ယောဘ၀တ္ထု - ၂၂

ယောဘ၏အပြစ်ကြီး၏
1တစ်ဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊ 2လူသည် မိမိပညာအားဖြင့် မိမိအကျိုးကိုပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။ 3သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုးစီးပွားရှိတော်မူသလော။ 4သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော်မူမည်လော။ သင်နှင့် တရားတွေ့တော်မူမည်လော။ 5သင်ပြုသောဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။ 6သင်သည် ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကိုလည်း ချွတ်ယူပြီ။ 7မောသောသူသောက်ဖို့ ရေကိုမပေး။ ငတ်မွတ်သောသူကို မကျွေး။ 8အားကြီးသောသူမူကား မြေကိုပိုင်ရ၏။ ဂုဏ်အသရေရှိသောသူသည် နေရသောအခွင့်ကိုရ၏။ 9သင်သည် မုဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကို ချိုးပြီ။ 10ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။ 11မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။ 12ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှလောက် မြင့်ကြသည်တကား။ 13သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။ 14မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။ 15ကာလအချိန်မစေ့မီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊ 16အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဖို့ အဘယ်သို့ ပြုနိုင်သနည်းဟူ၍လည်းကောင်း၊ 17ဆိုတတ်သော အဓမ္မလူတို့ လိုက်ဖူးသောလမ်းဟောင်းကို သင်သည် လိုက်ဦးမည်လော။ 18သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည်ဝန်မခံ။ 19ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူတို့ကို ကဲ့ရဲ့တတ်ကြ၏။ 20အကယ်စင်စစ် ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။
21ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိတ်သဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။ 22နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။ 23အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှားလျှင်၊ 24ရွှေကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ဩဖိရရွှေကို မြစ်၌ရှိသော ကျောက်စရစ်ကဲ့သို့လည်းကောင်း သိုထားရလိမ့်မည်။ 25ထိုအခါ အနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။ 26သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။ 27သင်ဆုတောင်းသောအခါ နားထောင်တော်မူမည်။ သစ္စာကတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသောအခွင့် ရှိလိမ့်မည်။ 28သင်ကြံစည်သောအကြံအစည်သည် ထမြောက်၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။ 29သူတစ်ပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်က ချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။ 30အပြစ်မကင်းသောသူကိုပင် ကယ်နုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၂၂ (အနက်ဖွင့်)

(ဂ)တတိယအချီ (အခန်း ၂၂-၃၁)

၁။ ဧလိဖတ်၏တတိယအချီစကား (အခန်း ၂၂)

တတိယအချီတွင် ဧလိဖတ်နှင့်ဗိလဒတ်တို့သည့် ဝန်ခံခြင်းဖြင့် စကားလျှော့ ရုတ်သိမ်းသွားကြသည်။ ဇောဖာမူ လျှာမရှည်တော့ပါ။ ခေါင်းငုံ့တိတ်ဆိတ်သည်။ ယောဘ၏ သူ့မိတ်ဆွေများစွဲချက်သည် ခိုင်လုံမှုမရှိဟုချေပသည်။ ယောဘသည် သူ့ကိုသူ ကြောင်သူတော်ကြွက်သူခိုးမဟုတ်မှန်းသိသည်။ မိမိကိုယ်ကို အထင်ကြီးပြောဆိုခြင်းမဟုတ်မှန်းသိသည် (အခန်း၁ တွင် ယောဘသည် အပြစ်မဲ့သူမဟုတ် မိမိကိုယ်ကို နှိမ့်ချတတ်သူ ဟုဆိုထားသည်။) ဧလိဖတ်၏နောက်ဆုံးတခေါက်စကားသည် သမာမသတ်ကျသည်။ ယဉ်ကျေးသိမ်မွေ့သည်။ ကြားသာခံသာရှိသည်။ သို့သော် တရားဓမ္မမကျသေး။

