ယောဘ၀တ္ထု - ၂၃

ငါ၏မြည်တမ်းခြင်းခါးသီး၏
1-2ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခုငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည် သာ၍ပြင်းပါ၏။ 3ဘုရားသခင်ကို တွေ့နိုင်သောအရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ 4ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသော အကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။ 5ငါ့အား ပြန်ပြောမိန့်မြွက်တော်မူသောစကားတော်ကို ငါသိနားလည်ရ၏။ 6မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရားတွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင်တော်မူမည်။ 7ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသောအခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ်ရှင်းလင်းစေတော်မူမည်။ 8ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ 9လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကိုမဖူးမတွေ့ရ။ လက်ယာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။ 10သို့သော်လည်း ငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။ 11ခြေတော်ရာကို အစဉ်တစိုက်ငါလျှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။ 12ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက်စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။ 13သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည်နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။ 14ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများ ရှိကြ၏။ 15ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။ 16ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှာလည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ 17အကြောင်းမူကား၊ မှောင်မိုက်မရောက်မီ ငါ့ကိုပယ်ရှင်းတော်မမူ၊ ထူထပ်သောမှောင်မိုက်မှ ငါ့ကိုကွယ်ကာတော်မမူပါတကား။

ယောဘ၀တ္ထု - ၂၃ (အနက်ဖွင့်)

၂။ယောဘ၏ထုချေချက် (အခန်း ၂၃၊၂၄)

အခန်း ၂၃ နှင့် ၂၄ သည် စကားကြောတဆက်တည်းဖြစ်သည်။ ရှေးကျမ်းစာပညာရှင်များက အခန်း ၂ အဖြစ်ပိုင်းခြားခြင်းဖြစ်သည်။ အခန်း ၂၃ ၏ ယောဘ၏စကားကြီး ၃ ရပ်ပါရှိသည်။ သူ၏အမှုအရာအားလုံးကို ဘုရားသခင်၏ ပလ္လင်တော်သို့ အပ်နှံထားသည် (ငယ်၁-၉)။သူ့ဘဝကို အာမခံသည် (ငယ် ၁၀-၁၂)။ အကယ်၍ အပြစ်ဒုစရိုက်မှန်လျှင် ဘုရားသခင်ကို ကြောက်ရွံ့သည် ငယ် (၁၃-၁၇)။

၂၃:၁-၉ ယောဘ၏ ခြေပချက်သည် ပြင်းထန်သည်။ ဘုရားသခင်ကို တွေ့မြင်နိုင်သောပလ္လင် တော်ရှေ့သို့ရောက်လိုသည်။ ထိုစကားကို Spurgeon က ဤ သို့ဆိုသည်။

သူ့ခန္ဓာကိုယ်တွင် ပြင်းထန်စွာခံစားနေရသော အနာရောဂါများအား ပျောက်ကင်းစေဖို့ ဦးစားပေးဆုမတောင်းပါ။ သချိုင်းလွန်သွားကြသော ရင်သွေးငယ်သားသမီးများ ပြန်တွေ့ဖို့နှင့်ဆုံးရှုံးသွားသော ဥစ္စာပစ္စည်းများ ပြန်ရဖို့ မတမ်းတပါ။ “ငါ၏ ဘုရားသခင်ကို တွေ့မြင်ဖို့ ထိုနေရာကို အလျင်သွားချင်သည်” ဟုဆုတောင်းသည်။ လေမုန်တိုင်းထန်သောအခါဘုရားသခင်၏ သားသမီးများသည် အိမ်တော်သို့ ပြေးခိုရစမြဲပါ။ ကောင်းကင် အနွယ်ဝင်စာရင်းရှိသူများသာလျှင် ယေဟောဝါဘုရားသခင်၏ တောင်တော်အောက်၌ခိုလှုံခွင့်ရှိပါသည်။၂၂

ဘုရားသခင်က ရှေ့တော်သို့ခစား ဝင်ရောက်ခွင့်ရှိကြောင်း ယောဘက သူ့ကိုယ်သူယုံကြည်စိတ်ချသည်။ ဘုရားသခင်ထံသို့ ရောက်လျင် အပြစ်စီရင်ချက်ချ ကင်းလွတ်သည့် အပြင် နိစ္စထာဝရအသက်ရှင်မည်ဟု ခံယူသည်။

၂၃:၁၀-၁၂ စုံစမ်းနှောင့်ယှက်ခြင်းရောက်သည့် ကာလ၌ (ငယ် ၁၀) ကိုကိုးကားရွတ်ဆိုလေ့ရှိကြသည်။ သို့သော်ကျမ်းချက်၏ အနက်မှာ “ယောဘသည် အပြစ်မပြု”ဟု မဆိုလိုပါ။ ဘုရားသခင်၏ အပြစ်စီရင် ခြင်းကြောက်လန့်ဖွယ်ကောင်းပုံဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ အပြစ်စီရင်ခြင်းမည်မျှပင် ပြန်းထန်ကြီးလေးစေကာမူ ယောဘအသက်တာသည် ရွှေစင်ကဲ့သို့ စစ်မှန်ကြောင်း၊ ဘုရားသခင်၏စကားတော်များကို အပြည်အဝနာခံကြောင်း၊ နေ့စဉ်လိုအပ်သော အစာများကိုလိုလေသေးမရှိအောင် ဘုရားသခင်က ထောက်ပံ့ကြောင်း ဝန်ခံသည်။ အပိုဒ်ငယ် ၁ဝ သည်ယုံကြည်သူတိုင်း အာဂုံနှုတ်ဆောင်ထိုက်သော ကျမ်းစကားဖြစ်သည်။

ငါသွားသောလမ်းကိုသိတော်မူ၏။

စစ်တော်မူခြင်းကို ခံပြီးမှရွှေကဲ့သို့ ငါပေါ်မည်။


ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။