ယောဘ၀တ္ထု - ၁၆

မိမိအပြစ်ကင်းခြင်း
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊ 2ထိုသို့သောစကားများတို့ကို ငါကြားဖူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှာ ပြုသော်လည်း၊ ပင်ပန်းစေသောသူ ဖြစ်ကြပါသည်တကား။ 3အချည်းနှီးသောစကား မကုန်နိုင်သလော။ သင်သည် စကားတုံ့ပြန်ပြောခြင်းငှာ အဘယ်ကြောင့် ရဲရင့်သနည်း။ 4သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည် သင်တို့တစ်ဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။ 5ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။ 6ယခုမှာငါသည် ပြောသော်လည်း မသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။ 7ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။ 8ငါ့ကို ခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည် ငါ့တစ်ဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည်လည်း ငါ့တစ်ဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက်သေခံ၏။ 9အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို မျက်စောင်းထိုး၏။ 10သူတစ်ပါးတို့သည် ငါ့ကိုပါးစပ်ဟကြ၏။ အရှက်ခွဲ၍ ပါးကိုပုတ်ကြ၏။ ငါ့တစ်ဘက်က တညီတညွတ်တည်း စုဝေးကြ၏။ 11ဘုရားသခင်သည် ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏လက်သို့ အပ်တော်မူပြီ။ 12ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေခြင်းငှာ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော်မူ၏။ 13မြားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော်မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကို မြေပေါ်၌ သွန်းတော်မူ၏။ 14ငါ့ကို အထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။ 15ငါသည် ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကိုချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။ 16ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက်ခမ်းအပေါ်မှာ သေခြင်းအရိပ် လွှမ်းမိုးလျက်ရှိ၏။ 17သို့သော်လည်း ငါ့လက်၌ မတရားသောအမှု မရှိ။ ငါပြုသောပတ္ထနာသည် သန့်ရှင်း၏။ 18အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။ 19ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ်မှာရှိ၏။ 20ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။ 21လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့် ရှိပါစေသော။ 22နှစ်ပေါင်းမကြာမမြင့်မီ တစ်ဖန်ပြန်၍ မလာရသောလမ်းသို့ ငါလိုက်သွားရတော့မည်။

ယောဘ၀တ္ထု - ၁၆ (အနက်ဖွင့်)

၂။ယောဘ၏တုန့်ပြန်စကား (အခန်း ၁၆၊၁၇)

၁၆:၁-၅ ဧလိဖတ်၏စကားများကိုတခွန်းမကျန် ယောဘတုန့်ပြန်ချေဖျက်သည်။ “ရေနစ်သူဝါးကူထိုး” သူများဟုတုန့်ပြန်ချေပသည်။ အကယ်၍ယောဘ နေရာတွင် ဧလိဖတ်တို့နေမည်ဆိုလျှင် ယောဘသည် ဧလိဖတ်တို့စကားမျိုးပြောမည်မဟုတ်။ နှစ်သိမ့်အားပေးစကားပြောမည်။

၁၆:၆-၁၄ သို့သော် ယခုကာလတွင် ဘုရားသခင်က ယောဘအား ဘုရားတရားမသိသောသူများဖြင့် ချီနှောင်ပြီး မခံမရပ်အောင် ထိုးဆွနေပြီ။ ခန္ဓာ ကိုယ်အနာရောဂါအပေါ်သို့ စိတ်ညစ်ခြင်းထပ်ပေးနေပြီ။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာသလား။ မြေနှိမ့်မှာ စိုက်ချင်ကြသလား။ ထိုသို့ဆိုရာတွင်ယောဘသည် ဒုစရိုက်အပြစ်သမားဟုဆိုလိုခြင်းမဟုတ်။

၁၆:၁၅-၂၂ အဝတ်စုတ်ကို ခန္ဓာကိုယ်ပေါ်မှာ ချုပ်လျှက် (တကယ်မချုပ်ပါ ချုပ်ထားသကဲ့သိုကပ်ထားသည်ကိုဆိုလိုသည်။) နေ့ညဉ့်စဉ်ဆက်ဝေဒနာခံစားသည်။ နှစ်သိမ့်အားပေးမည့်မိတ်ဆွေမရှိ အားငယ်နေသဖြင် ပြန်လမ်းမရှိသောလမ်းသို့ သွားပစ်ချင်သည်။

ငယ်၉-၁၉ မှ အချို့ကျမ်းပိုဒ်များကို ဆာလံကျမ်းတွင် မေရှိယသခင်အားရည်ညွန်းရာတွင် ထပ်သုံးထားသည်။ ထို့ကြောင့် ယောဘစကားများသည် သူ့ဘဝဖြစ်စဉ်အား သက်သက်ဖွဲ့ဆိုထားခြင်းမဟုတ်။ ခရစ်တော် ဘုရားခံစားရသည့် ဆင်းရဲဒုက္ခအား နိမိတ်ပြခြင်းဖြစ်ကြောင်း နားလည်ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။