ယေရမိအနာဂတ္တိကျမ်း - ၁၇
ယေရမိအနာဂတ္တိကျမ်း - ၁၇ (အနက်ဖွင့်)
(င) ယေရမိ၏တည်ကြည်ခိုင်မြဲခြင်း
(အခန်း ၁၇:၁၉-၂၇)
၁၆:၁၉–၂၁ တပါးအမျိုးသားများ ရုပ်တုဆင်းတု ကိုးကွယ်ရာမှ ဘုရားသခင်ထံသို့ ကူးပြောင်းလာမည့် အကြောင်းကို ယေရမိကြိုမြင်သည်။ အပိုဒ်ငယ်(၂၁)တွင် ယုဒလူမျိုးအား ဆုံးမပဲ့ပြင်ခြင်း ခံကြစေရန် ဘုရားသခင်၏ ခိုင်မာသော သဘောထားကို တွေ့ကြရသည်။
၁၇:၁–၁၁ ယုဒတို့သည် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းအား အရိုးစွဲကြသောကြောင့် မိမိတို့ နေရပ်ဒေသမှ မောင်းထုတ်၍ သူတပါး ဖမ်းဆီးကျွန်ပြုခံရသည်။ ဘုရားသခင်၏ တောင်တော် ယေရုရှလင်သည် လူများ ဝတ်ပြုရာ ဖြစ်သော်လည်း ကျိန်ခြင်းမင်္ဂလာ သင့်ရပြီ။ ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းသည် ကောင်းကြီးမင်္ဂလာ ဖြစ်သော်လည်း လူများသည် အမှန်တကယ် ယုံကြည်ကိုးစားခြင်း မပြုကြ။ “မတရားသဖြင့် ဥစ္စာဆည်းပူးသူသည် အသက်ပျိုစဉ်ကပင် ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ လူမိုက်ဖြစ်သည်” ။
အပိုဒ်ငယ်(၉)သည် လူသိမထင်ရှားသော်လည်း သမ္မာတရားအစစ် ဖြစ်သည်။ လူ့စိတ်နှလုံးသည် ပီပြင်စွာ ဖော်ပြသော ကျမ်းပိုဒ်ဖြစ်သည်။ R.K. Harrison က “အန္တရယ်ကြီးမားသော ဆိုးညစ်မှု” ဟု ဆို၍ KJV ကျမ်းမှုတွင် “သေလောက်သော ရောဂါ” ဟု ဆိုသည်။
အသက်တာ တဖန်ပြောင်းလဲခြင်း မရှိသော လူ့ဇာတိသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကင်းဝေးသည်။ ဤအပိုဒ်ငယ်(၉)ကို RSV ကျမ်းတွင်မူ အပြင်းအထန် ပျက်စီးခြင်းဟု၎င်း NEB ကျမ်းမူတွင် အသဲအသန် ဖျားနာခြင်း ရောဂါဟု၎င်း ဆိုထားသည်။ ၁၅:၁၈ နှင့် ၃၀:၁၂ တွင် ကုစား၍ မပြောင်းနိုင်သော အနာရောဂါဟု ဆိုသည်။ မျိုးဆက်သစ်တိုင်း၏ ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်၌ တဖန်မွေးဖွားရန် လိုအပ်ပါသည်။ (ယော ၃:၅ နောက်ပိုင်း နှင့် တိ၃:၅ တို့ကို ယှဉ်ဖတ်ကြည့်ပါ)၂၀။
ဤကျမ်းစကားကို စိတ်နှလုံးထဲတွင် ဘဝင်ကျချင်မှ ကျမည်။ ပိုမိုနားလည်နိုင်ရန် Matthew Henry ၏ ရှင်းပြချက်ကို နားထောင်ဖတ်ရှုကြည့်ကြပါစို့။
