ယောဘ၀တ္ထု - ၁၅

ဧလိဖတ်မြွက်ဆိုခြင်း
1တစ်ဖန် တေမန်အမျိုးသားဧလိဖတ် မြွက်ဆိုသည်ကား၊ 2ပညာရှိသောသူသည် လေနှင့်တူသော အချည်းနှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေနှင့် ပြည့်စေသင့်သလော။ 3အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သောစကားနှင့် ဆွေးနွေးသင့်သလော။ 4သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆုတောင်းပတ္ထနာပြုရာဝတ်ကို ဆီးတားတတ်၏။ 5သင်သည် ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကိုဖော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကိုသုံးတတ်၏။ 6ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တစ်ဖက်၌ သက်သေခံ၏။ 7သင်သည် အဦးဆုံးဖွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမီ သင့်ကိုဖန်ဆင်းသလော။ 8ဘုရားသခင်နှင့် တိတ်ဆိတ်စွာ တိုင်ပင်ဖူးသလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီလော။ 9ငါတို့မသိ၊ သင်သိသောအရာ မည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာ မည်မျှရှိသနည်း။ 10သင့်အဘထက် အသက်ကြီးသောသူ၊ ဆံပင်ဖြူသောသူတို့သည် ငါတို့တွင်ရှိကြ၏။ 11သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ ဝှက်ထားသောအမှု တစ်စုံတစ်ခုရှိသလော။ 12ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။ 13သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။ 14လူသည် အဘယ်သို့သောသူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဖွားသောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။ 15ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်း ရှေ့တော်၌ မစင်ကြယ်။ 16သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံရှာဖွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဖွယ်ရှိသနည်း။
17-19ငါ့စကားကို နားထောင်လော့။ တစ်ပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတစ်မျိုးတည်းလျှင် မြေကိုပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဖူးသောအရာ၊ ငါ့ကိုယ်တိုင် မြင်သောအရာကို ငါပြသမည်။ 20ဆိုးသောသူသည် တစ်သက်လုံး ဒုက္ခဆင်းရဲကိုခံရ၏။ ညှဉ်းဆဲတတ်သောသူသည် မိမိအသက်အပိုင်းအခြားကို မသိရ။ 21သူသည် ကြောက်မက်ဖွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီးသောသူသည် လာတတ်၏။ 22မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မျှော်လင့်စရာမရှိ။ ဓားသည် သူ့ကို ချောင်းမြောင်းလျက်ရှိ၏။ 23စားစရာကို ရှာ၍ လှည့်လည်ရ၏။ မိမိအဖို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။ 24ဆင်းရဲခြင်းဒုက္ခနှင့် နာကြည်းခြင်းဝေဒနာတို့သည် ထိုသူကို ခြောက်တတ်၏။ စစ်တိုက်ခြင်းငှာ အသင့်နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကိုနိုင်တတ်၏။ 25အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင် တစ်ဖက်ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။ 26လည်ပင်းကိုဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှာ ပြေး၏။ 27မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့်ဖုံးအုပ်၍၊ ဝမ်းပျဉ်းအသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။ 28သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူမျှမနေ။ လဲလုသောအိမ်တို့၌ သူသည်နေရ၏။ 29ငွေမရတတ်ရ၊ သူ၏စည်းစိမ် မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွားရ။ 30သူသည် မှောင်မိုက်ဘေးနှင့် မလွတ်ရ။ မီးလျှံသည် သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင်ပယ်ရှင်းခြင်းကို ခံရ၏။ 31အဘယ်သူမျှ လှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။ 32အချိန်မစေ့မီ ဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏အခက်အလက်သည် မစိမ်းရာ။ 33စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သောအသီးကိုလည်းကောင်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကိုလည်းကောင်း ချွေရလိမ့်မည်။ 34အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသောသူတို့၏ နေရာသည် မီးလောင်လိမ့်မည်။ 35ထိုသူတို့သည် မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဖွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌ မုသားကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၁၅ (အနက်ဖွင့်)

(ခ)ဒုတိယအချီ (အခန်း ၁၅-၂၁)

ဒုတိယအခေါက်တွင်လည်း ယောဘအား လာရောက်နှစ်သိမ့်သော မိတ်ဆွေများသည် နောင်တရခြင်းမရှိဘဲ ပိုမိုအပြစ်တင်ရှုတ်ချကြသည်။ ထို့ကြောင့်ယောဘသည် ပိုမိုဆိုးရွားလာသည်။

