ယောဘ၀တ္ထု - ၂၄

ကြောက်မက်ဖွယ်သောလောက
1အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့်ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သောသူတို့သည် တရားစီရင်တော်မူရာနေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။ 2အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတစ်ပါး၏သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဖို့ ထိန်းကျောင်းကြ၏။ 3မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုဆိုးမ၏နွားကို အပေါင်ယူကြ၏။ 4ငတ်မွတ်သောသူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက်နေရကြ၏။ 5သူတို့သည် အလုပ်လုပ်ခြင်းငှာ တော၌ရိုင်းသောမြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှာ နံနက်စောစောသွား၍၊ ကိုယ်အဖို့နှင့် သားသမီးတို့အဖို့ကို တော၌တွေ့ရကြ၏။ 6လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။ 7ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်း အိပ်ရကြ၏။ 8တည်းခိုစရာ တဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုးရေစိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။ 9အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။ 10အဝတ်မရှိ အချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတစ်ပါးကောက်လှိုင်းကို ထမ်းရ၏။ 11သူတစ်ပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကိုနင်းနယ်လျက် အငတ်ခံရ၏။ 12လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသောစကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ။
13အချို့သောသူတို့သည် အလင်းကိုဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။ 14လူသတ်သည်စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏။ ညအခါ သူခိုးလုပ်တတ်၏။ 15သူ့မယားကို ခိုးသောသူသည် ညဉ့်ဦးယံအချိန်ကိုမျှော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှမမြင်ရဟု ဆိုတတ်၏။ 16လူဆိုးတို့သည် ညအချိန်၌ သူတစ်ပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။ 17နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဖွယ်သော ဘေးတို့ကို သိရကြ၏။ 18ရေပေါ်မှာ ပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲသောအဖို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။ 19မိုးရေသည် ခန်းခြောက်ခြင်းအားဖြင့်လည်းကောင်း၊ နေပူအရှိန်အားဖြင့်လည်းကောင်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏။ 20သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
21မတရားသောသူသည် သားမဖွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်။ 22အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါ လူတိုင်း ကိုယ်အသက်အဖို့ စိုးရိမ်တတ်၏။ 23သို့ရာတွင် ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏အမှုများကို ပမာဏပြုတော်မူ၏။ 24ခဏချီးမြှောက်ခြင်းသို့ရောက်၍ တစ်ဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသောသူကဲ့သို့ အသက်ချုပ်ခြင်းကိုလည်းကောင်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကိုလည်းကောင်း ခံရကြ၏။ 25သို့မဟုတ်လျှင်၊ ငါ၏မုသားအပြစ်ကို အဘယ်သူပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၂၄ (အနက်ဖွင့်)

၂၄:၁-၁၂ ဘုရားသခင်မမြင်နိုင်သော အရာတခုမှမရှိပါ။ မတရားသောသူများအား ဘုရားသခင်သိကျွမ်းစေဖို့ရန် ဘုရားသခင်က အဘယ်ကြောင့် အရေးယူဆုံးမခြင်းမပြုသည်ကို ယောဘစဉ်းစားမရ။ လူဘောင်လောကမှာ မတရားမှုများ နှင့်ဟန်ဆောင်လောက လူပြွမ်းနေကြောင်းမျက်မြင်တွေ့ရှိနေရသည်။ ဒုစရိုက်သမားများက ဒုစရိုက်ပြု၍ ဆင်းရဲသူများက ဆင်းရဲနေသည်။ ကြီးသောငါး များလည်းလွတ်နေကြသည် ။ ထိုအကြောင်းကို Ridout ကဤသို့ဆိုသည်။ မကောင်းမှုဒုစရိုက်ပြုသူများသည် လက်ရှိဘဝအတွင် အရေးယူအပြစ်ပေးခြင်းခံရသည်ဟူသောအတွေဒဿနကို ဧလိဖတ်သည် ဘယ်ကရရှိလာသနည်း။ ထိုအပြစ်ဒုစရိုက်ပြုသူများကိုယ်စား ယုံကြည်သူများကို လည်း ဆင်းရဲဒုက္ခခံစားနေကြာင်း ဘုရားသခင်က မည်သို့ သိရှိစေနိုင်သနည်။ ထိုစကားသည် ယောဘ၏ အဖြေမရသော ဘဝပုစ္ဆာဖြစ်သည်။၂၃