လူ့စိတ်နှလုံးသည် ဆိုးညစ်မိုက်မဲခြင်း သိုက်မြိုယံဖြစ်သည်။ သို့သော် မိမိစိတ်နှလုံးသည် ထိုသို့ မိုက်မဲကြောင်း မထင်မှတ်ကြ။ ထိုမျှ ဆိုးရွားမည်ဟု မထင်မြင်ကြ။ အမှန်စင်စစ် လူ့စိတ်နှလုံးသည် ထင်သည်ထက် ပိုမိုဆိုးဝါးပါသည်။ မိမိစိတ်နှလုံး မိုက်မဲမှု အသိတရားတွင် လူသည် သူငယ်နှပ်စားအဆင့်သာ ရှိကြသည်။ စိတ်နှလုံး၊ လူ့အသိဉာဏ်တရားသည် ကောက်ကျစ်စဉ်းလဲမှုတွင် သရဖူဆောင်းသည်။ စဉ်းလဲယုတ်မာမှု၏ ဘူမိနက်သန်နေရာ ဖြစ်သည်။ ပါးနပ်စွာလည်း မှားယွင်းတတ်သည်။ စဉ်းလဲယုတ်မာသည်။ ယာကုပ်၏ အမည်နာမအတိုင်း ကောက်ကျစ်စဉ်းလဲသည်။ ပျားရည်စမ်းသောအဆိပ်၊ အဆိပ်ပါသော သကာကဲ့သို့ ဖြစ်သည်။ ဆေးဆိုး ပန်းရိုက်မျက်နှာထား အမျိုးမျိုး ပြောင်းလဲတတ်သော်လည်း အတွင်းသရုပ်မှာ ပုပ်ပျက်နေသည်။ ငြိမ်သက်ခြင်း ဟု နှုတ်ဖျားမှ ကြွေးကြော်သော်လည်း စိတ်နှလုံးမှာမူ ဗလောင်ဆူနေသည်။ ထိုသို့သောသူများ၏ ရင်ထဲတွင် ဘုရားသခင်မရှိ။ ဘုရားသခင်ကို မမြင်နိုင်။ ဘုရားသခင်ကိုလည်း အလိုမရှိကြ။ ငြိမ်သက်ခြင်းရှိလေဟန် လူမြင်ကောင်းအောင် လုပ်ကြသည်။ လူ့စိတ်နှလုံးသည် လိမ်ညာကောက်ကျစ်ခြင်းဖြင့် ပြည့်နှက်သည်။ မူယာမာယာ ကြွယ်ဝသည်။ ထိုသို့ ဟန်ဆောင်လိမ်ညာခြင်းက မိမိကိုယ်ကို ပြန်လည်ပျက်စီးစေပါသည်။ မိမိကိုယ်ကို လိမ်ညာခြင်းဖြင့် လှည့်ဖျားဖျက်ဆီးတတ်ကြသည်။ လူ့စိတ်နှလုံးသည် ကြောက်ခမန်းလိလိ ဆိုးညစ်သည်။ ဆိုးဝါးသည်။ အပြင်းအထန် ဆိုးဝါးသည်။ မတရားမှုကို နှစ်သက်လွယ်သည်။ အမှာအယွင်းများ၏ မိခင်၊ ပျက်စီးခြင်း၏ ဦးစီးဦးဆောင်ဖြစ်သည်။ ဘုရားသခင်၏ အလင်းဖြင့် မီးမောင်းထိုးကြည့်လျှင် အဘယ်မျှဆိုးညစ်ကြောင်း တွေ့ရှိရမည်နည်း။ မိမိစိတ်နှလုံး ဆိုးညစ်မှုကို အဘယ်သူ မြင်နိုင်မည်နည်း။ လူ့စိတ်နှလုံး ဆိုးညစ်ပုံကို မည်သူ သိရှိနိုင်သနည်း။၂၁
၁၇:၁၂-၁၈ ယုဒတို့၏ နေရာကို လုံခြုံသန့်ရှင်းသော ဌာနတော် အဖြစ် သတ်မှတ်ပေးထားသောကြောင့် ယေရမိက ဘုရားသခင်အား ချီးမွမ်းသည်။ ဣသရေလတို့၏ မျှော်လင့်ရာ ထာဝရဘုရားကို ယုဒလူမျိုးများအစား ကျေးဇူးစကား ဆိုသည်။ ကွယ်ကာစောင့်မခြင်း၊ အနာရောဂါကင်းငြိမ်းခြင်းအတွက် နာမတော် ချီးမွမ်းသည်။ ပရိသတ်ကလည်း ဘုရားသခင်က အပြစ်တရားစီရင်မည်ဟူသော