ဟောရှေအနာဂတ္တိကျမ်း - ၈

ဣသရေလတို့ပဋိညာဉ်ကိုဖျက်ခြင်း
1တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။ 2သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။ 3ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ 4သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလိုအလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှာ၊ ကိုယ်ရွှေငွေနှင့် ကိုယ်အဖို့ ရုပ်တုများကိုလုပ်ကြပြီ။ 5အို ရှမာရိ၊ သင်၏နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သောသူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမီနိုင်ဘဲ နေရကြလိမ့်မည်နည်း။ 6ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။
7လေမျိုးစေ့ကိုကြဲ၍ လေပွေစပါးကို ရိတ်ရကြလိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် စားကြလိမ့်မည်။ 8ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။ အဘယ်သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တစ်ပါးအမျိုးသားတို့တွင် ရှိရလိမ့်မည်။ 9အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဖို့ တစ်ကောင်တည်းနေသော မြည်းရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ငှားလေပြီ။ 10တစ်ပါးအမျိုးသားတို့အား ငှားသော်လည်း၊ ချက်ချင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မီ ရှင်ဘုရင်နှင့် မင်းများတင်သောဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့်မည်။ 11ဧဖရိမ်သည် များစွာသောယဇ်ပလ္လင်တို့ကို အပြစ်အဖို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏အပြစ်ဟူ၍ မှတ်ရလိမ့်မည်။ 12ငါ့တရား၏ထူးဆန်းသောအရာတို့ကို သူ့အဖို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသောအရာဟူ၍ သူသည် မှတ်လေပြီတကား။ 13ငါနှင့်ဆိုင်သော ပူဇော်သကာတို့ကို ယဇ်ပူဇော်သောသူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များကို ချက်ချင်းအောက်မေ့၍ စစ်ကြောတော်မူသောအားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့်မည်။ 14ဣသရေလသည် သူ့ကိုဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ်၏။ ယုဒသည်လည်း ခိုင်ခံ့သောမြို့တို့ကို များပြားစေတတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကိုမီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။

ဟောရှေအနာဂတ္တိကျမ်း - ၈ (အနက်ဖွင့်)

(ရုပ်တုကိုးကွယ်ခြင်းကြောင့် ကျူးကျော်တိုက်ခိုက်ခံရမည်ဟု သတိပေးခြင်း (အခန်း၈)

၈:၁-၃ အာရှုရိတို့သည် ရွှေလင်းယုန်သို့မဟုတ် လင်းတကဲ့သို့ ဣသရေလလူမျိုးတို့အား ထိုးနှက် တိုက်ခိုက်မည်။ ဣသရေလတို့သည် ဘုရားရှင်ပေးထားသော ပဋိညာဉ်တရားကို ဖောက်ဖျက်ကြသောကြောင်း ကြမ္မာငင်မည့်နေ့ရက်ကာလ နီးကပ်လာပြီ။ သို့သော်ဘုရားသခင်ကို သိရှိပါသည်ဟု နှုတ်ဖျားမှ ဆိုတတ်ကြသည်။

: ဣသရေလနိုင်ငံနှင့် ယုဒနိုင်ငံထူထောင်ခြင်း၌ ဘုရားသခင်၏ အစီအမံတော်မပါရှိပါ။ ရုပ်တုဆင်းတု ကိုးကွယ်ကြခြင်းက ဘုရားသခင်ကိုအမျက်ဒေါသ ထွက်စေပါသည်။ ထို့ကြောင့် ဘုရားရှင်က “အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းကို နာမလည်ဘဲ ဒုံးဝေးကြမည်နည်း”ဟု ကရုဏာဒေါသသော ဆိုထားပါသည်။

          :၁၀ လေပွေထဲတွင် အဖျင်းအမှော်များ လွင့်စင်သကဲ့သို့ ဧဖရိမ်လူမျိုးသည် တပါးအမျိုးသားများအကြားတွင် လွင့်စင်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဧဖရိမ်ကို ရန်မူသော အာရှိုရိအမျိုးသား တပါးအမျိုးသားများက မဟာမိတ်ပြု ကူညီထားသည်။ ထိုသူများကိုလည်းဘုရားရှင်က အရေးယူဦးမည်။ ဣသရေလအမျိုးသည် တိမ်မြှုပ်သွားလေပြီ။ (တိမ်ကောစပြုပြီ NKJV Marg)

          :၁၁၁၄ ဣသရေလတို့၏ ရုပ်တုဆင်းတုကိ အားကိုးကြသည်။ ယုဒတို့သည် မြို့ရိုးခံတပ်များကို တည်ဆောက်ကြသည်။ သို့သော် ထိုအမှုအရာအားလုံးကို ဘုရားသခင် ဖျက်ဆီးမည်။ ပြည်သူပြည်သားများ ဆင်းရဲစွာ ခံကြရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။