ဟောရှေအနာဂတ္တိကျမ်း - ၇

ဣသရေလတို့ပုန်ကန်ခြင်း
1ဣသရေလ၏အနာကို ပျောက်စေခြင်းငှာ ငါပြုသောအခါ၊ ဧဖရိမ်၏အပြစ်နှင့် ရှမာရိပြုသော အဓမ္မအမှုသည် ထင်ရှားပြန်၏။ သူတို့သည် သစ္စာပျက်ကြပြီ။ အထဲသို့ သူခိုးဝင်တတ်၏။ ပြင်၌လည်း ဓားပြအလုံးအရင်းတို့သည် တိုက်တတ်ကြ၏။ 2သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည်ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ။ ယခုပင် ထိုအမှုတို့သည် သူတို့ကို ဝိုင်းကြပြီ။ ငါ့မျက်မှောက်တွင် ရှိကြ၏။
နန်းတွင်းလုပ်ကြံမှု
3ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကိုလည်းကောင်း၊ မုသားစကားအားဖြင့် မင်းများကိုလည်းကောင်း ဝမ်းမြောက်စေကြ၏။ 4ထိုသူအပေါင်းတို့သည် မတရားသော မေထုန်ဖြင့် မှားယွင်းသောသူဖြစ်၍၊ မီးထည့်သော မုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖောင်းကြွမီတိုင်အောင်၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ၏။ 5ငါတို့ရှင်ဘုရင်၏ နှစ်စဉ်ပွဲနေ့၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး၍ ရှင်ဘုရင်သည် မထီမဲ့မြင်ပြုသော သူတို့ကို လက်ခံတတ်၏။ 6အကယ်စင်စစ် သူတို့သည် ချောင်း၍ကြည့်လျက် နေကြစဉ် မိမိတို့နှလုံးကို မီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သောမီးကဲ့သို့ လောင်လျက်ရှိ၏။ 7ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ၏။ မိမိတို့တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင်အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သောသူ တစ်ယောက်မျှမရှိ။
ဣသရေလနှင့်အခြားနိုင်ငံများ
8ဧဖရိမ်သည် တစ်ပါးအမျိုးသားတို့နှင့် ပေါင်းဖော်ရောနှောလျက်ရှိ၏။ တစ်မျက်နှာသာဖုတ်၍ မလှန်သောမုန့်ပြားဖြစ်၏။ 9သူမသိမမှတ်ဘဲ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ၏ခွန်အားကို စားကြပြီ။ ကိုယ်မသိမမှတ်ဘဲ ခေါင်းပေါ်မှာ ဖြူသောဆံပင် အနှံ့အပြားရှိပြီ။ 10ဣသရေလအမျိုး၏မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ်ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မလာကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။
11ဧဖရိမ်သည် ဉာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေးတတ်၏။ 12သွားလေရာရာတွင် ငါ့ပိုက်နှင့် သူတို့ကို ငါအုပ်မိမည်။ မိုးကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိမ့်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်း ငါဆုံးမမည်။ 13သူတို့သည် ငါ့ထံမှထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီးဖို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနုတ်သော်လည်း၊ ငါ့တစ်ဖက်၌ မုသားစကားကို ပြောကြ၏။ 14သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော်လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကိုရခြင်းငှာ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။ 15ငါသည် ဆုံးမသော်လည်းကောင်း၊ သူတို့ကို ခိုင်ခံ့စေသော်လည်းကောင်း၊ ငါ့တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ကြ၏။ 16အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ဓားဖြင့်သေ၍ အဲဂုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့်မည်။

ဟောရှေအနာဂတ္တိကျမ်း - ၇ (အနက်ဖွင့်)

(စျဣသရေလတို့၏ အတွင်းသရုပ်သကန်ဆိုးညစ်ပုံ(အခန်း၇)

          : ဧဖရိမ်တို့သည် လိမ်လည်ကောက်ကျစ်ခြင်း၊ လုယက်ဓါးပြတိုက်ခြင်း၊ မုသာစကားဆိုခြင်း၊ အကျင့်ဆိုးယုတ်ခြင်း၊ သူတပါးအိမ်ရာ ပြစ်မှားဖောက်ပြန်ခြင်း ၊ မူးယစ်သောက်သုံးခြင်းအပြစ်များကြောင့် မရှုမလှ ပြိုလဲပျက်စီးမည်။ တော်ဝင်နန်းနွယ်များသည်လည်း အများသူငါနှင့်မခြား လောဘရမက် တောက်လောင်သူများ ဖြစ်သည်။

          :၁၀ ဧဖရိမ်တို့သည် နိုင်ငံရပ်ခြားသူများနှင့် သွေးနှော အိမ်ထောင်ပြုကြသည်။ ရရှိသောဘုရားပေးအခွင့်အရေးထူးကို ညစ်ထေစေကြသည်။ အပြစ်တင်ခံရမည်ကိုမရှက်ကြောက်ကြ။ ပုံပမာနှိုင်းရလျှင် ဧဖရိမ်တို့သည် တစ်မျက်နှာသာ ကျက်သောမုန့်ပြားကဲ့သို့ ဖြစ်သည်။ တစ်မျက်နှာသည် သင့်ပျံ့မွှေးကြိုင်လျက် စားချင့်စဖွယ်ဖြစ်သော်လည်း အခြားတစ်မျက်နှာသည် အစိမ်းပကတိဖြစ်နေသည်။ စင်စစ်ဧဖရိမ် အမျိုးသည် သုံး၍ မရတော့။ ပြုတ်မနူးအသီး ဖြစ်သည်။ လုံးဝပျက်စီးပြီ။

          :၁၁­-၁၂ ဧဖရိမ်သည် ဉာဏ်မရှိမိုက်မဲသောချိုးငှက်နှင့် တူသည်။ အဲဂုတ္တုပြည်နှင့် အာရှုရိပြည်သို့ စစ်ကူတောင်းသော်လည်း မရကြ။ ဘုရားသခင်က လှောင်ချိုင့်ထဲ ထည့်၍ အပြစ်ပေးဦးမည်။

          :၁၃၁၄ ဘုရားသခင်ထံတော်မှ အဝေးသို့ပြေးကြသည်။ နောင်တသံဝေဂရခြင်း အလျဉ်းမရှိ၊ အိပ်ရာထဲမှမြည်တမ်းကြသော်လည်း စိတ်နှလုံးပါ၍မဟုတ်။ နောင်တသံဝေဂရ၍ စိတ်နှလုံးနာကျင်စွာဖြင့် အော်မြည်တမ်းတခြင်းမဟုတ်။ ကျေးငှက်တိရစ္ဆာန်များ ဒဏ်ရာရရှိသည့်အခါနာကျင်၍ ဘာသာဘာဝအတိုင်း အော်မြည်ခြင်းမျိုး ဖြစ်သည်။

          :၁၅၁၆ ဘုရားသခင်က အောင်မြင်ခြင်းနည်းလမ်း နိသျှည်းများဖြင့် သွန်သင်ဆုံးမခဲ့သည်။ လောကအောင်မြင်နည်းနှင့် ခွန်အားဗလပေးခဲ့သည်။ သို့သော်လည်း နားမလည်။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း၌ မိုက်မဲနေကြဆဲ။ ထို့ကြောင့် အဲဂုတ္တုပြည်တွင် ခံစားရသကဲ့သို့ ကဲ့ရဲ့မှု ခံယူဦးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။