ယောဘ၀တ္ထု - ၂၁

အဘယ်ကြောင့်လူဆိုးတို့ အပြစ်မခံရသနည်း
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊ 2ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့်ခြင်းကို ပြုကြလော့။ 3ငါပြောရသောအခွင့်ရှိစေခြင်းငှာ သည်းခံကြလော့။ ငါပြောပြီးမှ ပြက်ရယ်ပြုချင်လျှင် ပြုကြလော့။ 4ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။ 5ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပါးစပ်ကို သင်တို့လက်နှင့် ဖုံးအုပ်ကြလော။ 6ငါသည် အောက်မေ့သောအခါ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
7လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြသနည်း။ 8သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင်အရပ်၌လည်းကောင်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက်၌လည်းကောင်း နေရာကျကြ၏။ 9သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။ 10သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက် ဖွားတတ်၏။ 11သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။ 12သူတို့သည် ပတ်သာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။ 13ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ချင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။ 14ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍လည်းကောင်း၊ 15အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။ သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်း ဟူ၍လည်းကောင်း ဆိုတတ်ကြ၏။ 16သို့သော်လည်း သူတို့သည်ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။ 17မတရားသောသူတို့၏ မီးခွက်သည်သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှာ ဘုရားသခင်သည် အမျက်တော်ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူဖူးသည်ကိုလည်းကောင်း၊ 18သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက်သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဖူးသည်ကိုလည်းကောင်း၊ 19ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဖို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဖူးသည်ကိုလည်းကောင်း၊ သူသည်ကိုယ်တိုင်သိ၍၊ 20ကိုယ်ပျက်စီးခြင်းကို ကိုယ်မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှာ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် ဆပ်ပေးတော်မူဖူးသည်ကိုလည်းကောင်း သိမှတ်ကြလော့။ 21သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ဆိုင်သနည်း။ 22မြင့်သောအရပ်၌ နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကို အဘယ်သူ သွန်သင်လိမ့်မည်နည်း။ 23တစ်ယောက်သောသူကား ခွန်အားနှင့် ပြည့်စုံလျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။ 24သူ၏နံဘေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်းခြင်ဆီနှင့် စိုစွတ်ကြ၏။ 25တစ်ယောက်သောသူကား တစ်ခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။ 26နှစ်ယောက်လုံးတို့သည် မခြားမနား၊ မြေမှုန့်၌အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။ 27သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသောစိတ်နှင့် ဆင်ခြင်သောအရာတို့ကို ငါသိ၏။ 28အာဏာထားတတ်သောသူ၏အိမ်သည် အဘယ်မှာရှိသနည်း။ မတရားသောသူတို့၏ ဘုံဗိမာန်တို့သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့်မည်။ 29ခရီးသွားသောသူတို့ကို မမေးကြဖူးသလော။ 30ဖျက်ဆီးရာနေ့ရက်ကာလဖို့ မတရားသောသူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလဖို့ ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသော သူတို့လက္ခဏာသက်သေများကို မသိကြသလော။ 31သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူ ဖော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။ 32သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။ 33သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင် များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။ 34သို့ဖြစ်၍ သင်တို့ပြန်ပြောသောစကား၌ မုသားပါသောကြောင့်၊ အဘယ်သို့ ငါ့ကို အချည်းနှီး နှစ်သိမ့်စေကြလိမ့်မည်နည်းဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၂၁ (အနက်ဖွင့်)

၆။ ယောဘ၏ဒုတိယကြိမ်ချေပချက် (အခန်း ၂၁)