၁။ဧလိဖတ်၏ဒုတိယစကား (အခန်း ၁၅)

၁၅:၁-၆ တေမန်လူမျိုးဧလိဖတ်သည် ယောဘထံသို့ အလည်တခေါက်ရောက်လာပြန်သည်။ လေနှင့်အတူ လွင့်ပါးတတ်သောစကားကို ပြောလေရော့သလားဟုယောဘကို အပစ်ဆိုပြန်သည်။ အကောင်အထည် မမြင်ရသော ယောဘ၏ယုံကြည်မှုကို သရော်လှောင်ပြောင်သည်။ဘုရားသခင်ထံသို့ လျှောက်လဲသော ယောဘစကားများကို ထောက်၍ ဧလိဖတ်က ငါးကြင်းဆီနှင့်ငါးကြင်းပြန်ကြော်သည်ဟုထောက်ပြ သည်။ သို့သော် ထိုစကားသည် ယောဘအားပြန်လည် စွပ်စွဲရာမဟုတ်။ ယောဘ၏ အတွေးအမြင် ကျယ်ပြန်မှု့ကိုထုတ်ဖော်ခြင်းဖြစ်သည်။သူတော်ကောင်းယောင်ဆောင်နေသည်။ သူတော်ကောင်းဟန်ဆောင်ခြင်းသည် အကျိုးအမရှိ၊ အချဉ်းနီးဖြစ်သည်ဟုဆိုသည်။

၁၅:၇-၁၃ ဧလိဖတ်ကရင့်ရင့်သီးသီး ပြောရက်သည်။ ပညာကိုကိုယ်တွင်အကုန်အစင်သိမ်းထားမလော ဟုဆိုသည်။အားပေးနှစ့်သိမ့်စကားဆိုသည် ဘုရားသခင်တွင် ခွန်အားယူခြင်း။ ဘဝဆောက်တည်ရာနှင့် နှလုံးစိတ်ဝမ်းချမ်းမြေ့ရာဖြစ်စေရသည်။ ယခု ယောဘမိတ်ဆွေဧလိဖတ်စကားသည်ထိုကဲ့သို့မဟုတ် အနာပေါ်ဒုတ်ကျခြင်းဖြစ်သည်။

၁၅:၁၄-၁၆ ဘုရားသခင်၏ သန့်ရှင်းစင်ကြယ်ခြင်းနှင့်လူ၏အပြစ်များပြားပုံကို ဧလိဖတ်၏စကား၏ ၄:၁၇-၁၉ ဖော်ပြထားခဲ့ပြီးဖြစ်သည်။ ထိုစကားအတိုင်းဤကျမ်းချက်တွင် ထပ်ဆိုသည်။ သို့သော် ယောဘသည် ဧလိဖတ်က ဆုံးမရလောက်အောင်မည်သို့အပြစ်ပြုသနည်း။

ထိုအကြောင်းကို Ridout က ဤသို့ဆိုသည်။

ယောဘသည် အခြားလူများထက် အပြစ်များသူဖြစ်ကြောင်း၊ အဘယ်ကြောင့်စွပ်စွဲချင်သနည်း။ဧလိဖတ်၏စကားသွား စကားလာအရ ယောဘသည် ဆိုးသွမ်းဒုစရိုက်ကောင်ဖြစ်နေသည်. ထိုသို့ပြောခြင်းသည် ဧလိဖတ်ကိုယ်တိုင် ယောဘထက် အကုသိုလ်များပါသည်။ သာ၍ ဆိုးဝါးသူ၊ သိမ်ဖျင်းသူကသာလျှင် သူများစကားခွန့်တုန့်ပြန်လေ့ရှိသည်။၁၇

၁၅:၁၇-၂၆ ဘိုးဘေများလက်မှလာသော ပညာတရားအရ လူဆိုးများသည် ဆိုးသည့်အလျှောက် အနာရောဂါဝေဒနာခံကြသည်ကို ဧလိဖတ်က ဆုံးမသည်။

၁၅:၂၇-၃၅ ဆင်းရဲဒုက္ခအကုသိုလ်ဟူသည် လူမျိုးများအပေါ်သို့ တပူပေါ်နှစ်ပူဆင့် ရောက်လေ့ရှိသည်။ သို့ကြောင့် ဆင်းရဲဒုက္ခရောက်ခြင်းသည် အပြစ်ဒုစရိုက်၏နောက်ဆက်တွဲအကျိုးဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။