ယေရမိအနာဂတ္တိကျမ်း - ၁၆

ယေရမိအတွက်အမိန့်တော်များ
1တစ်ဖန် ငါ့ဆီသို့ရောက်သော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊ 2သင်သည် ဤအရပ်၌ စုံဖက်ခြင်းကို မပြုရ။ သားသမီးကို မဖွားမမြင်ရ။ 3ဤအရပ်၌ ဖွားမြင်သော သားသမီးများကိုလည်းကောင်း၊ သူတို့မိဘများကိုလည်းကောင်း၊ ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်ကား၊ 4ထိုသူတို့သည် ဆိုးသောသေခြင်းဖြင့် သေရကြလိမ့်မည်။ သူတို့ကိုမြည်တမ်း၍ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ဓားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဖို့ ဖြစ်ကြလိမ့်မည်။ 5ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ်သို့မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်းခြင်းငှာ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော်မူ၏။ 6ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုဟ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကို မပြုရ။ ကိုယ်ကိုကိုယ်ရှနခြင်း၊ ဆံပင်ရိတ်ခြင်းကိုလည်း မပြုရ။ 7သေသောသူတို့အတွက် စိတ်မသာ ညည်းတွားသောသူတို့ကို နှစ်သိမ့်စေခြင်းငှာ၊ မသာပွဲကို မလုပ်ရ။ မိဘသေသော်လည်း၊ နှစ်သိမ့်စေသော ခွက်ဖလားကိုမပေးရ။
8ထိုနည်းတူ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့်။ သူတို့နှင့်ပေါင်းဖော်၍ မစားမသောက်နှင့်။ 9ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။ 10သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအားကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှလောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ်ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသောအပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊ 11သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတစ်ပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြုကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့်သောကြောင့်လည်းကောင်း၊ 12ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသော စိတ်နှလုံး၊ ခိုင်မာသောသဘောသို့ လိုက်သောကြောင့်လည်းကောင်း၊ 13သင်တို့နှင့် သင်တို့၏ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကို မခံရ။ အခြားတစ်ပါးသောဘုရားတို့ကို နေ့ညမပြတ် ဝတ်ပြုရကြမည်။
ပြည်နှင်ဒဏ်မှပြန်လည်ရောက်ရှိခြင်း
14သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊ 15ဣသရေလ အမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဖူးသော ပြည်ရှိသမျှတို့မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသောကာလသည် နောက်တစ်ဖန်ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တစ်ဖန်ငါဆောင်ခဲ့ဦးမည်။
ရောက်ရှိလာမည့်အပြစ်ဒဏ်
16ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကို မျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီးတောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။ 17သူတို့သွားသမျှသောလမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ၏။ သူတို့သည် ငါ့မျက်ကွယ်၌ သွားကြသည်မဟုတ်။ သူတို့၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက်၍မထားနိုင်။ 18သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံသောမြေကို သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆသော အပြစ်ဒဏ်ကို ငါပေးမည်။
ယေရမိ၏ဆုတောင်း
19အကျွန်ုပ်အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူသော ထာဝရဘုရား၊ တစ်ပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသား၊ အနတ္တ၊ အချည်းနှီးသော အရာတို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။ 20လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဖို့ လုပ်ရမည်လော။ 21သို့ဖြစ်၍၊ ငါသည် ယခုအခါ သူတို့ကိုသတိပေး၍၊ ငါ့လက်နှင့် ငါ့တန်ခိုးကို ဖော်ပြသောအားဖြင့်၊ ငါ့နာမသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။

ယေရမိအနာဂတ္တိကျမ်း - ၁၆ (အနက်ဖွင့်)

(ယေရမိ၏ အားသွန်ခွန်စိုက် အမှုတော် (အခန်း၁၆:၁၈)

၁၆: ခေတ်ပျက်တော့မည် ဖြစ်သောကြောင့် ပရောဖက်ယေရမိအား အိမ်ထောင်မပြုရန် တားမြစ်ထားသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် ပရောဖက်ယေရမိ တစ်ပါးတည်းသာလျှင် အိမ်ထောင်မပြုရန် တားမြစ်ခြင်း ခံရသူဖြစ်သည်။ ဘုရားသခင်က ဘေးဥပါဒ် ကျရောက်စေခြင်း ဖြစ်သောကြောင့် နေရာအနှံ့အပြားတွင် အသေကောင်မသာများ ပေါများသည်။ သို့ကြောင့် မသာအတွက် လွမ်းဆွေးခြင်း၊ ဆွမ်းသွတ်ခြင်း မပြုနိုင်ကြ။ မပြုလုပ်ကြရန်လည်း တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် လွမ်းဆွေး၊ ဆွမ်းသွတ်ရန် အချိန်မလောက်။

