာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။ 21အသက်ရှင်သော သတ္တဝါတစ်စုံတစ်ယောက်မျှ ကြည့်၍မမြင်နိုင်။ မိုးကောင်းကင်ငှက်တို့သည် ရှာ၍မတွေ့နိုင်။ 22အဗဒ္ဒုန်မင်းနှင့် သေမင်းတို့က၊ ပညာ၏သတင်းကို နားနှင့်ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။ 23ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။ 24ပညာနေရာအရပ်ကို သိတော်မူ၏။ 25လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီးစွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှတို့ကို မြင်တော်မူ၏။ 26မိုးရွာမှုကိုစီရင်၍၊ မိုးကြိုးလျှပ်စစ်ပြက်ရာလမ်းကို ဖန်ဆင်းသောအခါ၊ 27ပညာကိုမြင်၍ ဖော်ပြတော်မူ၏။ ပညာတရားကိုထား၍ စုံစမ်းတော်မူ၏။ 28လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကိုရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၂၈ (အနက်ဖွင့်)

၂၈:၁-၁၁ ဤအခန်း၏ အဓိကမင်္ဂလာစကားသည် ငယ် ၁၂ နှင့် ၂ဝ ဖြစ်သည်။

ပညာကို အဘယ်မှာတွေ့ရမည်နည်။

ဉာဏ်သည်အဘယ်ဆီမှာ နေရာကျသနည်း။

လူသည် အဖိုးတန်ကျောက်မျက်ရတနာနှင့် သတ္တုများကို တူးဖော်လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဤကျမ်းချက်တွင် လူသည် ထိုအဖိုးတန်ကျောက်မျက်ရတနာများကို တူးဖော်နိုင်စွမ်းရှိသော်လည်း ဉာဏ်ပညာရရှိခြင်း မဟုတ်ဟုဆိုသည်။ ငယ် ၁၃-၁၉ တွင် လူကဉာဏ် ပညာဝယ်ယူရန် ကြိုးစားသော်လည် မရရှိနိုင်ပုံကို၎င်း ငယ် ၂၁-၂၈ တွင်ဘုရားသခင် တပါးတည်းသာလျှင် ညာဏ်ပညာရှိပုံကို၎င်း ရှင်းပြထားသည်။

ရှေးအခါက သတ္တုတူးဖော်ခြင်းသည် ခေတ်နောက်ကျလွန်းသောကြောင့် အသုံးအဆောင်နှင့်လုပ်ကိုင်ပုံများ ဘာသာပြန်ဆိုရန် အခက်အခဲရှိသည်။အထူးသဖြင့်ငယ် ၄ သည် ခက်ခဲသည်။ အင်္ဂလိပ်ကျမ်း မှုများကလည်း အမျိုးမျိုးဖွင့်ဆိုကြသည်။ Anderson က ဟေဗြဲကျမ်းမူကို ကြည့်ရှုု၍ ဘာသာပြန်ကြသည်ဟု ယုံကြည့်ရခက်သည်၂၈ ဟုမှတ်ချက်ချသည်။

ဗိလဒတ်က လူကို “လောက်ကောင်” နှင့်ခိုင်းနှိုင်း၍ ယောဘကပါးနပ်စွာတွင်းတူးသတ္တဝါနှင့် ပုံနှိုင်းထားသည်။

လူ၏မြေအောက်သတ္တတူးဖော်နိုင်ပုံသည် ပါးရည်နပ်ရည်ရှိလှသည်။ သို့သော် မြေကြီးထဲက အသိဥာဏ် ပညာသာဖြစ်သည်။၂၉

၂၈:၁၂-၁၉ ဉာဏ်ပညာသွားသောလမ်းကို လွယ်လင့်တကူမတွေ့နိုင် ဝိဇ္ဇာတို့သွားသောလမ်းသည် မင်းမဟော်လမ်းမတော်မဟုတ်။ ကုန်းမြေပေါ်မှာရှိသကဲ့သို့ ပင်လယ်ရေပြင်တွင်လည်း ရှာမတွေ့နိုင်။ ထောင်ချောက်ဆင်ဖမ်းဆီး၍မရကဲ့သို့ ငွေနှင့်ဝယ်၍လည်းမရနိုင် အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း၊နီလာ၊ ပတ္တမြား၊  တွင်းထွက်ကျောက်မျက်များထက်မြက်သကဲ့သို့ ရွှေစင်နှင့်လည်းအဖိုးမဖြတ်နိုင်။

၂၈:၂၀-၂၈ ဉာဏ်ပညာနှင့်အလိမ္မာတရား ကိုသက်ရှိလူသားများမမြင်ရ။ ဝှက်ထားသည် ပျက်စီးခြင်းနှင့် သေဆုံးခြင်းကိုသာ ခေါင်းထဲတွင် စွဲမှတ်တတ်ကြသည်။ စင်စစ်ဘုရားသခင်သည် ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်သည်။ ရေသောက်မြစ် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုအသိဉာဏ်ပညာဟူသမျှသည် ဘုရားသခင် စီစဉ်ပြင်ဆင်ပေးခြင်းဖြစ်သည်။ မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်ခြင်း သည်လိမ္မာခြင်းဖြစ်၍ ဘုရားသခင်ကို ကြောက်ခြင်းသည် လည်း ဉာဏ်ပညာဖြစ်သည်။

ဘုရားသခင်ကို သိကျွမ်းခြင်းမရှိကြသော်လည်း ဘုရားသခင်သည် လူသားများအား လိုလေးသေးမရှိ အောင်ပြုစုထောက်ပံ့ကြောင်း ဤအခန်းက သွန်သင်ပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။