လောကလူသားများ၏ ဘဝဆင်းရဲခံစားရခြင်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုကို ယောဘက (အငယ်၁၂) တွင်ဤသို့ဆိုထားသည်။

လူတို့သည်မြို့ထဲမှာညည်းတွားကြ၏

နာသောသူတို့သည် အော်ဟစ်ကြ၏

သူတို့ဆုတောင်းစကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။

၂၄:၁၃-၁၇ လူသတ်သမားများ မုဒိမ်းကောင်များ ဓါးပြများ၏ အကျင့်ဆိုးများကိုလည်း ယောဘက ထောက်ပြသည်။ ထိုသူများသည် အမှောင်ရိပ်ကို အကာအကွယ်ယူ၍ ဆိုးသွမ်းယုတ်မာကြသည်။ အလင်းရောင်ကို သေမင်း၏အရိပ်ကဲ့သို့ကြောက်လန့်ကြသည်။

၂၄:၁၈-၂၅ ထိုသို့ဆိုးသွမ်းမိုက်ကမ်းနေကြသော်လည်း ကမ္ဘာမြေကို ဒုက္ခပေးမြဲပေးနေကြသည်။ ဘုရားသခင်ကလည်း ဘေးမဲ့ပေးထားသည်။ လူသူတကာတဖြုတ်ဖြုတ်သေနေသော်လည်း မတရားသူများမသေနိုင်ကြ။ ရှင်သန်မြဲရှင်သန်သည်။

ဤအခေါက်တွင် ဧလိဖတ်စကားသည် တိုတောင်းသည်။ ဇောဖာက တစ်လုံးတပါဒမျှမပါ။ ယောဘသာ လေကြောရှည်သည်။ အချို့ကျမ်းစာပညာရှင်များက ငယ် ၁၈-၂၅သည် ယောဘ၏ စကားလုံးဝမဟုတ်ကြောင်းဆိုကြသည်။ ခေတ်သစ်ကျမ်းများက မူ ထင်ကြေး အမျိုးမျိုးပေးကြသည်။

ယောဘ၏နှုတ်ထွက်စကားများ မဟုတ်ဟုမဆိုနိုင်ကြောင်း၂၄ Andersen ကဤသို့ဆိုထားသည်။

ယောဘ၏စကားမဟုတ်ကြောင်း အတင်းမဖယ်ရှားသင့်ပါ။ အဘယ်ကြောင့်ဆိုသော် စကားသွား စကားလာအရ တလေသံတည်းဖြစ်နေသည်။ သို့ကြောင့် ၃ မျိုး စဉ်းစားစရာရှိပါသည်။ သူ့သူငယ်ချင်းများထက် ယောဘ၏လေကြောသည် ရှည်လွန်းသည်။ သူ့မိတ်ဆွေများအနက် တစ်ဦးဦး ဗိလဒတ်(NAB) သို့မဟုတ် ဇောဖာ(Pope)ဖြစ်နိုင်သည်။ ယောဘ၏ စကားကို သူ့မိတ်ဆွေက ကိုးကားငြမ်းစင်ခြင်းဖြစ်နိုင်သည်။ (RSVကျမ်းမူ ၂၁-၂၄ တွင် ယောဘနှင့်စကားပြောသူ (သို့) Gordis ငယ် ၁၈-၁၄ ကို ကိုးကားရေးသူဟုဆိုသည်။)၂၅

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။