ယေရမိအနာဂတ္တိကျမ်း - ၂၇

ကြိုးနှင့်ထမ်းပိုးသင်ခန်းစာ
1ယုဒရှင်ဘုရင် ယောရှိသားဇေဒကိမင်း နန်းထိုင်စက၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊ 2ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ကြိုးနှင့်ထမ်းပိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌တပ်လော့။ 3ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းပိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ပေးလိုက်လော့။ 4ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ 5ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကိုဆန့်လျက် မြေကြီးကိုလည်းကောင်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကိုလည်းကောင်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အားပေး၏။ 6ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန်ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဖို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။ 7သူ၏နိုင်ငံဆုံးချိန် မရောက်မီတိုင်အောင်၊ ဤပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေးအမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာသော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။ 8ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အစေကိုမခံ၊ သူ၏ထမ်းပိုးကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ဆုံးရှုံးစေခြင်းငှာ၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါအပြစ်ပေးမည်။ 9သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။ 10ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ရွှေ့သွားစေခြင်းငှာလည်းကောင်း၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာလည်းကောင်း မုသားစကားကို ဟောပြောတတ်ကြ၏။ 11ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းပိုးကိုထမ်း၍၊ သူ၏အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကိုငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
12ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ထမ်းပိုးကိုထမ်း၍၊ သူနှင့် သူ၏လူများအစေကိုခံလျက်၊ အသက်ချမ်းသာပါလော့။ 13ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသောလူမျိုးကို ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။ 14သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏အစေကို မခံရဟု၊ သင်တို့အားဟောပြောသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။ 15ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသားစကားကို ဟောပြောတတ်ကြ၏။
16ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အားလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို ငါပြန်ပြောသည်ကား၊ ကာလမကြာမမြင့်မီ၊ ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တစ်ဖန်ဆောင်ခဲ့လိမ့်မည်ဟု သင်တို့အား ဟောပြောသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။ 17သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗုလုန်ရှင်ဘုရင်၏အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်နည်း။ 18သူတို့သည် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသော တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်းပန်ကြလော့။ 19-21ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်ယောယကိမ်သား ယေခေါနိအစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော် အပေါင်းတို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောအခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသောတိုင်၊ ရေကန်၊ ရေကန်အခြေအမြစ်များ၊ ကျန်ကြွင်းသေးသောတန်ဆာများတို့ကိုရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ 22ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွားရလိမ့်မည်။ ငါအကြည့်အရှု မကြွလာမီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာတို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၂၇ (အနက်ဖွင့်)

(ထမ်းပိုးနိမိတ်လက္ခဏာ (အခန်း၂၇)

၂၇:၁၁ ယေဟောကိမ်မင်း လက်ထက် ပရောဖက်ပြုချက် ဖြစ်သည်။  (ငယ်၁)။ သို့သော် ဤအခန်းသည် အဓိကအားဖြင့် ဇေဒကိမင်းလက်ထက် အကြောင်းဖြစ်သည်။ အချို့က ကျမ်းချက်လွဲနေသည်ဟု ဆိုကြသည်။ တပါးအမျိုးသားရှင်ဘုရင် ငါးပါး၏ သံအမတ်ကြီးများ ယေရုရှလင်မြို့သို့ ရောက်ရှိလာကြပြီ။ ဗာဗုလုန်နိုင်ငံအား ဝိုင်းဝန်းတိုက်ခိုက်ကြရန် စစ်ရေးစစ်ရာ လာရောက်ဆွေးနွေးကြသည်။ ထိုသူများအား ဘုရားရှင်က ပရောဖက်ယေရမိဖြင့် အသိပေးသည်။  ဗာဗုလုန်မင်း၏ ထမ်းပိုးကိုထမ်းကြရာ ဘုရားသခင်က အမိန့်တော်ရှိသည်။ ဗာဗုလုန်ဘုရင်၏ ထမ်းပိုးထမ်းသူများသည် အချိန်တန်လျှင်ပြည်တော်သို့ ပြန်ဝင်ခွင့် ရကြမည်။ အကယ်၍ နာခံခြင်းမရှိ အာခံကြလျှင် ဗာဗုလုန်မင်းလက်ချက်ဖြင့် သေကြေဖျက်ဆီးကြမည်။ အကြားအမြင်ဆရာ၏ စကားများကို နားမယောင်ကြနှင့် ဟု သတိပေးလိုက်သည်။

၂၇:၁၂၂၂ ရှေးထုံးအစဉ်အလာကို လေးစားလိုက်နာကြသော ယုဒဗိမာန်တော်အကြောင်းနှင့် ပတ်သက်၍ RYRIE ကဤသို့ မှတ်ချက်ပေးထားသည်။

စစ်နိုင်သူများသည် စစ်ရှုံးသူများ၏ ရုပ်တုဆင်းတု ဘုရားများကို သိမ်းဆည်း၍ ကိုယ်ပိုင်ဘုရားအဖြစ် အပိုင်စီးကြသည်။ ယုဒဝါဒသည် ကိုင်တွယ်စရာ မရှိသော ဘာသာတရား ဖြစ်သောကြောင့် ဗိမာန်တော်ရှိ ပန်းအိုးများကို ဘုရားအဖြစ် သိမ်းဆည်းသွားကြသည်။၃၀

ဇေဒကိမင်းအား ဗာဗုလုန်မင်း၏ ထမ်းဘိုးကို ဝန်ခံရန်နှင့် ဖော်လံဖား ပရောဖက်များ၏ မုသာစကား နားမယောင်သင့်ကြောင်း၊ ဗာဗုလုန်သားများ သိမ်းဆည်းသွားသော ဘုရားအိမ်တော် ပန်းအိုးများသည်လည်း အချိန်တန်လျှင် ပြန်ရောက်မည့်အကြောင်း ယေရမိက ဖျောင်းဖျ နားသွင်းသည်။ ယေရုရှလင်ရှိဘုရားအိမ်တော်မှ ပန်းအိုးများ၊ ဗာဗုလုန်သို့ ယူဆောင်ခြင်း တားမြစ်ရန် ပရောဖက်များက တိုက်တွန်းကြသည်။ သို့သော် ထိုအကြံအစည်သည် အချည်းနှီးသာ ဖြစ်သည်။  ထိုပန်းအိုးများသည် ဗာဗုလုန်သို့ ရောက်ကုန်သည်။ ဗာဗုလုန်တွင် နှစ်ပေါင်း (၇၀)ကြာဦးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။