ကတိတော်သည် အဘယ်မှာနည်းဟု မေးငေါ့ကြသည်။ ယေရမိက ဘုရားသခင်ထံ ထပ်မံလျှောက်လဲသည်။ သူသည် ဘုရားသခင်၏ အိုးထိန်းဘဝမှ ထွက်ပြေးရန် မကြိုးစားပါ။ ယေရုရှလင်မြို့ ပျက်စီးမည့် အမင်္ဂလာသတင်းကိုလည်း မကန့်ကွက်ရဲပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်စကားကိုသာ ဟောပြောပါမည်ဟု ဆိုမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မထီလေးစား ပြက်ယယ်ပြုသူများကိုသာ အပြစ်တရား စီရင်ဖို့ တောင်းလျှောက်သည်။
(စ) ယေရမိ၏ ဥပုသ်နေ့အကြောင်း ဒေသနာ (၁၇:၁၉–၂၇)
ဤတံခါးတို့ဖြင့် ဝင်ထွက်သွားလာသော ယုဒဘုရင်များနှင့် ယုဒပြည်သူ ယေရုရှလင်သားများသို့ ဥပုသ်နေ့အကြောင်း မိန့်တော်မူသည်။ အကယ်၍ သတိပေးချက် (ယေရုရှလင်မြို့ ပျက်သုဉ်းမည့်အကြောင်း) နာခံ၍ ယုံကြည်ခြင်းရှိကြလျှင် ဒါဝိဒ်၏ နန်းမျိုးနွယ်ဆက် ထီးမွေနန်းမွေ ခံစားကြမည်။ ဗိမာန်တော်တွင်လည်း ချမ်းမြေ့စွာဝတ်ပြုမည်ဟု ကတိတော်ပြုထားသည်။
ဣသရေလလူမျိုးအတွက် ဥပုသ်နေ့အရေးကြီးပုံကို Iriving L. Jensen က ဤသို့ ရှင်းပြထားသည်။
ဘုရားသခင် အမှန်တကယ် အလိုတော်ရှိသည်မှာ နှုတ်ကပတ်တော်နာခံခြင်း ဖြစ်သည်။ ဣသရေလများ အထွဋ်အမြတ်ထားသည့် ပညတ်တရားတစ်ခုမှာ ဥပုသ်နေ့တွင် အလုပ်မလုပ်ဘဲ ငြိမ်ဝပ်စွာဝတ်ပြုကိုးကွယ်ခြင်း ဖြစ်သည်။ (၁၇: ၂၁-၂၂)။ ထိုပညတ်တရားသည် ဘုရားသခင်၏ လူများအပါအဝင် ရုပ်တုပစ္စည်း များအားလုံးသို့လည်း အကျိုးသက်ရောက်သည်ဟု ခံယူကြသည်။ ပညတ်တော်ဆယ်ပါးသည် လူဝတ်ကြောင်များအတွက်လား၊ ခွဲခြားမရအောင် စွဲလန်းနေကြသည်။ ဥပုသ်နေ့စောင့်ထိန်းခြင်းသည် ယုဒများအတွက် ထိုမျှပြင်းထန်သလား။ ယေရမိ၏ စကားသည် ယုဒများ၏ ဥပုသ်နေ့ သဘောထားကို ဖော်ဆောင်သည်။၂၂
ယုဒလူများအတွက် ဥပုသ်နေ့သည် အရေးကြီးသကဲ့သို့ ခရစ်ယာန်အတွက်လည်း ဘုရားသခင်၏ နေ့ရက်ရှိသည်။ ထိုနေ့ရက်သည် ကိုယ်စိတ်ဝိညာဉ် နှိုးထရွှင်လန်းရာနေ့ရက် ဖြစ်သည်။ လူသားများအဖြစ် ကယ်တင်ခြင်း ပြည့်စုံသောနေ့၊ ခရစ်တော်ဘုရား ဖြစ်သည်။ ထမြောက်ရာနေ့ရက် ဖြစ်သည်။ ကိုယ်တော်ဘုရား၏ အောင်မြင်ခြင်းအား ဝမ်းမြောက်ကြိုဆိုသောနေ့ရက်သစ် ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။