ယောဘ၀တ္ထု - ၁၇

ကယ်တင်ရန်ဆုတောင်းခြင်း
1ငါ့အသက်ကုန်ပြီ။ ငါနေရသောကာလ လွန်ပြီ။ သင်္ချိုင်းသည် ငါ့အဖို့ဖြစ်၏။ 2ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည် မဟုတ်လော။ သူတို့နှောင့်ယှက်သော အခြင်းအရာတို့ကို အစဉ်ငါကြည့်မြင်ရသည် မဟုတ်လော။ 3အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ကတိသစ္စာထားမည်နည်း။ 4ကိုယ်တော်သည် သူတို့ဉာဏ်ကို ကွယ်စေတော်မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။ 5အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှာ အဆွေခင်ပွန်းကိုအပ်၏။ ထိုသူ၏သားတို့သည် မျှော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။ 6ငါ့ကို သူတစ်ပါးကဲ့ရဲ့စရာအကြောင်း ဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံကြ၏။ 7ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိမှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။ 8ဖြောင့်မတ်သောသူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သောသူတို့သည် အဓမ္မလူများတစ်ဘက်က ကိုယ်ကိုကိုယ် နှိုးဆော်ကြလိမ့်မည်။ 9ဖြောင့်မတ်သောသူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွားခြင်း ရှိကြလိမ့်မည်။ 10သင်တို့မူကား တစ်ယောက်မျှမကြွင်း၊ ပြန်သွားကြပါတော့။ သင်တို့တွင် ပညာရှိတစ်စုံတစ်ယောက်ကိုမျှ ငါမတွေ့နိုင်။
11ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံအစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။ 12ညသည် ငါ၌နေ့ကဲ့သို့ဖြစ်၍၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။ 13သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမျှော်လင့်၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။ 14ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ ဟူ၍လည်းကောင်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ၍လည်းကောင်း ငါဆိုရ၏။ 15သို့ဖြစ်၍ အဘယ်သို့ ငါမျှော်လင့်ရသနည်း။ ငါမျှော်လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း။ 16ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၁၇ (အနက်ဖွင့်)



ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။