အပိုဒ်ငယ်(၇)သည် ထိုခေတ်အခါက လူ့ယဉ်ကျေးမှုကို ပြသခြင်း ဖြစ်သည်။ တစုံတစ်ဦး ကွယ်လွယ်လျှင် ဆွေမျိုးမိသင်္ဂဟများနှင့် အိမ်နီးနားခြင်းများ ထိုအိမ်တွင် စုဝေး၍ သွားလေသူ၏ ကောင်းမှုများကို စားမြုံ့ပြန် ချီးမွမ်းကြသည်။ အသေဖြောင့်အောင် အကောင်းပြောကြသည်။ မုန့်တစ်ဖဲ့၊ ဝိုင်တစ်ခွက်သောက် ကြရသည့်ဓလေ့ ရှိကြသည်။ ကျန်ရစ်သူမိသားစုအား နှစ်သိမ့် အားပေးကြသည်။ ထိုယုဒတို့၏ ရှေးရိုးထုံးစံများကို ဘုရားသခင်က ဤအဖြစ်အပျက်ဖြင့် ပြုပြင်ပြောင်းလဲပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

မုန့်ဖဲ့ခြင်း ဓလေ့အကျင့်သည် သေလွန်သူအား အောက်မေ့သတိရဖို့ အထိန်းအမှတ်ဖြစ်သည်။ ထိုသို့ပြုလုပ်ရသည့် မူပိုင်ရှင် အစစ်မှာ သခင်ယေရှုခရစ်တော် ဖြစ်သည်။ “သေလွန်သူအား အောက်မေ့ သတိရသောအားဖြင့် ကျန်ရစ်သူမိသားစုအား နှစ်သိမ့်အားပေးရန် ဧည့်သည်များက မုန့်ဖဲ့ခြင်း၊ ဝိုင်လာပေးခြင်းမဟုတ်” ညစာသုံးဆောင်သည့်အခါ မုန့်ဖဲ့ခြင်း၊ ဝိုင်သောက်ခြင်း နှစ်ခုစလုံး လုပ်လေ့ရှိပါသည်။ ယုဒများ မိသားစု အစဉ်အလာ ဖြစ်သည်။ သို့သော် ဘုရားသခင် ပြုသောမုန့်ဖဲ့ခြင်း၊ ဝိုင်သောက်ခြင်းသည် ထိုမိရိုးဖလာ အစဉ်အလာနှင့် မတူပါ။ ထူးခြားလေးနက်သည်။ သမ္မာတရားများ တံဆိတ်ခတ်နှိပ်ခြင်း ဖြစ်သည်။ ပသခါပွဲနှင့် ဆက်စပ်သည်။ ပသခါပွဲတော် အချိန်အခါလည်း ဖြစ်သည်။ အခြားသာမန်အချိန်တွင် ပြုလုပ်သည့်ညစာနှင့် မတူပါ။ အဘယ်ကြောင့်ဆိုသော် ဣသရေလလူများ၏ ပြုလုပ်နေကြ ပွဲတော်အတိုင်း မဟုတ်။ ထူခြားလေး နက်စေသည်။ အဓိပ္ပာယ်ပြောင်းလဲသည်။ ခရစ်ယာန်တို့၏ ထူခြားလေးနက်၍ အသစ်သော ပွဲတော်မင်္ဂလာ ဖြစ်သွားသည်။၁၈

၁၆:၁၀၁၈ ပရိသတ်က အဘယ့်ကြောင့် ထိုမျှကြီးမားသောအပြစ်ဒဏ် ကျရောက်ခံစားရမည်နည်းဟု မေးလာလျှင် ဖြေကြားဖို့ ယေရမိအား အဖြေစကား ပေးထားသည်။ ဘိုးဘေးများသည် ဘုရားသခင်အား စွန့်ပစ်၍ ရုပ်တုဆင်းတု ကိုးကွယ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မနာခံ ငြင်းဆန်ကြသည် သို့သော် တစ်နေ့သောအခါ ဖမ်းဆီးကျွန်ပြုခြင်းမှ ဘုရားသခင်က တဖန်ပြန်ခေါ်ဆောင်လာမည်။ လက်တလောတွင်မူ တံငါသည်နှင့် တောပျော်မုဆိုး (ဗာဗုလုန်)တို့က ဖမ်းဆီးခေါ်ဆောင်သွားမည်။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်ရခြင်းသည် အပြစ်ဒုစရိုက် များပြားကြသောကြောင့် ဘုရားသခင်က အရေးယူအပြစ်ပေးခြင်း ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။