ယေရမိအနာဂတ္တိကျမ်း - ၂၈

ယေရမိနှင့်ဟာနနိ
1ထိုနှစျတညျးဟူသော ယုဒရှငျဘုရငျဇဒေကိ နနျးစံစတုတ်ထနှစျ၊ ပဉ်စမလတှငျ၊ ဂိဗောငျမွို့နေ၊ အာဇုရသားဟာနနိက၊ 2ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်။ 3ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသော ဗိမာန်တော်တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ 4ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များ၊ လူများအပေါင်းတို့ရှေ့မှာ ငါ့အားပြောဆို၏။ 5ထိုအခါ ပရောဖက်ယေရမိသည် ဗိမာန်တော်၌ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ရှေ့မှာ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား၊ 6အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရဘုရားသည် တစ်ဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသောစကား မှန်ကြောင်းကို ပြတော်မူပါစေသော။ 7သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသောစကားကို နားထောင်လော့။ 8ငါတို့မဖြစ်မီ ရှေးကာလ၌ဖြစ်ဖူးသော ပရောဖက်တို့သည်၊ များပြားသောပြည်၊ အားကြီးသော တိုင်းနိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေးရောက်မည်အကြောင်း၊ ကာလနာပေါမည်အကြောင်းတို့ကို ဟောပြောတတ်ကြ၏။ 9ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင်၊ သူ၏စကားပြည့်စုံသောအခါ စင်စစ် ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို၏။ 10ထိုအခါ ပရောဖက်ဟာနနိသည် ပရောဖက်ယေရမိလည်ပင်းမှ ထမ်းပိုးကိုယူ၍ ချိုးလျက်၊ 11ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသို့ လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာတင်သောထမ်းပိုးကို နှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်းတို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။
12ပရောဖက်ဟာနနိသည် ပရောဖက်ယေရမိ၏လည်ပင်းမှ ထမ်းပိုးကို ချိုးပယ်သောနောက်၊ တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊ 13သင်သွား၍ ထာဝရဘုရား၏အမိန့်တော်ကို ဟာနနိအားဆင့်ဆိုရမည်မှာ၊ သင်ချိုးသောသစ်သားထမ်းပိုးအစား၊ သံထမ်းပိုးကို လုပ်ရမည်။ 14ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အစေကိုခံစေခြင်းငှာ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းပိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏အစေကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ငါအပ်ပေးပြီဟု မိန့်တော်မူ၏။ 15ပရောဖက်ယေရမိကလည်း၊ ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည် သင့်ကိုစေလွှတ်တော်မမူ။ ဤလူမျိုးသည် မုသား၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။ 16ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ထာဝရဘုရားကိုပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည်သေရမည်ဟု ပရောဖက်ဟာနနိအားပြောဆို၏။ 17ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ်တွင်၊ သတ္တမလ၌သေလေ၏။

ယေရမိအနာဂတ္တိကျမ်း - ၂၈ (အနက်ဖွင့်)

(မိစ္ဆာပရောဖက် ဟာနနိသေခြင်း (အခန်း၂၈)

၂၈: အာဇုရသား မိစ္ဆာပရောဖက် ဟာနနိ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး (၂)နှစ်တာ ကြာမည်ဟု ပရောဖက်ပြုသည်။ ထိုပရောဖက်သည် ဖြစ်ချင်သောစိတ်ဖြင့် ဟောပြောခြင်းသာ ဖြစ်သည်။ ဟောထားသည့်အတိုင်း ဖြစ်မလာ။ စစ်မှန်သော ပရောဖက်က ဆင်းရဲဒုက္ခ ခံစားမည့်အကြောင်း ဟော၍ မိစ္ဆာပရောဖက်က ငြိမ်သက်ချမ်းသာမည့်အကြောင်း ပရိသတ်အကြိုက် ဟောသည်။

၂၈:၁၀၁၇ မိစ္ဆာပရောဖက်ဟာနနိသည် ယေရမိဂုတ်ပေါ်မှ သစ်သားထမ်းပိုးကို ချိုးဖျက်၍ ပရောဖက်ပြုချက်အတု ထုတ်ပြန်သည်။ ယေရမိသည် အဝေးသို့ ထွက်သွားသည် (ငယ်၁၁)။ ထိုအကြောင်းနှင့် ပက်သက်၍ KELLYက ပရောဖက် ယေရမိကို ဤသို့ထောက်ခံရှင်းပြသည်။

ဘုရားသခင်၏ ပရောဖက်များသည် ပြိုင်ဆိုင် အမှိုက်ခံသူများ မဟုတ်။ မြို့ရိုးပမာ ယုံကြည်ခြင်း ခိုင်မာသူ၊ ဘုရင်များ ယဇ်ပုရောဟိတ်နှင့် ပရောဖက်များကို အာခံရှင်းပြရဲသူ၊ ထိုကဲ့သို့သော ပရောဖက်ယေရမိသည် မိစ္ဆာပရောဖက်ဟာနနိ နှင့်အတိုက်အခံမလုပ်လို။

ထိုသို့ အဖက်မလုပ်လိုခြင်းမှာ ရှင်းရှင်းလေး ဖြစ်သည်။ ယေရမိသည် ဘုရားရှင် ဖော်ပြသည့်အတိုင်း သူ့လူများ နောင်တရကြဖို့ မျှော်လင့်သည်။ သူ့လူများသည် ကျေးဇူးတော်အား ကာလရှည်ကြာ ခံစားခဲ့ကြသော်လည်း လက်တွေ့ဘဝတွင် အသိတရား မပြည့်ဝကြ။ ဘုရားသခင်၏ နာမတော်အတုဖြင့် ရောက်လာသူအား လူအများက လွယ်လင့်တကူ တိမ်းညွတ်ကြသောအခါ ယေရမိ နေစရာမရှိ သဖြင့် ရှောင်ဖယ်သည်။ ထိုပရောဖက်နှစ်ပါးအကြား ဘုရားသခင်က တရားစီရင်မည်။ ယေရမိမှန်လျှင် ဟာနနိသည် မိစ္ဆာဆရာဖြစ်မည်။၃၁

နောက်ဆုံးတွင်မူ ဘုရားသခင်က တိုင်းသူပြည်သားများအား နေဗုခ်နေဇာမင်း၏ သံထမ်းပိုး ထမ်းခိုင်းသည်။ ဟာနနိလည်း မိစ္ဆာပရောဖက်မှန်း ထင်ရှားသွားသည်။ ထိုနှစ်တွင် သေမည်ဟု ပရောဖက်ပြုရာ နောက်(၂)လအကြာတွင် တကယ်သေသွားသည်။ (ငယ်၁တွင် ပါရှိသည့် ပဉ္စမလနှင့် ငယ်၁၇တွင် ပါရှိသည့် သတ္တမလတို့ကို ပေါင်းစပ်ယှဉ်ဖတ်ပါ)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။