၂၁:၁-၂၂ ယောဘကသူ့စကားအား အလေးထားနားဆင်ကြရန် ကြိုတင်သတိပေးလိုက်သည်။ သူ့စကားများသည် သူ့သဘောသဘာဝအား ဆန့်ကျင်ခြင်းမဟုတ်ပါ။ လူ့အသိတရားနှိုးထစေဖို့ဖြစ်သည်။ လူယုတ်မာများ၊ ဘုရားတရားမသိသူများသည် လည်းကြွယ်ဝချမ်းသာ၍ တနေ့တခြားဒီရေအလား ဥစ္စာစီးပွားတိုးတက်ကြသည်။ မှန်ပါသည်၊ ဘေးရန်မခ၊ ဒုက္ခမရောက်ကြပါ။ ဘုရားတရားမသိသော်လည်း ဘဝအဆင်ပြေနေကြပါသည်။ ထိုဘုရားတရားမသိသူများ၏ လူ့ဘဝ လူ့လောကစည်းစိမ်အောင်မြင်ကြ ပုံကို မကြာခဏတွေးတော်ဆင်ခြင်မိပါသည်။ သူတို့ဘဝ လွင့်ပါးမည့်အချိန်မည်သို့ဆိုနိုင်သနည်။

ထိုသူ၏သားသမီးအတွက် ဒုစရိုက်အကျိုးဆက်ကို ဘုရားသခင်ရန်ထားတော်မူသည်ဟုဆိုပါဦး။သူ့ကိုယ်တိုင်သိရစေရန် သူကိုယ်တိုင်ပေးဆပ်တော်မူပါစေ။ ကိုယ့်မကောင်းကျိုးကို ကိုယ်မျက်စိဖြင့်မြင်ရလျက်၊ အနန္တတန်ခိုးရှင်၏ အမျက်တော်ကို သူ့ကိုယ်၌ ခံသောက်ရပါစေ။ထိုသို့ဆိုသော် သူ့လ ရက်အပိုင်းအခြားတဝက်မျှနှင့် ဆုံးပြီးသည့်နောက် အိမ်သူအိမ်သားတို့အား မည်သို့ အာရုံပြုနိုင်တော့အံ့နည်း (ငယ် ၁၉-၂၂ TEV)။

၂၁:၂၃-၃၄ လူတဦးသည် လောကစည်းစိမ်အပြည့်အဝခံစားပြီမှ သေလွန်သည်။ အခြားတစ်ယောက်သည် ခါးသီးစွး လူ့ဘဝကိုကျော်လွန်သည်။ သို့သော်လည်း ထိုနှစ်ယောက်စလုံးသည် လူ့ဘဝ အလွန်တွင် ဘဝတူမြေမှုန့်ဖြစ်သွားကြသည်။ ဆိုးသွမ်းသောသူများသည် မျက်မှောက်ကာလတွင် ဝဋ်လည် သည်ဟု ယောဘမိတ်ဆွေများ ပြောစကားအတိုင်း ယူဆရလျှင် လူ့ဘဝသည် ထိုကာလအတွက်ထည့်သွင်းစဉ်စားစရာမရှိတော့ပါ။ ဤလူ့ဘဝသည် ပျော်ချင်ရာ ပျော်လုပ်ချင်ရာလုပ်ဖို့ ဖြစ်နေရေ့ာမည်။ အဘယ်သူကမှ ယောဘအား ဒုက္ခပေးမည့်သူရှိမည်မဟုတ်။ သေသည့်အခါတွင်လည်း အများသူငါနည်းတူသေမည်။ ယောဘက ‘သင်တို့စကား” များသည့် ငါ့အတွက် အချည်းနီးဖြစ်သည်။ မုသာစကားများဖြစ်သည် (ငယ် ၃၄)ဟုချေပသည်။

ယောဘ၏ဒုတိယအကြိမ် ချေပစကားသည် ယောဘနှင့်မိတ်ဆွေများအကြား ပြောစကားဖြစ်သည်။ သူ့ကိုလာရောက်နှစ်သိမ့်သူများစကားသည် ယောဘ၏ အပြစ်ဒုစရိုက် ဖော်ထုတ်သည်။ သို့သော် လက်မလျှော့သေး တဖန်လာကြဦးမည်။

ယောဘဝတ္ထုထဲမှ ပြဿနာစကားသည် အဖြေရှာမရနိုင်သေး။ ဖြောင့်မတ်သောသူများသည် အဘယ်ကြောင့် ဆင်းရဲဒုက္ခခံစားကြရသနည်း။ မည်သိုပင်ဆိုစေ ယောဘ၏စကားများတွင် အမှောင်အငွေ့ဆိုင်းနေသာ်လည်း မျှော်လင့်ချက်ရောင်ခြည်သန်းကြောင်းတွေ့ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။