ဟောရှေအနာဂတ္တိကျမ်း - ၆

နောင်တရရန်ခေါ်ခြင်း
1လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းတော်မူမည်။ 2နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။ 3ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကိုသိခြင်းငှာ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ရွာသော နောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
4အို ဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အို ယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသောစိတ်သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း ဖြစ်၏။ 5ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကားအားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်းသော အလင်းကဲ့သို့ ဖြစ်ကြပြီ။ 6ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကိုလည်းကောင်း ငါနှစ်သက်၏။ 7သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူးကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။ 8ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ်၍၊ လူအသွေးနှင့် စွန်းသော ခြေရာများ၏။ 9ဓားပြအလုံးအရင်းသည် ခရီးသွားသောသူကို ချောင်း၍ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်းအသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက်ကို သတ်တတ်ကြ၏။ 10အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဖွယ်သောအမှုကို ဣသရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်းတတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။ 11ထိုမှတစ်ပါး၊ အို ယုဒအမျိုး၊ သိမ်းသွားသော ငါ၏လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ စပါးရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ၏။

ဟောရှေအနာဂတ္တိကျမ်း - ၆ (အနက်ဖွင့်)

(ဣသရေလလူမျိုးတို့နောင်တရကြရန် ဖျောင်းဖျခြင်း (:)

အပိုဒ်ငယ် ၁-၃ တွင် ဘုရားသခင်ကနောင်တရကြဖို့ ဆင့်ခေါ်သံအပေါ်ဣသရေလတို့၏ တုန့်ပြန်မှု ဖြစ်သည်(၅:၁၅)။ ဣသရေလူတို့သည် ဘုရားရှင်၏ အချစ်တော်ဖြစ်သည်။ အနီးကပ် ကြည့်ကြပ်ခံရသည့်သူများ ဖြစ်သည်။ သို့သော်အပြစ်ဝန်ခံခြင်းကိုအလျဉ်းမတွေ့ရ။ နောင်တရခြင်းကို အလေးအနက်ထားရကြသေး။ သာမန်ကာလျှံသဘောထားနေကြသည်။ ထို့ကြောင့် ဣသရေလတို့အား နောင်တရစေလိုသည့်အကြောင်း အသားပေးရေးသားထားသည်။ အခန်းဆုံးသည့်တိုင်အောင် စစ်မှန်သော နောင်တမရကြသေး။ တိုင်းသူပြည်သားများသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်း၏ အချည်းနှီးဖြစ်ပုံနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ်သိရှိရန် လိုအပ်သည်။

အပိုဒ်ငယ်(၂)မှာ ခရစ်တော်ဘုရားနှစ်ရက်လွန်ပြီး သုံးရက်မြောက်နေ့၌ ရှင်ပြန်ထမြောက်မည့်အကြောင်း အတိတ်နိမိတ်ပေးခြင်း ဖြစ်နိုင်သည်။ ဣသရေလလူမျိုးတို့ ပြန်လည်စုစည်းမိခြင်းသည် ခရစ်တော်ရှင်ပြန်ထမြောက်မည့်အရိပ် နိမိတ်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် သုံးရက်မြောက်ဆိုသည်မှာ နောက်ဆုံးဘေးဒဏ်ကြီးကာလကို ရည်ညွှန်းပေးခြင်းလည်း ဖြစ်နိုင်သည်။ ဣသရေလလူမျိုးအား နောင်တရကြရန် ပထမရက်အပြင် ၁ ရက်ထပ်မံတိုးပေးထားသည်။ သို့ဖြင့်ဣသရေလလူမျိုးတို့သည် တတိယနေ့တွင် ပြန်လည်မွေးဖွေးလာကာ မေရှိယသခင်လည်း ထိုနေ့တွင် ပေါ်ထွန်းလာမည်။

(ဣသရေလနှင့် ယုဒလူမျိုးတို့၏ မိုက်တွင်းနက်ခြင်း(:၁၁)

၆:၄-၆ ဣသရေလနှင့်ယုဒလူမျိုးတို့ နှစ်ပါးစလုံးသည် ဘုရားသခင်အားယုံကြည်ခြင်းမရှိ၊ သစ္စာမဲ့ကြသောကြောင့် ဘုရားသခင်က ပြစ်တင်ရှုတ်ချကြောင်း ပရောဖက်များအားပြောခိုင်းပြီးဖြစ်သည်။ ယဇ်ပူဇော်ခြင်းထက် ချစ်ခြင်းမေတ္တာကို ပိုမိုလိုလားသည်။ နံ့သာမွှေးမီးရှို့ပူဇော်ခြင်းထက် ဘုရားသိကျွမ်းခြင်းပူဇော်သက္ကာကို ပိုမိုနှစ်ခြိုက်သည်။

၆:၇-၁၁ “သို့သော်လည်း အာဒံ(RV) ကဲ့သို့ ပဋိညာဉ်ကို လွန်ကျူးကြပြီ”။ ဣသရေလတို့၏ အပြစ်ဒုစရိုက်ဆိုးသွမ်းပုံကို အပိုဒ်ငယ် ၇-၁၀တွင် ဒုစရိုက်မြို့တော်သားများ၊ ဓါးပြ၊ ယဇ်ပုရောဟိတ် လူသတ်သမားအုပ်စုအဖြစ် ခိုင်းနှိုင်းထားသည်။ ယုဒလူမျိုးကို ကောက်လှိုင်းအဖြစ် သတ်မှတ်ထားပြီ (ငယ်၁၁)။ အချို့က ကောက်လှိုင်းကို တရားစီရင်ခြင်း၊ အပြစ်မခံဟူရသော ကောင်းကြီးမင်္ဂလာအဖြစ် လက်ခံကြသည်။ ဘုရားသခင်သည် လူမျိုးတော်ကောင်းစား မည့်အချိန်ခါကို ကြိုတ်စီစဉ်ထားပြီး ဖြစ်ပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။