ဟောရှေအနာဂတ္တိကျမ်း - ၃

ဟောရှေနှင့်သစ္စာမဲ့သောမိန်းမ
1တစ်ဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့သည် အခြားတစ်ပါးသော ဘုရားတို့ကို ဖူးမျှော်၍၊ စပျစ်သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရားချစ်တော်မူသည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကိုခံလျက် မျောက်မထားသော မိန်းမကို သွား၍ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ 2ထိုမိန်းမကို ငွေတစ်ဆယ်ငါးကျပ်၊ မုယောဆန်တစ်ဟောမဲခွဲနှင့် ငါရွေးပြီးမှ၊ 3သင်သည် ငါ့အဖို့ နေ့ရက်များစွာစောင့်၍ နေရမည်။ ပြည့်တန်ဆာ မလုပ်ရ။ အခြားသောယောက်ျားနှင့် မပေါင်းဖော်ရ။ သို့ပြုလျှင်၊ သင့်အဖို့ ငါစောင့်၍နေမည်ဟု ပြောထား၏။ 4အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။ 5ထိုနောက်မှ ဣသရေလအမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သူတို့ရှင်ဘုရင် ဒါဝိဒ်ကိုလည်းကောင်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှာ၊ ထာဝရဘုရားထံတော်သို့ တုန်လှုပ်လျက်ပြေးကြလိမ့်မည်။

ဟောရှေအနာဂတ္တိကျမ်း - ၃ (အနက်ဖွင့်)

၅။ ဟောရှေမိန်းမပြန်ရွေးခြင်းသည် ဣသရေလတို့ ယေဟောဝါဘုရားထံ ပြန်လည်ရောက်ရှိလာမည့်အကြောင်း အတိတ်နိမိတ် (အခန်း၃)

          : ထို့နောက်ဘုရားသခင်သည် ဟောရှေအား ပွဲစျေးသို့သွား၍ ဖောက်ပြန်သော သူ့မိန်းမအားပြန်လည် ရွေးယူစေသည်။ ရွေးနှုတ်ခမှာ တစ်ဆယ့်ငါးကျပ် နှင့် ဆန်တစ်တင်းခွဲဖြစ်သည်။ ထိုအဖိုးစားနားကား ကျွန်မိန်းမ၏တန်ဖိုးပမာဏ ဖြစ်သည်။ ထိုနောက်ပိုင်းတွင်မူ အကြင်လင်မယားဖြစ်သည့် အားလျော်စွာ အိမ်ထောင်မှုရေးရာကို မိန်းမဝတ္တရားမပျက် စောင့်ထိန်းစေသည်။ ဤအဖြစ်သနစ်သည်ကား ဣသရေလလူမျိုးတို့၏ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်သမိုင်းကို ပုံဆောင်ပြနေသည်။ ယေဟောဝါ ဘုရားရှင် (NKJV Lord) သစ္စာပျက်ယွင်းလျက် သူတပါးရင်ခွင် လင်ငယ် (ရုပ်တုဆင်းတု)ထံသို့ ခြံခုန်ကူးသော်လည်း ဘုရားရှင်သည် မေတ္တာမပျက်နိုင်သောကြောင့် ပြန်ခေါ်သည်။

          : အပိုဒ် ၄ ၏ ဆိုလိုချက်မှာ ထိုခေတ်ကာလတွင် ဣသရေလတို့၌ အုပ်စိုးသူမရှိ။ မင်းရိုးနန်းဆက်မရှိ။ ယဖ်ပူဇော်ခြင်းမရှိကြ။ (ယဇ်ပူဇော်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းနှင့်သက်ဆိုင်သည်)။တေရပ်ရုပ်တုမရှိ။ ဗိမာန်တော်မရှိ။ သင်တိုင်း-(ယဇ်ပူဇော်ရာတွင်ယဇ်ပုရောဟိတ်ဆင်မြန်းရသော ဝတ်ရုံ)မရှိ။ ယဇ်ပလ္လင် မရှိကြ။

          ဣဿရေလတို့၏ အနာဂတ်ကံကြမ္မာကို အပိုဒ်ငယ်(၅)တွင် ဖော်ပြထားသည်။ ဘုရားသခင်ထံသို့ ချစ်ကြောက်ရိုသေစွာ ပြန်လည်ရောက်ရှိ၍ သစ္စာရှိွာကိုးကွယ်ကြရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။