၂၂:၁-၁၁ ဧလိဖတ်စကားသည် ယောဘ၏ လုပ်ဆောင်ချက်များအား ဘုရားသခင်ကမကျေနပ်သောကြောင့် အရေးယူခြင်းဖြစ်ကြောင်း အပြစ်ဆိုသည်။။ ခေတ်ကာလလူကြီးသူမစကားအရ ဆင်းရဲသူများအား မတရားပြုခြင်း၊ ရေငတ်သူအား ရေတမှုတ်မပေးလိုငြင်းဆန်ခြင်း၊ ဆာလောင်ငတ်မွတ်သူအား နှင်ထုတ်ခြင်း၊ မုဆိုးမနှင့်မိဘမဲ့ကလေးများ မထီမဲ့မြင်ပြုသူများသည် ဘုရားသခင်၏ဆုံးမခြင်း ခံရသည်ဟု ခံယူကြသည်။ ယောဘသည်လည်း ထိုအပြစ်ဒုစရိုက်ကျူးလွန်သည်ဟု ဧလိဖတ်က စွပ်စွဲသည်။ ထိုစကားသည် မှန်ကန်သော်လည်း ယောဘ ဘဝနှင့်မသက်ဆိုင်။ ယောဘသည် လူမှုရေးအသိုင်းအဝိုင်းတွင် နှံ့စပ်ကျင်လည်သည်။ စေတနာ သဒ္ဒါရက်ရောစွာစွန့်ကြဲပေးကမ်းသူဖြစ်သည်။

၂၂:၁၂-၂ဝ ဘုရားသခင်သည် မြင့်မားလှသော ကောင်းကင်ဘုံတွင်စိုးစံသောကြာင့် လူ့ဘုံလောကကို မမြင်နိုင်ဟု ယောဘမထင်ပါ။ အကယ်၍ အပြစ်ဒုစရိုက်များ ဆက်လက် ကျူးလွန်လျှင် ဘုရားသခင်က နောဧလက်ထက်၌ ကမ္ဘာကြီး ရေလွှမ်းမိုးစေ၍ ကမ္ဘာမြေသန့်စင်သကဲ့ကို့ ဒီရေ အကျမှာပါသွားမည်ဟုသတိပေးလိုက်သည်။ ထိုကာလ၌ လူဆိုးများ အရေးယူအပြစ်ပေးခြင်းခံနေရခိုက် ဖြောင့်မတ်သောသူများ ပျော်ရွင်ခဲ့ကြသည်။ ယောဘဘဝတွင် လည်း ထိုအဖြစ် သနစ်မျိုး ရွှေးချယ်စရာပေါ်လာမည်၊

၂၂:၂၁-၃ဝ ဧလိဖတ်က ယောဘသို့ပြောစကားသည် မှတ်သားနာယူဖွယ်ကောင်းသည်။ “ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှကောင်းစားခြင်းသို့ ရောက်လိမ့်မည်” (ငယ်၂၁) “ထိုအခါ အနန္တတန်ခိုးရှင်သည်သင်၌ ရွှေရတနာ၊ သင်သုံးရသော ငွေဖြစ်တော်မူလိမ့်မည်” (ငယ်၂၅)၊ “သင့်ကြံစည်သမျှသည် အထမြောက်၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်” (ငယ်၂၈)၊ ထိုစကားများသည် ခန့်ညားသည်သာမက နောင်တရစရာစကားဖြစ်သည်။ “အနန္တတန်ခိုးတော်ရှင်သို့ဖြစ်လာလျှင် တည်ဆောက်ခြင်းရှိလိမ့်မည်”၊ “ဒုစရိုက်ဖယ်ရှားမည်” ဟု ဆောက်တည်ဖြေဆည်ရာစကားဆိုထားသည် တစ်ခုရှိသည်မှာ ထိုကာလတွင် ယောဘသည် အပြစ်ဒုစရိုက် နွံနစ်နေသူမဟုတ်။ ဧလိဖတ်စကားကို Barnes ကဤသို့ဆိုထားသည်။

အနန္တတန်ခိုးရှင်က ကွယ်ကာလုံခြုစေသည်။ ဘုရားသခင်၌ ပျော်ရွှင်ခြင်းရှာတွေ့စေသည်။ သူ့ဆုတောင်းသံကို ဘုရားရှင်တော် နားညောင်း၍ သူသွားရာလမ်းခရီးကို အလင်းပေးသည်။ အခြားသူများ အောက်ကျို့နေကြချိန်တွင် သူသည်အောင်ပွဲခံနေသည်။၂၁

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။